သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကားပြောလာသော စကားတခွန်း


India Prime Minister Narendra Modi meet with Myanmar born indian
India Prime Minister Narendra Modi meet with Myanmar born indian
စကားပြောလာသော စကားတခွန်း
please wait

No media source currently available

0:00 0:11:36 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ “ကုလား” ဆိုတဲ့ အခေါ်အဝေါ်ဟာ ခွဲခြားနှိမ့်ချတဲ့ သဘောဖြစ်လို့ ပြောင်းလဲခေါ်ဝေါ်ဖို့ အခေါ်ခံရသူတချို့က ပြောလာကြပါတယ်။ ဒီစကားလုံးဟာ ဘယ်အချိန်က ဘယ်လိုအဓိပ္ပါယ်နဲ့ စတင်ပေါ်ပေါက်ခဲ့တာလဲ။ ဘာကြောင့် မနှစ်မြို့စရာ ဖြစ်လာရသလဲ ဆိုတာတွေကို အမေရိကန်ပြည်ထောင်စု Northern Illinois (အီလီနွိုက်) တက္ကသိုလ်၊ အရှေ့တောင်အာရှဌာန ပါမောက္ခ (အငြိမ်းစား) မြန်မာစာပေပညာရှင် ဦးစောထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီ ‘ကုလား’ ဆိုတဲ့ အခေါ်အဝေါ်ဟာ မူလက ခွဲခြားနှိမ့်ချဆက်ဆံတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်ခဲ့ဘူးလို့ ဆရာဦိးစောထွန်းက အခုလိုစပြောပါတယ်။

ဖြေ ။ ။ နံပတ်တစ်ကတော့ ခွဲခြားဆက်ဆံတဲ့သဘောတော့ မသက်ရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုဂံခေတ်အလှုရှင်တွေစာရင်းထဲမှာ ကျွန်အလှုရှင်၊ ဒါမှမဟုတ် အနုပညာသည်အလှုရှင်တို့ထဲမှာ ကုလားပန်တျာသည်လည်း ပါတယ်။ မြန်မာပန်တျာသည်လည်း ပါတယ်။ ဒီတော့ ဒါတွေက ခွဲခြားဆက်ဆံတာ မဟုတ်တဲ့အပြင်၊ သူတို့ကျေကျေနပ်နပ် လက်ခံထားတဲ့ အသုံးအနှုန်းပါပဲ။ အဓိပ္ပါယ်ပါပဲ။ ဘာမှ ပုဂံခေတ်က သုံးခဲ့တုန်းက ရိုင်းစိုင်းတဲ့အဓိပ္ပါယ်မဆောင်ပါဘူး။ ရိုင်းရိုင်းစိုင်းစိုင်း မရှိပါဘူး။

မေး ။ ။ မူရင်းအဓိပ္ပါယ်ကရော ကုလဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ ။ ။ မူရင်းအဓိပ္ပါယ်မှာ နှစ်မျိုး ရှိပါတယ်။ တမျိုးက တနေရာကနေ ကူးလာလို့ ‘ကူးလာ’ ကနေ ‘ကုလား’ လို့ အဲဒီလိုလည်း ပြောတာ ရှိပါတယ်။ အပြောများတာက ကုလ ဆိုတာက လာတာဖြစ်ဖို့ များပါတယ်။ အဆွေအမျိုးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တရုတ်က သူတို့ကိုယ်သူတို့ ‘ပေါက်ဖော်’ လို့ ဆိုသလို ကုလားကိုလည်း ကိုယ်က ‘ကုလ’ လို့ အမျိုးလို့ ဆိုချင်ပုံပေါက်ပါတယ်။ ဒီမှာ တခုပေါ့ - ကုလားဆိုတဲ့ စကားလုံးဟာ မရိုင်းတဲ့သက်သေတခုကတော့ ကျနော်တို့ ဗမာတွေကို ခမာတွေက ဘယ်လိုခေါ်သလဲ။ ဦးကျော်ဇံသာ သတိထားမိမှာပါ။

မေး ။ ။ ကျနော် မသိပါဘူး ဆရာ။

ဖြေ ။ ။ ဗမာတွေကို ကုလားလို့ ခေါ်ပါတယ်။ သူတို့ခေါ်တာကတော့ ‘ကုလ’ လို့ ခေါ်ပါတယ်။ ဒီတော့ ခမာတွေက ဗမာကို ခေါ်သလို၊ ဗမာတွေက ကုလားကိုခေါ်တာ အတူတူပဲလို့ ကျနော်တော့ မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဗမာတွေကလဲ တချို့လူနာမည်မှာတောင် ကုလားဆိုတဲ့ နာမည်ထားခဲ့တာပဲ။ ဦးကုလားတို့ ရာဇဝင်ဆရာတို့ဆိုရင်။ ချိုးနှိမ်တယ်ဆိုရင် ဒီနာမည်ကို ဘယ်ခံယူမလဲ ဆရာ။

ဖြေ ။ ။ ဒါပေါ့ခင်များ။

မေး ။ ။ ဒီလို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်လာတာ ဘယ်အချိန်လောက်ကလို ခန့်မှန်းမိပါသလဲ။

ဖြေ ။ ။ ကျနော် ရုတ်တရက် သတိထားမိတာကတော့ ညောင်ရမ်းခေတ်၊ (၁၆) ရာစုလောက်။ အိုင်ချင်းတွေထဲမှာ စကားတလုံး ရှိပါတယ်။ အဲဒါက ‘မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား’ ဆိုတဲ့ စကားတလုံး ရှိပါတယ်။ မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား ဆိုတော့ အဲဒီစကားကနေ ဆက်စပ်ပြီးတော့ ကုလားဆိုတာ အနိမ့်စား၊ အခိုင်းအစေးလို့ အဲဒီသဘော ရလာတာမျိုးရယ်၊ အဲဒီအချိန်လောက်မှာ နည်းနည်းသတိထားမိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အကျင့်တခုလည်း ရှိတယ်။ ဗမာလူမျိုးရဲ့ အကျင့်သက်သက်တော့ မဟုတ်ပါဘူး။ တခြားလူမျိုးတွေလည်း ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ သူများကို နိမ်နိမ်ပြုပြု၊ မှိုချိုးမျှစ်ချိုး ပြောချင်တဲ့ အကျင့်မျိုးလေးတွေကလဲ အရင့်အရင်က ရှိနေခဲ့တယ်။ ရှိနေတော့ အထူးသဖြင့် အခုနပြောတဲ့ ကုလား ဆိုပါတော့။ နောက်ပိုင်းကြတော့ ကျနော်တို့ (၁၈) ရာစုနှစ်လောက်မှာ အီတလီတို့ ဘာတို့ဘက်က အဖြူသာသနာပြုတွေ ရောက်လာတာ ရှိတယ်။ အီတလီ၊ အာမေနီယန်တို့ ဒီကိုလာတဲ့အခါကြတော့ သူတို့က ဟိုဘက် အညာဘက်မှာရောက်ပြီးတော့ အခြေချနေကြတယ်။ နေကြတော့ သူတို့ကိုလည်း ကုလားလို့ ခေါ်တယ်။ ကုလားလို့ခေါ်ပြီးတော့ ကုလားကို ရိုးရိုးမခေါ်ဘဲ၊ နောက်တီးနောက်တောက်တွေ လုပ်ကြတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ အရင်တုန်းက ကျနော်တို့ ကြားဖူးမှာပေါ့။ ‘ဗမာ ဗမာ လူလိမ္မာ၊ ကုလား ကုလား ဘာညာ’ ဆိုတာမျိုး။ အဲဒီလိုပဲ သူတို့က ဘယ်လိုလုပ်တတ်သလဲဆိုတော့ ‘တဘူးမစား ကုလားသား၊ မျက်နှာမသစ် ကုလားညစ်’ အဲဒါမျိုးတွေ သူတို့ပြောကြတာရှိတယ်။ အဖြူတွေ သာသနာပြု ပုဂ္ဂိုလ်တွေကို။ အဲဒီလို သူတို့တွေက စလားနောက်လား လုပ်ကြတယ်တွေ ရှိတယ်။ အဲဒါက အကျင့်။ အဲဒီလိုအကျင့်တွေက စပြီးတော့ ဒီစကားလုံးက ရိုင်းသလိုလို ထင်သွားကြတာပေါ့။ အဲဒီလို ပြဿနာမျိုးပါပဲ။

မေး ။ ။ အဲဒီအချိန်က ဒီကိစ္စကို ခံပြင်းကန့်ကွက်တာ၊ သို့တည်းမဟုတ် ကုလား-ဗမာ အဓိကရုဏ်းဆိုတဲ့ လူမျိုးရေး၊ လူ့အသိုင်းအဝိုင်းအတွင်းမှာ ပဋိပက္ခ ဖြစ်တာတွေကော အထောက်အထား တွေ့ဖူးပါသလား။ ကျနော် သိသလောက်ကတော့ အင်္ဂလိပ်ခေတ်ရောက်မှ စီးပွားရေးသမားအားဖြင့် အိန္ဒိယသားတွေကက ပိုပြီးတွယ်ကျယ်လာတော့ မြန်မာတိုင်းရင်းသားတွေက နာကျည်းခံပြင်းလာတာဆိုပြီးတော့ ကျနော် စဉ်းစားမိပါတယ်။ အဲဒီထက် ရှေ့ကျတဲ့ အဓိကရုဏ်းအထောက်အထားတွေများ ရှိပါသလား။

ဖြေ ။ ။ သက်ဦးစံပိုင်ခေတ်ကတော့ အဓိကရုဏ်းက မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ လူဦးရေအနေနဲ့လဲ အင်္ဂလိပ်ခေတ်မှာလောက် မများဘူး။ အင်္ဂလိပ်ခေတ်မှာတော့ များလည်းများသွားပြီး တဘက်ကလဲ စီးပွားရေး၊ ဘာညာဆိုပြီး အဲဒီလို မလိုလားစရာတွေနဲ့ ဖြစ်လာတဲ့အခါကြတော့ ပိုပြီးဆိုးသွားတဲ့သဘောဆောင်တဲ့ သဘော ဖြစ်တော့မယ် ထင်ပါတယ်။

မေး ။ ။ အဲဒီသက်ဦးစံပိုင်ခေတ်တုန်းကတော့ ဘုရင်တွေရဲ့ နန်းတွင်းထဲမှာ ဘုရင်တွေရဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွင်းမှာ မြို့စားနယ်စားတွေအဖြစ် အိန္ဒိယဘက်ကလာတဲ့ မူရင်းအားဖြင့် အဲဒီဘက်ကလာတဲ့လူတွေကို ရာထူးတွေ ပေးခဲ့တာရှိမယ် ထင်ပါတယ်။

ဖြေ ။ ။ ရှိပါတယ်။ ဥပမာ ကုလားမြို့စားတို့ ဘာတို့ အဲဒီလိုသုံးခဲ့တာတွေ ရှိပါတယ်။ သူတို့အနေနဲ့ ရိုင်းတယ်လို့လဲ သဘောမထားဘူး။ ကျေကျေနပ်နပ် လက်ခံကြတယ်။ ကုလားဝန်တို့ ဘာတို့ဆိုတာ ရှိပါတယ်။

မေး ။ ။ အခုကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခံပြင်းပြီးတော့ တချို့က ဒီအသုံးအနှုန်းကို ပြင်သင်တယ်လို့ ပြောလာကြတယ်ဆိုတော့ သူတို့က အိန္ဒိယနွယ်ဖွားလို့ ခေါ်စေချင်တယ် ဆိုလားလို့ ဆရာ။ ကျနော် စဉ်းစားမိတာက ဒီကုလားဆိုတာ သူတို့ကိုခေါ်တဲ့အပြင် ဒီကုလားနဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေ မြန်မာစကားမှာ အများကြီးပါ။ ကုလားထိုင်၊ ကုလားပဲ စသည်ဖြင့်ပေါ့။ အဲဒါတွေကို ဘယ်လိုလုပ်သင့်ပါလဲ။ တကယ်လို့ ပြောင်းမယ်ဆိုရင် အဲဒါတွေကိုပါ လိုက်ပြောင်းရမှာပေါ့။

ဖြေ ။ ။ ကျနော်ကတော့ ဒါတွေကတော့ ပြောင်းစရာ မလိုဘူးလို့ထင်တယ်။ ဟိုတခါတုန်းက ကျနော်တို့ မူလတန်းသမိုင်းဖတ်စာထဲမှာ တခုပါသွားပါတယ်။ အဲဒါကတော့ ပဲခူးသမိုင်းနဲ့ ပတ်သက်ပါတယ်။ ပဲခူးသမိုင်းမှာ ရှေးဦးအစဉ်အလာကိုယ်က ပြောနေတာက ကုလားတွေနဲ့ ဉာဏ်ရည်ပြိုင်ရတာ။ အဲဒီတော့ ခုနှစ်တောင်ရှိတဲ့ ကုလားကြီးနဲ့ ပဲခူးကမွန်နဲ့ ပညာပြိုင်တာ ပါတဲ့အခါကြတော့ အဲဒီမှာ ကုလားဆိုတာ အရင့်အရင်ကရှိတယ်။ အဲဒါကို ဖတ်စာထဲမှာ နိုင်ငံခြားသားလို့ ပြင်လိုက်တဲ့အခါကြတော့ အဓိပ္ပါယ်တွေက တော်တော်ကိုဆိုးဝါးသွားတယ်။ ဘယ်လိုမှ သမိုင်းနဲ့ မဆက်စပ်တော့ဘူး။ နောက်တော့ အိန္ဒိယနွယ်ဖွား၊ အိန္ဒိယသားတို့ အဲဒီလိုပြောတယ်နဲ့ တူပါတယ်။ ဒါလဲပဲ မူလအရသာတော့ မရှိတော့ဘူးပေါ့။ အဲဒါမျိုးတွေ ကြုံရပါတယ်။ ကျနော်ကတော့ အကုန်လုံး ပြန်ပြင်တာမျိုးတော့ သိပ်ဖြစ်နိုင်မယ် မထင်ပါဘူး။

မေး ။ ။ တကယ်တော့ မြန်မာ့ယဉ်ကျေးမှုလဲပဲ အိန္ဒိယကလာတဲ့ ယဉ်ကျေးမှု အများစုပေါ့။ ဘာသာသာသနာရေးကအစဆိုတော့ အဲဒီလောက် အခြေခံပြီးလာခဲ့ပြီးတော့ မြန်မာလူမျိုးတွေဟာ အဲဒီယဉ်ကျေးမှုကိုတော့ ဆက်လက်ကျင့်သုံးလာပြီးတော့ ဒီလိုအခုအခါမှာ ခေတ်သစ်မှာ မလိုမုန်းတီးတဲ့စိတ်တွေ တချို့ဆီမှာ ပေါ်လာကြတယ်။ အဲဒီကိစ္စကိုကော ဆရာအနေနဲ့ ဘယ်လိုသုံးသပ်လိုပါလဲ။ ဘာဖြစ်လို့ ဒီလိုပြောင်းလဲသွားရသလဲ။

ဖြေ ။ ။ ဘာဖြစ်လို့ ပြောင်းလဲသွားသလဲဆိုတော့ အတူတူမနေတတ်တာပဲ၊ စုပေါင်းပြီးတော့ နေတာထိုင်တာ၊ တယောက်နဲ့တယောက် ခွင့်လွတ်သည်းခံနေတာထိုင်တာ သဘောထားမကြီးလို့ ဖြစ်မှာပါ။ ဒီမှာတခု ကျနော်သွားစဉ်းစားကြည့်မိတာက လူတွေရဲ့ စိတ်ဓါတ်ယဉ်ကျေးမှုနဲ့များ အများကြီးဆိုင်လိမ့်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စောစောကပဲ တရုတ်မိတ်ဆွေတယောက်နဲ့ ဆွေးနွေးဖြစ်ပါတယ်။ ကျနော် ကြားထားတာက တရုတ်တွေက ဗမာတွေကို ဘယ်လိုခေါ်သလဲဆိုတော့ ဟိုးအရင်တုန်းက - ကျနော်ကြားဖူးတာကတော့ ‘အော်တဝ’ ပဲ ကြားဖူးတယ်။ ‘အော်တဝ’ ဆိုတာက ခွေးမည်း လို့ပြောတာ။ ဗမာကို ခွေးမည်းဆိုပြီး ခေါ်တာ။ သူတို့ကို မေးကြည့်တော့ သူတို့ကြားဖူးတာက ‘အော်တာကွီ’ တဲ့၊ ‘ကွီ’ က သရဲ။ အဲဒီတော့ သရဲမည်း ဖြစ်နေတယ်။ အဲဒီလိုခေါ်တာပဲ သိပ်တော့ ပိုပြီးတော့ မယဉ်ကျေးပါဘူး။ အဲဒါပြောရမှာကိုပဲ ကျနော့်မိတ်ဆွေက ကျနော်ကို အားနာနေတယ်၊ ကြောက်နေတယ်။ စိတ်ဆိုးမှာကို စိုးရိမ်လို့။ သူတို့ဝန်ခံပါတယ်။ သူတို့ကလည်း ဒီမှာနေတဲ့ တရုတ်တွေဆိုတော့ ကျမတို့တရုတ်တွေက တော်တော့ကို ရိုင်းခဲ့တာပါဆိုပြီး ပြောပါတယ်။ အခုတော့ အဲဒီစကားတွေ မသုံးတော့ပါဘူးလို့ အဲဒီလို ပြောပါတယ်။ အဲဒီတော့ ဒါတွေက ရိုင်းနေတဲ့ကာလ၊ စိတ်က မဆင်ချဉ်တဲ့ကာလက လူသားတွေရဲ့ အမူအကျင့်ပါပဲ။ တရုတ်က ဗမာကို အဲဒီလိုခေါ်တာမှ မဟုတ်ပါဘူး။ ကျနော်တို့ ဗမာတွေက တိုင်းရင်းသားတွေအပေါ်မှာ တော်တော့ကို ရက်ရက်စက်စက် ပြောတာဆိုတာတွေ ရှိပါတယ်။ ကုလားမနိုင် ရခိုင်မဲ၊ တကယ်တော့ ရခိုင်မေးလို့ ဟိုဘက်က ပြောင်းပြစ်လိုက်တော့ တော်သေးပါတယ်။ အဲဒါတွေ အများကြီးပါ။

မေး ။ ။ လိုရာဆွဲပြီး တွေးတာနဲ့ တူပါတယ်။

ဖြေ ။ ။ နောက်တော့ ချင်းလက် ပတ္တမြားရောက်တော့ ဘာတို့ဆိုတာ တော်တော့ကိုဆိုးတဲ့ကိစ္စတွေပါ။ အဲဒါတွေက တကယ့်ကို ရိုင်းစိုင်းတဲ့ခေတ်က ရိုင်းစိုင်းတဲ့ အပြုအမှုတွေပါ။ ဒါကို ရိုင်းတုန်းက သုံးတာပါလားဆိုတာကို ကျနော်တို့က သတိထားမိဖို့လိုတယ်။ ငါတို့ အခုယဉ်ကျေးတဲ့ခေတ်ရောက်ပြီဆိုရင် ဒါတွေသုံးတာကို ရှက်စရာလို့ သဘောထားဖို့ အဲဒါအရေးကြီးတယ် ထင်ပါတယ်။ အခုန ကျနော်နဲ့ ဆွေးနွေးတဲ့ တရုတ်မိတ်ဆွေဆိုရင် အဲဒါတွေကို ပြန်ပြောရမှာတောင် ရှက်စရာလို့ မြင်နေပါတယ်။ အဲဒီလို ရှက်တတ်ဖို့ လိုပါတယ်။ အဲဒီတော့ ကုလားခေါ်တာကို မကြိုက်ရင် အဲဒါကိုတော့ ကျနော်တို့က ပြင်ရမှာပေါ့။ တလိုင်းကိုတောင်မှ ကျနော်တို့ တလိုင်းလို့ မခေါ်တော့ဘူးလေ။ မွန်လို့ ခေါ်လာကြတယ်ဆိုတော့ အဲဒီတော့ သူတို့ကြိုက်တဲ့ဟာကိုခေါ်ဖို့ပဲ ရှိပါတယ်။


==Unicode==


မေး ။ ။ ဒီ ‘ကုလား’ ဆိုတဲ့ အခေါျအဝေါျဟာ မူလက ခှဲခွားနှိမ့ျခဆြကျဆံတဲ့ အဓိပ်ပါယျမြိုး မသကျရောကျခဲ့ဘူးလို့ ဆရာဦိးစောထှနျးက အခုလိုစပွောပါတယျ။




















XS
SM
MD
LG