ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တရုတ်တို့ဘက်က ပြန်လည်စတင်ဖို့ နှပ်ကြောင်းပေးနေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းက ကနဦး အကျိုးဖြစ်ထွန်းခဲ့သူတွေဟာ ပြည်သူလူထုမဟုတ်ဘူး၊ ဒေသခံပြည်သူတွေဆီကိုလည်း ထိုက်သင့်တဲ့ လျော်ကြေးတွေ မရောက်ရှိခဲ့ဘူးလို့ အကြောင်းသိသူတွေက ဆိုပါတယ်။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်လေဟန် နိုင်ငံတကာ လော်ဘီတွေ (Lobby) နဲ့ တရုတ်တို့ ဝါဒဖြန့်လာတဲ့အခါ နားမယောင်မိကြဖို့ကိုလည်း ကျွမ်းကျင်သူတွေက ဆော်သြထားပါတယ်။ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာဝင်းမျိုးသူတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ NLD အစိုးရလက်ထက်မှာ အဓိက စိန်ခေါ်နေတဲ့ ပြဿနာထဲမှာ မြစ်ဆုံကိစ္စက ထိပ်ဆုံးက ပါဝင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းအပေါ်မှာ တရုတ်ဘက်က ဘယ်လို သဘောထားရှိသလဲဆိုတာကို တရုတ်နိုင်ငံ ဆက်ဆံရေးရာ ကျွမ်းကျင်တဲ့ ပညာရှင်တယောက်ကို ပြီးခဲ့တဲ့အပတ်မှာ မေးပြီးတင်ဆက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ မြစ်ဆုံစီမံကိန်းဟာ ဘယ်လို ပေါ်ပေါက်လာသလဲ။ မြန်မာဘက်က သွေးရိုးသားရိုး တိုင်းပြည်အကျိုးအတွက် လက်ခံခဲ့တာလား။ နိုင်ငံတကာမှာ ပစ်ပယ်ခြင်း ခံနေရတဲ့အချိန်မို့လို့ အားမတန် မာန်လျှော့ပြီးတော့ လိုက်လျောခဲ့ရသလား။ တရုတ်က လက်လှိမ်ချိုးပြီး ခိုင်းခဲ့လေသလား ဆိုတာကို သိချင်ပါတယ်။ အဲဒါကြောင့် ဦးအောင်လင်းထွဋ် ကို စပြီးတော့ မေးချင်ပါတယ်။ မြစ်ဆုံစီမံကိန်း စပြီးဖြစ်ခဲ့တာကို အကြမ်းမျဉ်း ပြောပါအုံး။
ဦးအောင်လင်းထွဋ် ။ ။ ခိုင်လုံတဲ့ သတင်းရပ်ကွက်အရ မြစ်ဆုံနဲ့ ပတ်သက်ပြီး စပေါ်လာတာကတော့ ၂၀၀၄ ခုနှစ် ASEAN Summit တခုမှာ ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အဲဒီအချိန်တုန်းက တရုတ်သမ္မတ ဟူးဂျင်တောင်းတို့ အစည်းအဝေးပြင်ပမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သမ္မတ လုပ်သွားတဲ့ ဦးသိန်းစိန် က အတွင်းရေးမှူး ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သမ္မတဟူးဂျင်တောင်း က ဧရာဝတီမြစ်မှာ မြစ်ဆုံဆည်ကြီး ဆောက်ပြီးတော့ လျှပ်စစ်ဓါတ်အားတွေကို တရုတ်ကလည်း ဝယ်မယ်။ ဗမာကို နည်းနည်းပြန်ပေးမယ်ဆိုတာမျိုးနဲ့ တရုတ်ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို ကမ်းလှမ်းခဲ့တာ ရှိတယ်လို့ ကျနော် သိရပါတယ်။ အဲဒီအချိန် အဲဒီအခါမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ သဘောတူတယ်လို့ တုံ့ပြန်ခဲ့တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်မှာ မြစ်ဆုံဆည်ကြီး ဆောက်ပြီးတော့မှ လျှပ်စစ်တွေ ထုတ်ဖို့ပြုဖို့ လုပ်မယ်ဆိုရင် ဗမာပြည်သူပြည်သားနဲ့ မြန်မာနိုင်ငံအတွက် ဘယ်လောက်နစ်နာမယ်ဆိုတာကို နောက်ပိုင်း နားလည်တဲ့အခါမှာ အဲဒီကိစ္စကို အသာလေး Floating မျောထားတဲ့ သဘောမျိုး လုပ်ခဲ့တာ ရှိပါတယ်။ တပြိုင်တည်းမှာပဲ အဲဒီအချိန် အဲဒီကာလက သတိထားမိပါလိမ့်မယ်။ ကျနော်တို့ ရခိုင်ဘက်ကထွက်တဲ့ ဓါတ်ငွေ့ကို ရောင်းတဲ့ကိစ္စမှာ အိန္ဒိယကို ရောင်းမှာလား။ တရုတ်ကို ရောင်းမှာလား မဆုံးဖြတ်ရသေးတဲ့ အနေအထားမျိုး ရှိပါတယ်။ တရုတ်က Proposal တင်ထားတာက ရေနံပိုက်လိုင်းလည်း သွယ်မယ်။ ပိုက်လိုင်းဘေးမှာ ရထားလမ်းအပါ အကုန်လုံး အပြီးအစီးပေါ့ - အဓိကတော့ တရုတ်ပြည်ကနေ ဘင်္ဂလားပင်လယ်အော်အထိ ကုန်းလမ်းထွက်ပေါက် လုပ်တဲ့အနေအထားမျိုးနဲ့ အဲဒီကာလတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ၂၀၀၇ ခုနှစ်မှာ သံဃာအရေးအခင်း၊ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်း ကျရောက်ခဲ့တဲ့ အတွက်ကြောင့်မို့ မြန်မာနိုင်ငံရဲ့ အစိုးရရဲ့ အခြေအနေဟာ နိုင်ငံတကာရဲ့ အပြစ်တင်တာတွေကို ဝိုင်းပြီးတော့ ခံရတဲ့ အနေအထား ရောက်ခဲ့ပါတယ်။ နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကို ဆန့်ကျင်ကန့်ကွက်တဲ့ အဆိုတွေ ရှိခဲ့ပါတယ်။ အဲဒီတချိန်တည်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လာတွေ့ပြီးတော့ ဗမာပြည်ရဲ့ ၂၀၀ရ-၂၀၀၈ က ကမ္ဘာမှာ တော်တော်လေး အရုပ်ဆိုးနေတယ်။ ဒီလို အရုပ်ဆိုးတဲ့အတွက်ကြောင့်မို့ ဗမာပြည်အနေနဲ့ ဆင်ဆင်ခြင်ခြင်နေဖို့ ဆိုတာကို တရုတ်က သတိပေးတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ အနည်းငယ် ကတောက်ကဆ ဖြစ်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီလိုနဲ့ ၂၀၀၉ ခု၊ မတ်လပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူအရ ငြိမ်းချမ်းရေးလုပ်ထားတဲ့ အဖွဲ့တွေကို နယ်ခြားစောင့်တပ် လုပ်ရမယ်ဆိုပြီး၊ အမိန့်ပေးခဲ့တာ ရှိပါတယ်။ ဒီအထဲမှာ … နဲ့ ကိုးကန့် ဖုန်ကြားရှင်တို့ကို တပ်အင်အားနဲ့ တိုက်ပြီးတော့ မောင်းထုတ်လိုက်ပါတယ်။ ကိုးကန့်ဒေသမှာရှိတဲ့ တရုတ် သုံးလေးသောင်းလောက်က တရုတ်ပြည်ထဲကို ဝင်ပြေးရတဲ့ အနေအထားရှိတယ်။ အဲဒီအချိန်မှာ တရုတ်အစိုးရနဲ့ တော်တော်လေး ဗမာနိုင်ငံအပေါ်မှာ သူတို့ ပြောထားရဲ့နဲ့ ဒီလို လုပ်ရပါ့မလား။ အထူးသဖြင့်တော့ တရုတ်က နယ်စပ်တည်ငြိမ်ရေးကို အဓိကထား ပြောပါတယ်။ လုပ်ရပါ့မလားဆိုပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ဗမာပြည်ဘက်က ဗိုလ်ချုပ်ကြီးရွှေမန်း သွားပြီးတော့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ရှင်းပြရတယ်။ တောင်းပန်ရတယ်လို့ သိရတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးရွှေမန်း လာတာကို မကျေနပ်တဲ့အတွက် နောက်ထပ် မင်းတို့ရဲ့ အကြီးအကဲတွေလာခဲ့ဆိုတဲ့ ပြောတာကြောင့် ဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုယ်တိုင် တရုတ်ပြည်က ခေါင်းဆောင်တွေနဲ့သွားပြီး တွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီး တွေ့ပြီးတဲ့အချိန်မှာ တရုတ်နဲ့ ပတ်သက်ပြီးတော့က ဒီမြစ်ဆုံကိစ္စကို လက်မှတ်ထိုးပေးခဲ့ရတယ်။ နောက်တခါ ရေနံပိုက်လိုင်းနဲ့ Gas ပိုက်လိုင်းကိစ္စ၊ ရထားလမ်း ဖောက်ဖို့ကိစ္စတွေကို ဗိုလ်ချုပ်မှူးကြီးမောင်အေး လက်မှတ်ထိုးပေးခဲ့ရတဲ့ အနေအထား ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ပထမတချက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်သမ္မတနဲ့ အာဆီယံကိစ္စမှာ တွေ့တဲ့အခါ အလွတ်သဘောနဲ့ ဒီကိစ္စကို သဘောတူခဲ့တယ်ပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီအချိန်မှာ ဒီမြစ်ဆုံလို တာတမံကို ဆောက်လိုက်ရင် ဘယ်လို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ လူမှုရေး ဆိုးပြစ်တွေ ဖြစ်လာနိုင်မယ်ဆိုတာကို ကျွမ်းကျင်သူတွေ ဘယ်သူရဲ့ အကြံဉာဏ်ကို ဘာမှ မယူဘဲ၊ သူ့ဟာသူ သဘောတူခဲ့တာပေါ့နော်။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ အဲဒီအချိန် အဲဒီအခါက ဘယ်သူရဲ့ အကြံဉာဏ်ကို မယူဘဲနဲ့ လွယ်လွယ်လေး ပြောခဲ့တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက တကယ် လက်မှတ်ထိုးဖြစ်လာတာက ကိုးကန့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်တို့က မကျေနပ်ဖြစ်တဲ့အခါမှာ တရုတ်တို့ကို လိုက်လျောပြီး လုပ်ခဲ့တဲ့ သဘောပေါ့။ အဲဒီအခါမှာ တရုတ်က ပြန်စတောင်းတာလား။ မင်းတို့ကို မကျေနပ်ဘူး။ ဒီဟာတွေ ထိုးမလားဆိုပြီး ပြောသလား။
ဦးအောင်လင်းထွဋ် ။ ။ သူတို့ အကြပ်ကိုင်တဲ့ သဘောမျိုးပဲ တွေ့ပါတယ်။ ငါတို့ ဒါတွေဒါတွေ လိုချင်တယ်။ အစောကြီးကတည်းက တရုတ်က နားပူနားဆာ လုပ်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒီအပေါ်မှာ အပေးအယူအနေနဲ့ လက်ခံခဲ့ရတဲ့ အနေအထား ရှိတယ်လို့ ကျနော် သိရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာဝင်းမျိုးသူ … ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပထမဦးဆုံး ဟူးဂျင်တောင်း ကို သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောရပါလဲ။
ဦးဝင်းမျိုးသူ ။ ။ ကျိန်းသေတာကတော့ အဲဒီတုန်းကတော့ ဘယ်သူ့ဘယ်သူကိုမှ တိုင်ပင်တဲ့သဘောရှိဟန် မတူပါဘူး။ နိုင်ငံရေး အနေအထားအရပဲ တရုတ်ကို နိုင်ငံတကာမှာ အကာအကွယ်ပေးတဲ့အတွက် ပေးတာတချက်။ နံပတ်နှစ်အချက်က ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း မြစ်ဆုံဆောက်ပေးရင် တရုတ်က ပြန်ပြီးတော့ ထိန်းကျောင်းမယ်။ သူ့အကျိုးစီးပွားအတွက် ဒီလိုလဲ တွေးပုံရတယ်။ ကျန်တဲ့အချက်တွေကတော့ သူတို့ ဘာမှ စဉ်းစားတာ မရှိလောက်ပါဘူး။ သို့သော်လဲ ဆည်မြောင်းဦးစီးဌာနကတော့ အရင်တုန်းကတော့ မြစ်ဆုံနားမှာ ရေကာတာကြီးတွေ ဆောက်မယ်။ ဆည်မြောင်းဆောက်ပြီးတော့ မြစ်အောက်ပိုင်းကို ကာကွယ်မယ်ဆိုတဲ့ စီမံချက် အတွေးအခေါ် ရှိခဲ့တယ်ပေါ့။ အဲဒါတွေကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကြည့်ပြီးတော့ အကြမ်းမျဉ်း ခေါင်းဆောင်ချင်း တွေ့တဲ့အခါမှာ နိုင်ငံရေး စဉ်းစားချက်တွေကို ပြောတဲ့သဘောနေပါမယ်။ အသေးစိတ်တော့ ကျနော်တို့ မပြောတတ်ဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် တဆက်တည်း မေးချင်တာက ဒီလို စီမံကိန်းတွေကို တိုင်းပြည်ခေါင်းဆောင်တွေအနေနဲ့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် နိုင်ငံရေးရှုထောင့်တခုတည်းက မကြည့်ဘဲနဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှု့ပတ်ဝန်းကျင်ဘက်က ကြည့်ဖို့ ဘယ်လောက် လိုအပ်ပါလဲ။ ဘယ်လောက် အရေးကြီးပါလဲ။
ဦးဝင်းမျိုးသူ ။ ။ ၁၉၉၄ ကတည်းက ကျနော်တို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမူ Sustainable Development မူဝါဒကို ချမှတ်ပြီးသာဖြစ်တယ်။ အဲဒီတော့ Three Dimensions ဖြစ်တာပေါ့။ အဓိက အချက်ကြီး (၃) ချက် ရှိတာပေါ့။ (၁) စီးပွားရေးအရ အကျိုးအမြတ် ရှိလား။ (၂) ပတ်ဝန်းကျင် တည်ငြိမ်မှုကို ထိခိုက်စေမှာလား။ (၃) လူမှုရေးရာအရ လက်ခံနိုင်လား ဆိုတဲ့ အချက်တွေ ရှိတာပေါ့။ အဲဒါကို တချက်ချင်း အသေးစိတ် ကြည့်ရမယ့်အချက်တွေလည်း အများကြီး ရှိတာပေါ့။ အဲဒီထဲက ဘယ်အချက်ကိုမှ သေချာကြည့်ပုံ မရဘူးပေါ့။ အကြမ်းမျဉ်းတော့ စီးပွားရေးတော့ ကြည့်မှာပေါ့။ စီးပွားရေးအရ တွက်ခြေကိုက်တယ်ပေါ့။ ကျန်တဲ့ ပတ်ဝန်းကျင်အရေးကတော့ မြန်မာနိုင်ငံက အဲဒီတုန်းက ဥပဒေလဲ ရှိမနေဘူး။ EIASIA လုပ်ရမှာလဲ ရှိမနေဘူးဆိုတော့ တရုတ်ဘက်က ဒါကို သဘောကျပုံ ရပါတယ်။
ဦးကျော်ဇံသာ ။ ။ စီးပွားရေး တွက်ခြေကိုက်တယ်ဆိုတဲ့ နေရာမှာ တိုင်းပြည်အတွက် ကိုက်သလား။ သူတို့အတွက် ကိုက်သလားဆိုတာကို ကျနော်တို့ ဒီနေရာမှာ စမ်းစစ်သင့်တယ် ထင်ပါတယ်။ ဦးအောင်လင်းထွဋ် သိသလောက် ပြောပါအုံး။
ဦးအောင်လင်းထွဋ် ။ ။ ကျနော် သိသလောက်တော့ အဲဒီလုပ်ငန်းကို ဘိန်းဘုရင် လောစစ်ဟန်ရဲ့သား စတီးဗင်လောနဲ့ ဆက်စပ်ပြီးတော့ လုပ်တာရှိပါတယ်။ ၂၀၀၉-၂၀၁၀ ကြတော့ အတွင်းရေးမှူး (၁) က ပြုတ်သွားတယ်။ ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး နဲ့ စတီးဗင်လောတို့က တပ်မမှူးဘဝလောက်ကတည်းက တော်တော်လေး ရင်းရင်းနှီးနှီးနဲ့ ပေါင်းသင်ပြီးတော့ စီးပွားရေးလုပ်လာတဲ့ အဖွဲ့အစည်းပါ။ တရုတ်ဘက်ကတော့ ဒီမြစ်ဆုံဆည် ဆောက်မယ့်အချိန်မှာ ရွာတွေ ပြောင်းရွှေ့ရတဲ့ ကိစ္စတွေ အားလုံးအတွက်ကို လျော်ကြေး သန်းရာနဲ့ချီပြီးတော့ ပေးတယ်လို့ ကျနော် သိရပါတယ်။ ဒါပေမဲ့ ပြန်ပြီးတော့ ပေးတာကတော့ ရွာတွေကို … ပဲ ပေးပါလိမ့်မယ်။ ဒီပိုက်ဆံတွေ အများစုက ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး နဲ့ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ မိသားစုလက်ထဲကို ရောက်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။ ပြန်လှန်မယ်ဆိုရင်တော့ ပြုတ်သွားတဲ့ ဗိုလ်ချုပ်တင်အောင်မြင့်ဦးတို့ အသိဆုံး ဖြစ်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီ သူတို့ရဲ့ ကိုယ်ရေးအကျိုးစီးပွားအပြင်၊ တိုင်းပြည်အတွက်လဲ တချို့မှတ်တမ်းတွေမှာ ဘယ်လို တွေ့ရလဲဆိုတော့ ဒီမြစ်ဆုံကထွက်တဲ့ လျှပ်စစ်စွမ်းအား (၉၀) ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို နှစ်ပေါင်း (၅၀) ပေးမယ်။ သို့သော်လဲ အဲဒီပေးတဲ့ လျှပ်စစ်စွမ်းအင်ကနေပြီးတော့ အခွန်အကောက်အဖြစ်နဲ့ မြန်မာနိုင်ငံဟာ အားလုံးစုစုပေါင်း သန်းထောင်ပေါင်း (၅၀) လောက် ရမယ်ဆိုပြီးတော့ တချို့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒါများ ဘယ်လောက် ဖြစ်နိုင်ပါလဲ။ ဒီကိစ္စကို ကျနော် ဒေါက်တာဝင်းမျိုးသူ ကို မေးချင်ပါတယ်။
ဦးဝင်းမျိုးသူ ။ ။ ဝှက်ဖဲက ဘာလဲဆိုတော့ ဆည်ကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ရလာတဲ့ ဆည်ဆောက်တဲ့အချိန်မှာ ဆည်ဆောက်တဲ့ကုမ္ပဏီတွေက အကျိုးစီးပွား အရမ်းများပါတယ်။ အကျိုးစီးပွား များတဲ့အခါကြတော့ တဘက်က အမြဲတမ်း လိုအပ်နေတာ ဖြစ်တဲ့အတွက် ဒီတွက်ချက်မှုတွေမှာ မရိုးသားမှုတွေ၊ လက်တလုံးခြား လုပ်တာတွေ ရှိတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။ Oxford University က ၂၀၁၄ မှာ လုပ်ခဲ့တဲ့ ကမ္ဘာ့မြစ်ကြီး (၂၄၀) ကျော်ကို လေ့လာတဲ့အခါမှာ ဒီဆည်ကြီးတိုင်း ဆည်ကြီးတိုင်းက သူတို့တွက်သလို စီးပွားရေး ပြန်ရနှုန်းက မရှိဘူး။ သူတို့ ပြောသလို (၁၂) ရာခိုင်နှုန်း၊ (၁၀) ရာခိုင်နှုန်း မဖြစ်ဘူး။ တချို့နေရာမှာ (၄) ရာခိုင်နှုန်းအထိ ကျဆင်းသွားတာတွေရှိတယ်။ အဲဒီတော့ ဒီလို ကြုံတွေ့ရတဲ့အခါမှာ စီးပွားရေးအင်အားနည်းတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ဆုံးရှုံးမှုက အမျာုးကြီး ဖြစ်တယ်။ လေထဲမှာသာ ရနေပြီးတော့ တကယ် ဘာမှရမှာ မဟုတ်ဘူး။
ဦးကျော်ဇံသာ ။ ။ ဒီ စီမံကိန်းကို ပြည်သူတွေကတော့ ကန့်ကွက်နေကြတယ်။ တရုတ်အစိုးရကတော့ ပြန်စချင်တယ်။ လေသံပစ်နေတယ်။ နိုင်ငံခြားရေးဝန်ကြီး လာတုန်းကလဲ ဒီကိစ္စကို ဆွေးနွေးမှာပဲ။ မြန်မာနိုင်ငံက ကြည့်မယ်ဆိုရင်တော့ ပြည်သူတရပ်လုံးလဲ မလိုလားဘူး။ လူထုကို ကိုယ်စားပြုပြီး တက်လာတဲ့ အစိုးရကလဲ လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့ လုပ်လိမ့်မယ်လို့ မထင်ပါဘူး။ ဆိုတော့ စစ်တပ်အနေနဲ့ တချိန်က စစ်တပ်အကြီးအကဲတွေ စစ်တပ်ကြီးစိုးနေခဲ့တဲ့ ခေတ်မှာ ဒီ စီမံကိန်းကို စတင်ခဲ့တယ်။ လက်ခံခဲ့တယ်ဆိုတော့ စစ်တပ်အနေနဲ့ ဘယ်လို သဘောထားမယ် ထင်ပါလဲ။
ဦးအောင်လင်းထွဋ် ။ ။ ဒီနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ တရုတ်နဲ့ အထူးသဖြင့် စစ်ရေးအရ နည်းနည်းလေး တင်းတင်းမာမာ ရှိတဲ့ အနေအထားမျိုး ရှိပါတယ်။ အထူးသဖြင့်တော့ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအပေါ်မှာ တရုတ်ရဲ့ ထောက်ခံအားပေးမှုအပေါ်မှာ တပ်မတော်အနေနဲ့ မနှစ်မြိုတဲ့အတွက်ကြောင့်မို့ တပ်မတော်အနေနဲ့ ဒီမြစ်ဆုံဆည်ကိစ္စကို လုံးဝထောက်ခံလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ စစ်တပ်ကလဲ လက်မခံဘူးဆိုရင် တရုတ်တွေရဲ့ ဒီ စီမံကိန်း ပြန်လည်စတင်ရေးကိစ္စကော ဖြစ်နိုင်ပါသေးလား။ ဘယ်နည်းနဲ့ တရုတ်တွေ ကြိုးစားလာနိုင်မယ်လို့ ထင်ပါလဲ။
ဦးဝင်းမျိုးသူ ။ ။ တရုတ်တွေက သူတို့ရဲ့ လော်ဘီတွေ ပြောနေတာကို ကြည့်ရတာက ကျနော် စောစောကပြောတဲ့ နှစ်ချက်ပဲ (၁) ကောင်းကျိုးနဲ့ ဆိုးကျိုးယှဉ်ရင် ကောင်းကျိုးများတယ်ဆိုတာကို ပြောမယ်။ ပြောတဲ့အခါ တရုတ်တွေ ထွက်ပြောမှာ မဟုတ်ဘူး။ Harvard တို့၊ ပြင်သစ်တို့က ပြောတော့မှာ။ သူတို့တွေ လက်ဝါးစည်းချက် အုပ်ပြီးသွားပြီ။ အဲဒီတော့ ပြည်သူကြားထဲမှာ ကွဲမယ်။ တကယ် ကောင်းကျိုး များတာပဲ။ တွေ့လား နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ခံနေတယ်ဆိုတာ ဖြစ်လာမယ်။ ကျနော်တို့က ဒါကို မငြင်းတော့ဘူး ထားလိုက်။ ကျနော်တို့ ကြည့်လိုက်မယ်။ နောက်တချက်က ဘာပြောမလဲဆိုရင် လျှပ်စစ်ထုတ်အား (၉၀) ရာခိုင်နှုန်းကို သူတို့ မယူတော့ဘူး။ ဗမာပြည်ကိုပဲ အကုန်ပေးလိုက်မယ့် ပုံစံမျိုး သူတို့ အကုန်ပြောနေတယ်။ အဲဒီတော့ ပြည်သူက အကြီးအကျယ်ကွဲမယ့် အနေအထား ဖြစ်နေတယ်။ ဒါကြောင့် ကျနော်က ဒီအချက်တွေကို ခဏထားလိုက်အုံး။ ကောင်းကျိုးများတယ်။ ဗမာပြည် ပိုအကျိုးရှိမယ် ထားလိုက်အုံး။ သို့သော်လဲ သူတို့ ပေးထားတဲ့ ကတိကဝတ်ကို ဘယ်လောက် ယုံရမလဲဆိုတဲ့ အချက်ကို ပြည်သူက တိုင်းဖို့လိုတယ်။ ဖြစ်ခဲ့တဲ့ဟာတွေ ပြန်ကြည့် ဘယ်ဟာမှ လက်ပံတောင်းတောင်ပဲကြည့် ကျနော်တို့ ဘယ်လိုမှ မယုံနိုင်ဘူး။ ကတိဖောက်ရင်ကော အဲဒီ ကတိဖောက်တာကို ကျနော်တို့က ဒါကို တွန်းအားပေးပြီးတော့ ထိန်းကျောင်းဖို့ ကျနော်တို့မှာ အင်အားဘာရှိလဲ။ ဖမ်းထားတဲ့ သူခိုးတွေကိုတောင်မှ ထောင်ချပြီး ပြန်လွှတ်ပေးရတဲ့ အနေအထားဖြစ်တယ်။ အဲဒီတော့ ကိုယ့်အိမ်ထဲ နဂါး ဝင်ပြီးရင်တော့ ကိုယ့်မှာ ဖမ်းဖို့က သားရေပင်ပဲ ရှိတယ်။ အဲဒီတော့ ဒါက ကောင်းကျိုးတွေများတာ။ ဗမာပြည် အကျိုးရှိတာနဲ့ စဉ်းစားရမယ့် အချက်တောင် မဟုတ်တော့ဘူး။ ကျနော် မြင်တာက ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု အချက်တချက်တည်းကို ဖြတ်ပြီး စဉ်းစားရမယ့်သဘော ရှိတယ်။ ကျနော် စိုးရိမ်တာက တရုတ်တွေက ဒီလို ပြောတဲ့အချိန်မှာ နိုင်ငံရေးသမားတွေ ဝေဝါးမယ်။ ပြည်သူတွေ ဝေဝါးသွားမယ်ဆိုရင် ရလဒ်က တမျိုး ဖြစ်သွားနိုင်တယ်လို့ ကျနော်က ခန့်မှန်းတယ်။