စိန်ခေါ်မှုတွေ အများအပြားကြုံနေရတဲ့ မြန်မာနိုင်ငံမှာ မြစ်ဆုံစီမံကိန်းမြန်စဖို့ တရုတ်ဘက်က ဖိအားပေးလာတဲ့အတွက် ဘေးကျပ်နံကျပ် အခြေအနေသစ်တရပ် တိုးလာပြန်ပါတယ်။ ဘယ်လို ရင်ဆိုင်ကြမလဲ၊ ပြေလည်ကျော်လွှားနိုင်မယ့် အလားအလာကော ရှိပါရဲ့လား။ "စိမ်းရောင်စို" သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်လည်းဖြစ်၊ ဧရာဝတီဖြစ်ကမ်းနဘေးမှာ နေထိုင်သူလည်းဖြစ်တဲ့မင်းထက်ငြိမ်းချမ်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်လက်ထက်က ခဏရပ်ဆိုင်းထားခဲ့ပြီးတော့ အခုအခါမှာ တရုတ်က ဖိအားပေးလာနေပါတယ်။ ဒီဟာကို ပြန်ဖွင့်ဖို့။ မြန်မာဘက်ကလည်း ဒီအတိုင်းလုပ်လိုက်ရင် နစ်နာမယ်ဆိုတာကို မြန်မာနိုင်ငံအစိုးရအပါအဝင်၊ အာဏာပိုင်တွေအပါအဝင် သဘောပေါက်ကြပါတယ်။ ဒါကြောင့်လဲ ဒီစီမံကိန်းကို ပုံစံပြောင်းဖို့အတွက် နေရာရွှေ့ဖို့အတွက် လုပ်နေတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီမြစ်ဆုံစီမံကိန်းကို မြန်မာဘက်က မကြိုက်ဘူးလဲဆိုတာကို ဆရာအနေနဲ့ ပထမဦးဆုံး အကြမ်းမျဉ်းပြောပြပါ။
ဖြေ ။ ။ ဒါကတော့ ဧရာဝတီမြစ်က ကမ္ဘာ့မြစ်ကြီး ဆယ်စင်းထဲမှာ တခုအပါအဝင် ဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ အသက်သွေးကြောလည်း ဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ Logo လို့လည်း ပြောလို့ရတယ်။ ဒီမြေကနေ ဆန်ရေစပါးတွေ၊ မြစ်ချောင်းအင်းအိုင်တွေ သွားရေးလာရေးအစုံရတယ်။ ဒီဟာအပြင် ဒီမြစ်ပေါ်မူတည်ပြီးတော့ ကျနော်တို့နိုင်ငံဟာ ကြီးပွားရှင်သန်ရေးခဲ့တာ ဖြစ်တယ်။ အနာဂတ်ကို မမျှော်မှန်းနိုင်တဲ့ ကိစ္စရပ်တွေကိုတော့ - ဥပမာ မြေငလျင်ကိစ္စတွေ ပါလာတယ်။ တာတမံကြီး လုပ်လိုက်တဲ့အတွက် ရေအနယ်တွေကျတဲ့ကိစ္စတွေ။ ရေနည်းသွားမယ့်ကိစ္စတွေ စသဖြင့်… ဆိုတော့ လုပ်ချင်သူတွေဘက်ကလည်း ဘယ်လိုကောင်းကြောင်းတွေ ပြောနေပေမယ့် အာမခံချက် အပြည့်အဝ မရှိဘူး။
ကျနော်တို့ ပြည်သူလူထုအားလုံးက အာမခံချက်ရတယ်လို့ မခံစားရဘူး။ နောက် ဒါက ကချင်ပြည်နယ်ရဲ့ ဝိညာဉ်တခုလို့ ပြောလို့ရတယ်။ ကချင်ပြည်နယ်တခုတည်း မဟုတ်ပါဘူး ကျနော်တို့နိုင်ငံတခုလုံးအတွက် ဝိညာဉ်ပါ။ အဲဒီတော့ ဒီလိုနေရာမျိုးမှာ ဖွံ့ဖြိုးမှုအတိုင်းအတာလေးတခုနဲ့တော့ လက်ခံနိုင်စရာမရှိဘူး။ ဒါကြောင့်မို့လည်း ပြီခဲ့တဲ့ကာလတွေမှာ လူထုအများစုရဲ့ဆန္ဒက ဒီအတိုင်းပဲ တုံ့ပြန်ခဲ့လို့ ပြီခဲ့တဲ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့တာပါ။
မေး ။ ။ ဆိုတော့ အခုနက ဖွံ့ဖြိုးမှုကိစ္စဆိုတဲ့နေရာမှာ မြန်မာနိုင်ငံဖွံ့ဖြိုးမှုအတွက် ဘယ်လောက်ပါထားသလဲ။ မူလအားဖြင့် တရုတ်ဘက်ကိုပဲ များများပေးထားတယ်လို့ ကျနော်တို့ ကြားသိထားပါတယ်။
ဖြေ ။ ။ အဓိက အဲဒီကရလာမယ့် အကျိုးအမြတ် အသေးစိတ်ကို မသိရပါဘူး။ အကြမ်းမျဉ်းအားဖြင့်တော့ ရာခိုင်နှုန်းနည်းနည်းပဲ ပထမပိုင်းမှာ အကျိုးအမြတ် ခံစားရမယ်။ နှစ်ရှည်သယ်သွားကြမယ်။ တရုတ်အတွက် လျှပ်စစ်ဓါတ်အားတွေ ဒီကနေ ထုတ်မယ်ဆိုတာတွေ။ ကျနော်တို့ နောက်ပိုင်းမှာ သိရသလောက်တော့ တရုတ်က စွမ်းအင်ထိုက်သင့်သလျှောက် ပြည့်စုံနေပါပြီ။ အဲဒီတော့ ဒီဟာကို စိုက်လိုက်မတ်တတ်ကြီး လျှပ်စစ်တခုထဲတောင် ဟုတ်ရဲ့လားလို့ သံသယတောင် ဖြစ်လာပါတယ်။ နောက်တချက်က ဒီဧရာဝတီမြစ်ကနေ ဖြစ်လာမယ့်အကျိုးဆက်တွေက ကျနော်တို့ မှီတင်းနေထိုင်ကြတဲ့ ပြည်သူပေါင်းများစွာအတွက် ဒီဟာတွေ အနှောင့်အယှက်အဟန့်အတားတွေ ဖြစ်လာမယ့်ဟာတွေ။ နောင်နောင်ကို အခုန Climate Change လို့ခေါ်တဲ့ ကမ္ဘာ့ရွာ ရာသီဥတုအပြောင်းအလဲတွေ၊ တနေ့တခြားပူလာတာတွေ၊ သစ်တောတွေပြုန်းတီးလာတာတွေကြားထဲမှာ ဒီဆည်လုပ်လို့ရတဲ့ အကျိုးတွေရှိသလို၊ အပြစ်တွေကလည်း ပိုများပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာ ဆည်တွေကျိုးပျက်တဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်နေရတယ်။ ရလာမယ့်ရလဒ်ထက် ပူပန်ရတဲ့ဟာက ပိုများနေတယ်။ ဒီအတွက် ကျနော်တို့က ကန့်ကွက်နေရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရေရှည်နှစ်ပေါင်းများစွာ နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်ရှင်သန်နေရမယ့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် သူတို့ဘက်က ကျနော်တို့ကို နားလည်ရပါမယ်။
မေး ။ ။ အခုနကပြောတဲ့အထဲမှာ လျှပ်စစ်တခုတည်းတော့ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ရှိတယ်ဆိုတော့ အခြားဘာများဖြစ်နိုင်မယ်လို့ ဆရာ ယူဆပါလဲ။
ဖြေ ။ ။ ကျနော်တို့က ဒီနေရာတွေက အမြဲရောက်နေတဲ့ နေရာတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီကာလတဝိုက်မှာတော့ လုပ်ငန်းကို … လည်းကောင်း၊ အကြမ်းနည်းနဲ့သော်လည်းကောင်း မငြိမ်းချမ်းတဲ့ဒေသတွေအပါအဝင် အဲဒီက သစ်တောသံယဇာတတွေ အများကြီးပါသွားပြီ။ ကျောက်မျက်ရတနာတွေ အများကြီးပါသွားပြီ။ အသေးစိတ်တော့ ကျနော်တို့ မသိဘူး။ သစ်တောကတော့ သေချာတယ်။ အဖိုးတန်တဲ့ သစ်တွေကတော့ အများကြီး နည်းမျိုးစုံနဲ့ ရောက်သွားတယ်။ အဲဒီလို ရောက်တဲ့အထဲမှာမှ ကျနော်တို့ မသိသေးတဲ့ အခြားဓါတ်သတ္တုတွေလည်း အများကြီးရှိနိုင်သေးတယ်။ ဘာဖြစ်လို့ နောက်ဆက်တွဲ သံသယဖြစ်စရာတွေ ဖြစ်ရလဲဆိုတော့ တခြားစီမံကိန်းတွေကနေ အများကြီးပြန်ကြားနေရတယ်။ ဒီလုပ်ငန်းကို အကြောင်းပြု၍ ဝင်ရောက်လာနိုင်တဲ့ တခြားမမျှော်မှန်းနိုင်တဲ့ အကျိုးဆက်တွေလည်း အများကြီးရှိတယ်လို့ ယုံကြည်ထားပါတယ်။
မေး ။ ။ နောက်တခုက ဒီစီမံကိန်းကို ကနဦးလက်မှတ်ရေးထိုးထားခဲ့တဲ့ လူတွေဟာ ဒီလောက်တန်းဖိုးရှိတဲ့ မြန်မာနိုင်ငံရဲ့ ရတနာရွှေမြေကို ဒီလောက်ဈေးပေါပေါနဲ့ ပေးဖို့ဆိုတာ ဒီလောက်တန်းဖိုးရှိတာ အခု ဆရာတို့ ထောက်ပြနေတဲ့ကိစ္စတွေကို သူတို့ မစဉ်းစားခဲ့ဘူးလား။ သို့တည်းမဟုတ် ဘယ်လိုအကျိုးအမြတ်များ သူတို့ရခဲ့လို့၊ ဘယ်လိုသဘောတူညီချက်တွေများ ရှိခဲ့လို့ ပေးခဲ့လေသလဲဆိုတာကို ကျနော် အမြဲတမ်း စိတ်ဝင်စားခဲ့ပါတယ်။
ဖြေ ။ ။ အဲဒါတွေကတော့ အခုသတင်းထဲမှာတောင် တွေ့ရတယ် ဒီစီမံကိန်းတွေကို ဖိအားပေးဖို့ ကချင်က ပုဂ္ဂိုလ်တွေတောင် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်ဆိုတာတွေကို ပြန်ဖော်နေတာရှိနေတယ်။ ဒါတွေက တကယ်ဖြစ်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တဦးချင်းအကျိုးစီးပွားတွေ ရသွားနိုင်ပါတယ်။ အဲဒီအကျိုးစီးပွားတွေပေါ်မှာ လောဘဇောတက်ပြီး စီမံကိန်းတွေကို ခေါင်းငြိမ့်ရတာလည်း ဖြစ်နိုင်တယ်။ နောက်တခုက တရုတ်ရဲ့ပါဝါကို အဲဒီကာလမှာရှိတဲ့ အစိုးရက အမေရိကန်အပါအဝင်၊ အခြားနိုင်ငံတွေအပေါ် ကိုယ့်ဘက်က မဟာမိတ်အဖြစ် ရပ်တည်နိုင်မယ့်၊ ကာဘာယူနိုင်မယ့် အားကိုးရမယ့်အနေအထားနဲ့ တရုတ်ရဲ့ ပါဝါကို ညီမျှမှာ။ တရုတ်နဲ့ပတ်သက်လို့ တတ်နိုင်သမျှ အတွင်းထဲမှာ ဘယ်လိုပဲရှိရှိ အပြင်ဘက်မှာတော့ အခုနပြောတဲ့ သဘောတူညီတာတွေ၊ ခေါင်းငြိမ့်တာတွေ၊ ကမ်းလှမ်းပြီးလုပ်တာတွေ၊ ရေရှည်အကျိုးစီးပွားကို ကြည့်မှာပေါ့၊ လက်ရှိအာဏာတည်မြဲရေးပေါ်နဲ့ အဲဒီမှာရနိုင်တဲ့ အကျိုးအမြတ်တွေကိုပဲ အများဆုံးယူခဲ့တယ်လို့ပဲ သုံးသပ်ပါတယ်။
မေး ။ ။ အခုအခါမှာလဲ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ဟာ သိပ်မကောင်းလှပါဘူး။ အထူးသဖြင့် အနောက်နိုင်ငံတွေဘက်က စီးပွားရေးအရ ရင်းနှီးမြုပ်နံှမယ့်ကိစ္စတွေမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေ ထောက်ပြပြီးတော့ အမျိုးမျိုးပြောနေကြပါတယ်။ ဒါကြောင့်လဲ တရုတ်အပေါ်မှာ ပိုပြီးတော့ မှီခိုသထက်၊ မှီခိုနေရတယ်လို့ သုံးသပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ မြစ်ဆုံကို ဖျက်သိမ်းဖို့ ပြင်ဆင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ အဲဒါတော့ ကျနော်တို့လူထုခေါင်းဆောင်နဲ့ ပြည်သူ့ပါတီကို ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက လက်ရှိအမျိုးသားဒီမိုကရေစီပါတီ အာဏာမရခင်ကတည်းက ဒီဟာတွေပေါ်မှာ အမျိုးသားဒီမိုကရေစီခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ဒါနဲ့ပတ်သက်ပြီးတော့ သူတို့သဘောထားတွေ ရှိခဲ့တယ်။ အခုအခါမှာတော့ မှန်တယ် - နိုင်ငံတကာဖိအားတွေ သိပ်ကြီးနေတဲ့အခါမှာ တရုတ်နဲ့ဆက်ဆံရေးက အင်မတန်ကို ပါးနပ်ရမယ်။ ဒါကို ကျနော်တို့ လက်ခံတယ်။ အရပ်ထဲကလို သာမန်တုံ့ပြန်မှုမျိုးနဲ့ မဖြစ်နိုင်ဘူး။ ကျနော်တို့ ဒါကိုနားလည်ပါတယ်။ ခေါင်းဆောင်တွေရဲ့ လိမ္မာပါးနပ်တဲ့ သေနင်္ဂဗျူဟာတွေနဲ့ သွားရမယ်ဆိုတာကို လက်ခံပါတယ်။ သို့သော်လဲ အခု နိုင်ငံတကာက အဖြစ်မှန်တွေကို ဖုံးကွယ်ပြီးတော့ အထူးသဖြင့် အနောက်အင်အားစုက ဒီနေရာမှာတော့ ရခိုင်ကိစ္စပေါ် အခြေခံပြီးတော့ အကြီးအကျယ်စွပ်စွဲနေတာတွေ၊ တချို့ဟာတွေဆို လိုအပ်တာထက် ပိုပြီးတော့ ကျနော်တို့အပေါ် အမြင်ဆိုးတွေနဲ့ မြင်နေတာတွေကို ကာနိုင်ဖို့အတွက် တရုတ်ရဲ့ ပြေလည်မှုနဲ့ လဲလှယ်မယ်ဆိုတာမျိုးနဲ့ ဒီတချက်တည်းနဲ့ မစဉ်းစားဖို့တော့ ကျနော်တို့ ယုံကြည်တယ်။ ဒီတချက်တည်းနဲ့ စဉ်းစားဖို့လည်း မဖြစ်နိုင်ပါဘူး။
တရုတ်နဲ့က ဒီတခုတည်းမဟုတ်ပါဘူး၊ တခြားလုပ်ငန်းတွေလည်း လုပ်ကြရမှာပါ။ ကျနော်တို့အတွက် အိန္ဒိယနဲ့ တရုတ်တို့က အင်မတန်အင်အားကြီးတဲ့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံကြားမှာ ရှိပါတယ်။ ကျနော်တို့ကို ကူညီမယ့်လူတွေလည်း ရှိပါတယ်။ ကျနော်တို့နိုင်ငံကလည်း အများကြီးရှေ့မှာ မျှော်မှန်းထားတာတွေ ရှိပါတယ်။ အဲဒါကြောင့် ဒီတခုတည်းနဲ့တော့ အစားထိုးလိုက်မယ်လို့ မယုံကြည်ပါဘူး။
မေး ။ ။ အမေရိကန်မှာ အခြေစိုက်တဲ့ … Institute က ဒုတိယအကြီးအကဲက ကျနော်တို့ ပြောဖူးပါတယ်။ ဒီမြစ်ဆုံအတွက် စိုက်ထားပြီးတဲ့ အရင်းအနှီးတွေက တော်တော်ဝင်နေပြီဆိုတော့ ဒီအရင်းအနှီးကို ပြန်ပြီအမ်းနိုင်ရင်ဖြစ်စေ၊ သို့တည်းမဟုတ် ဆက်လုပ်ရင်ဖြစ်စေ သဘောတူညီမှုတခုခု မလုပ်နိုင်ရင်တော့ တရုတ်က နောက်ဆုံးနိုင်မှာ မဟုတ်ဘူးလို့ သူက သုံးသပ်ထားတာ ရှိပါတယ်။ အဲဒီတော့ ကုန်ကျထားတဲ့ အရင်းအနှီးကို ပြန်ပေးနိုင်မယ့်အခြေအနေ ရှိပါလား။ အဲဒီလို လုပ်သင့်တယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ချမ်းသာတဲ့နိုင်ငံဆိုရင်တော့ ပြောစရာမလိုဘူးပေါ့။ လိုအပ်တဲ့ ပမာဏကို ဘယ်ရွေ့ဘယ်မျှ လျော်စားပေးလိုက်ရုံပေါ့။ သို့သော် ကျနော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲပါ။ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းနေရတယ်။ ဆုတ်ယုတ်နေတဲ့ သစ်တောနဲ့ သံယဇာတတွေကိုလည်း ပြန်ပြီးဖြည့်ဆည်းနေရတယ်။ ဒီလိုကာလမှာ ကျနော်တို့က ရော့အင့်ဆိုပြီးတော့ ပေးနိုင်မယ့် မထင်ဘူး။ နောက်ပြီးတော့ ပေးနိုင်ဖို့လည်း အကြောင်းမရှိဘူး။ သို့သော် တခုတော့ရှိတယ် ဒီအစိုးရရဲ့ တချို့လုပ်ဆောင်ချက်တွေပေါ်မှာ နိုင်ငံကြီးသားပီသာစွာနဲ့ အစိုးရဘက်က လိမ္မာပါးနပ်စွာနဲ့ နိုင်နင်းတဲ့တချို့ဟာတွေကိုတော့ အစားထိုးလျော်တာတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ အလုံးစုံကို လျော်ဖို့တော့ မဖြစ်နိုင်တော့ဘူး။ တဘက်က ကျနော်တို့နိုင်ငံရဲ့ ပြည်သူတွေ မလိုလားဘူးဆိုတာကိုတော့ People to People သူတို့ တရုတ်ပြည်သူတွေက ကျနော်တို့ပြည်သူတွေရဲ့ ဆန္ဒကိုလည်း ကြည့်ရလိမ့်မယ်။ တရုတ်ပြည်သူတွေရဲ့ အကြီးအကဲတွေဖြစ်တဲ့ တရုတ်အစိုးရကလည်း ကျနော်တို့နိုင်ငံ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ရမယ်။
မေး ။ ။ နောက်တခုက လူထုရဲ့သဘောထား တကယ်တော့ တရုတ်နိုင်ငံကိုယ်တိုင်က ကွန်မြူနစ်ပါတီ တပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတာ သူတို့တိုင်းပြည်မှာလည်း လူထုကိုကိုယ်စားပြုတဲ့ အစိုးရမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ ဒါကို ဆန့်ကျင်လာကြမှာပါ။ အရင်တုန်းကလည်း ဆန့်ကျင်ခဲ့ကြတယ်။ ဆိုတော့ မြန်မာပြည်သူတွေ အုံကြွဆန့်ကျင်မှုက ဘယ်လောက်အထိ ထိရောက်နိုင်မယ်လို့ ဆရာထင်ပါလဲ။
ဖြေ ။ ။ သူတို့လည်း မျက်စီနားမဝေးပါဘူး။ သူတို့ရဲ့ ဆက်သွယ်ရေးနည်းပညာ အင်မတန်ကောင်းနေတာပဲ။ နိုင်ငံတကာမှာလည်း ကမ္ဘာတလွှားမှာကို တရုတ်ရဲ့ စီးပွားရေးနဲ့ တခြားအိုင်တီနည်းပညာ၊ မီဒီယာနဲ့ ထိုးဖောက်ထားတယ်။ ကျနော်တို့နိုင်ငံရဲ့ သဘောထားကို သူတို့ကသာ မှန်မှန်ကန်ကန် လက်ခံမယ်ဆိုရင် သိသာနိုင်ပါတယ်။ ဒီသိနိုင်တဲ့အပေါ်မှာ ရေရှည်အကျိုးစီးပွားကို မျှော်ကိုးပြီးတော့ နောင် ကျနော်တို့လိုချင်တဲ့ အကျိုးအမြတ်တွေလည်း မြန်မာပြည်မှာ အများကြီးရှိပါသေးတယ်။ ဒီအတွက် လက်ရှိကို Gas နဲ့ ပတ်သက်တာတွေ၊ ပိုက်လိုင်းနဲ့ ပတ်သက်တာတွေ အများကြီး သူတို့မှာ ရှိပါတယ်။ တကယ်လို့သာ လက်ပံတောင်းနေရာမျိုးတွေ၊ ကြေးနီစီမံကိန်းကြီး မဖြစ်မနေ အကျိုးအမြတ်တွေ ရနေပြီပဲ။ အဲဒီတော့ ဆက်ပြီးတော့ ပြည်သူလူထုနဲ့ ကြည်ကြည်ဖြူဖြူ ဆက်သွားချင်တယ်ဆိုရင်တော့ မြစ်ဆုံလိုဟာမျိုးပေါ်မှာတော့ စောစောကပြောခဲ့တဲ့ သဘောထားမျိုးထားလို့ မရနိုင်ပါဘူး။
မေး ။ ။ အဲဒီတော့ မြစ်ဆုံရဲ့ အနာဂတ်ကို ဘယ်လို စဉ်းစားမိပါလဲ။ လူထုကရော အစိုးရကရော ဒီဟာကို ပြုပြင်ဖို့၊ ပြောင်းလဲဖို့ တနည်းတဖုံ လမ်းလွှဲဖို့ တနည်းနည်းနဲ့ ကြိုးပမ်းနေကြပါတယ်။ ဒီဟာ အောင်မြင်မယ်လို့ ထင်ပါသလား။ သို့တည်းမဟုတ် တရုတ်သဘောကျ လုပ်ပိုင်ခွင့် ရရှိသွားလိမ့်မယ်လို့ ထင်ပါသလား။ ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ လွယ်လွယ်ကူကူ အဆုံးသတ်သွားမယ့်ကိစ္စလို့တော့ မမြင်ဘူး။ သို့သော်လဲ အဲဒီလိုဆိုလို့ စွန့်လွှတ်ဖို့တော့ အကြောင်းမရှိပါဘူး။ ကျနော်တို့အားလုံး ကြွေးကြော်ခဲ့တယ် … ကျနော်က မန္တလေးက ဧရာဝတီမြစ်ကမ်းဘေးမှာ နေတာ။ အများက ဧရာဝတီမြစ်ကမ်းဘေးမှာ မနေလဲ အမိဧရာဝတီကို တန်းဖိုးထားကြပါတယ်။ ဒီ မြစ်ဆုံစီမံကိန်းသည် ဧရာဝတီအတွက် ထိပါးနောက်ယှက်တယ်ဆိုရင် ကျနော်တို့က အဲဒါကို ကန့်ကွက်ဖို့ တာဝန်ဖြစ်ပါတယ်။ ဒီကန့်ကွက်မှုကို လေးစားလိုက်နာဖို့ကတော့ ပြည်သူအစိုးရတွေရဲ့ တာဝန်ဖြစ်ပါတယ်။ အဲဒီအစား ဆည်အသေးလေးတွေ ဆောက်နိုင်တယ်ဆိုတာမျိုးတွေလည်း ပညာရှင်တွေ တင်ပြနေတာတွေ ရှိပါတယ်။ ဒါတွေလဲ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို အားလုံးဝေမျှပြီးတော့ တကယ်ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ဝိုင်းစဉ်းစားကြတာပေါ့။ သို့သော်လဲ အရင်အစိုရလက်ထက်က ချုပ်ဆိုခဲ့တဲ့ မြစ်ဆုံစီမံကိန်းကတော့ ဘာမှလဲ တိတိကျကျ၊ ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ရသလို၊ အခုထိလဲ မသိရသလို၊ အဲဒီက ဖြစ်လာမယ့် အကျိုးဆက်တွေကို ပညာရှင်တွေနဲ့ ထောက်ပြနေတာတွေနဲ့ ကျနော်တို့ နားလည်နိုင်သမျှနဲ့ဆိုရင် ဧရာဝတီမြစ်ကို ထိပါးနှောက်ယှက်ပြီး ဧရာဝတီမြစ် စိတ်သုဉ်းသွားမယ့်အရေး၊ ကျနော်တို့နိုင်ငံအတွက် အင်မတန်ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာမယ့်အရေး ဖြစ်တဲ့အတွက် ဒီဟာကို မမှိတ်မသုန် ကန့်ကွက်သွားမယ်။ ဒါကိုလဲပဲ တာဝန်ရှိတဲ့ နိုင်ငံတော်အကြီးအကဲတွေက လိမ္မာပါးနပ်စွာနဲ့ တဘက်က ချစ်ကြည်ရေး မပျက်စေဘဲနဲ့ ဒီဟာတွေကို ဆောင်ရွက်သွားမယ်လို့တော့ ယုံကြည်တယ်။ လုပ်ရတဲ့ ကိစ္စကတော့ ငှက်ပျောသီးအခွံခွါသလို လွယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့ လက်ခံပါတယ်။
မေး ။ ။ သောတရှင်များခင်များ .. လူသမိုင်းမှာ တာဝန်ရှိတဲ့လူတွေ တရက်မှားခဲ့ရင် နောင်လာနောင်သားတွေ တသက်လိုက်လိုမမီတော့တဲ့ ဖြစ်ရပ်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ မကြာခဏ ဖြစ်တတ်တဲ့ မြန်မာနိုင်ငံမှာ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး အလားတူဆက်မဖြစ်ရလေအောင် ကြိုးပမ်းရလိမ့်မယ်လို့ ယူဆမိကြောင်းပါ။ ကျေးဇူးတင်ပါတယ်။