ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီရေး အတိုးအဆုတ်ကို ပြောကြတိုင်း ခေါင်းဆောင်မှုအပေါ် ဝေဖန်ကြတာ အနည်းနဲ့အများဆိုသလို ကြားနေရပါတယ်။ နိုင်ငံတခုရဲ့ ကံကြမ္မာသည် ခေါင်းဆောင်အပေါ် ဘယ်လောက်ထိ မူတည်ပါသလဲ။ မြန်မာ့လူအသိုင်းအဝိုင်းဟာ ခေါင်းဆောင်မှုတာဝန်ဆိုတဲ့အရာနဲ့ ခေါင်းဆောင်ဆိုတဲ့ လူပုဂ္ဂိုလ်ကို ခွဲဲခြားနိုင်ကြပါရဲ့လား။့အမေရိကန်ပြည်ထောင်စု George Town တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီကနေ့ ကျနော် ဆွေးနွေးသုံးသပ်ချင်တာကတော့မြန်မာ့နိုင်ငံရေးလောကမှာ ခေါင်းဆောင်မှုနဲ့ ပုဂ္ဂိုလ်ရေး ပြဿနာ ဖြစ်ပါတယ်။ ပထမဦးဆုံး မေးလို့တဲ့မေးခွန်းကတော့ မြန်မာ့နိုင်ငံရေးမှာ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးပါသလဲ။ ဆိုလိုတဲ့သဘောက မြန်မာနိုင်ငံရဲ့ အခြေအနေ၊ အကောင်းအဆိုးအတွက် ခေါင်းဆောင်တဦးတည်းအပေါ်မှာ ဘယ်လောက်အထိ တာဝန်ရှိတယ်လို့ ထင်ပါသလဲ။
Prof. Steinberg ။ ။ ခေါင်းဆောင်မှုဟာ အင်မတန် အရေးကြီးပါတယ်။ တာဝန်ရှိပါတယ်။ ပထမတချက်က အဲဒီခေါင်းဆောင်တဲ့ ပုဂ္ဂိုလ် အမျိုးသား၊ အမျိုးသမီးဟာ အာဏာအမြောက်အမြား ပိုင်ဆိုင်ထားပါတယ်။ ဒုတိယအချက် အဲဒီခေါင်းဆောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကလည်း သူတို့ခေါင်းဆောင်မှာ အဲဒီလောက် အာဏာတွေ တကယ်ရှိလေဟောင် လုပ်ဆောင်ကြပါတယ်။ ဒီလိုနဲ့ ခေါင်းဆောင်ရဲ့ အာဏာရှိမှုကို ခိုင်မာအောင် အားဖြည့်ပေးနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာက ကျနော် အမြဲပြောခဲ့သလိုပါပဲ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဆိုတာဟာ လူပုဂ္ဂိုလ်ပေါ်မှာသာ မူတည်နေပါတယ်။ ရှင်ဘုရင်အဆက်ဆက်၊ နောက် ဦးနု၊ ဦးနေဝင်း။ အဲဒီကတဆင့် ဦးသန်းရွှေ နဲ့ နောက်ဆုံး အခု ဒေါ်အောင်ဆန်းစုကြည်အထိပါပဲ။ ခေါင်းဆောင်မှုဆိုတာ သူတို့ တဦးချင်းဆီမှာသာ အဓိက မူတည်နေပါတယ်။ လူတွေသစ္စာခံရတာ အဲဒီလူပုဂ္ဂိုလ်တွေအပေါ်မှာသာ ဖြစ်ပြီး၊ သူတို့ရဲ့ ရာထူးတာဝန်ကို သစ္စာခံရတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ အမေရိကန်ပြည်ထောင်စုမှာလည်း အခုအခါ ဒီလိုပြဿနာမျိုးကို ကြုံနေရပါတယ်။ ဒါကို ဆွေးနွေးချင်ရင်တော့ နောက်ကြတော့ ဆွေးနွေးကြတာပေါ့။
ဆက်ပြီးပြောရရင် ရှင်ဘုရင်ကို သစ္စာခံတယ်။ ဘုရင်ရာထူးကို သစ္စာမခံပါဘူး။ နိုင်ငံအကြီးအကဲကို သစ္စာခံတယ်။ ဒါပေမဲ့ နိုင်ငံတော်ဆိုတဲ့ အယူအဆကို သစ္စာခံတာမျိုး မဟုတ်ပါဘူး။ ဒါဟာ အင်မတန် အရေးကြီးတဲ့ ကွဲလွဲမှု ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလို လူပုဂ္ဂိုလ်ပေါ်မှာသာ သစ္စာခံနေတယ်ဆိုတဲ့ ကိစ္စဟာ ခေါင်းဆောင်တွေကိုယ်တိုင်က တမင်ဖန်တီးယူ လုပ်နေတာလား။ သို့တည်းမဟုတ် လူတွေရဲ့ စရိုက်သဘာဝလား။
Prof. Steinberg ။ ။ ပြဿနာက နှစ်ခုစလုံး ရောနေပါတယ်။ ခေါင်းဆောင်ဟာ အင်အားခိုင်မာ တောင့်တင်းရမယ်လို့ မျှော်လင့်ကြတယ်။ သူ့ပတ်ဝန်းကျင်က လူတွေက ဒီမျှော်လင့်ချက်ကို ခိုင်မာအောင် လုပ်ဆောင်ပေးနေကြတယ်။ ခေါင်းဆောင်ပြောသမျှ ဘာမှပြန်မမေးကြဘူး။ ပြန်မပြောကြဘူး။ မြန်မာအရာရှိကြီးတချို့နဲ့ ကျနော် မကြာခင်က စကားပြောဖြစ်ပါတယ်။ တိုင်းပြည်အတွက် ပိုပြီးအကျိုးရှိမယ့် ကိစ္စတခုခုကို အပြောင်းအလဲလုပ်ဖို့ စာရေးပြီး သူတို့ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြဖူးတာရှိသလားလို့ မေးကြည့်ပါတယ်။ သူတို့က မလုပ်ဖူးပါဘူး၊ ဘယ်တော့မှ လုပ်မှာလဲ မဟုတ်ဘူး။ ဖြစ်နိုင်မှာလဲ မဟုတ်ဘူးလို့ ပြန်ပြောကြတယ်။ တကယ်တော့ သူတို့ဟာ ဌာနဆိုင်ရာ အကြီးအကဲတွေပါ။ ညွှန်မှူး၊ ညွှန်ချုပ်တွေပါ။ သူတို့က ဒါကို မလုပ်နိုင်ဘူး။ အပြန်အလှန် မေးခွန်းထုတ်လို့လည်း မရဘူး။ တကယ်တော့ သူတို့ဟာ အမြင့်ဆုံးခေါင်းဆောင်ပြီးရင် သူတို့ပဲ ရှိတာပါ။ အဓိကတော့ အားနာတယ်ဆိုတဲ့ကိစ္စပါ။ အဓိပ္ပါယ်ကတော့ တစုံတယောက်ကို ကသိကအောက် ဖြစ်အောင်မလုပ်ဘူးဆိုတဲ့ သဘောပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလိုဆို အဲဒီဟာက မြန်မာလူမျိုးတွေရဲ့ စရိုက်လက္ခဏာတရပ်ပဲပေါ့။
Prof. Steinberg ။ ။ မှန်ပါတယ်။ အတိအကျပါပဲ။ အမြဲတမ်း ဒီလိုဖြစ်နေလိမ့်မယ်ဆိုတဲ့ သဘောလဲ မဟုတ်ပါဘူး။ ပြောင်းလဲလာရမှာပါ။ ဥပမာ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် ထိုင်းလူ့အဖွဲ့အစည်းဟာ ထိပ်တိုက်ရင်ဆိုင်မှုကို လုံးဝမလိုလားတဲ့ လူ့အဖွဲ့အစည်းပါ။ ဒါဟာ ပြောင်းလဲသွားခဲ့ပါပြီ။ ထိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ထင်ထင်ရှားရှား ရှိနေပါပြီ။ ထိပ်တိုက်ရင်ဆိုင်မှုမရှိတဲ့ သမိုင်းအစဉ်အလာဟာ ပြောင်းလဲခဲ့ပါပြီ။ လူမျိုးစရိုက်လက္ခဏာ ပြောင်းလဲလာခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း ပြောင်းလဲလာမှာပါ။ သဘောက ခေါင်းဆောင်စိတ်ပျက်မှာ၊ ငြိုငြင်မှာကို ဂရုမစိုက်ဘဲ ခေါင်းဆောင်မှုအပေါ် လူတွေက မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလို ထိုင်းနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာတတယ်။ နောက် မြန်မာနိုင်ငံမှာလည်း ပြောင်းလဲလာမယ်ဆိုတဲ့ကိစ္စက ခေါင်းဆောင်ဆီက လာရမှာလား။ သို့တည်းမဟုတ် လူထုဆီက လာရမှာလား။
Prof. Steinberg ။ ။ ဒါကတော့ နှစ်ဘက်စလုံးက လာနိုင်ပါတယ်။ မီဒီယာဆီက လာနိုင်ပါတယ်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုမှာ လူထုဟာ ခေါင်းဆောင်မှုနဲ့ ဆက်သွယ်မှု တိုက်ရိုက်မရနိုင်တဲ့အခါမှာလည်း မီဒီယာနဲ့ ဆက်သွယ်နေတာပါ။ ခေါင်းဆောင်ကို ခင်များ မှားနေပြီ။ ဘယ်ဟာဖြစ် မှားနေပြီဆိုတာမျိုး မီဒီယာကတဆင့် ပြောနိုင်ထောက်ပြနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍ သိပ်အရေးကြီးတယ်ဆိုပေမယ့် တချို့နိုင်ငံတွေမှာ ဥပမာ ထိုင်းဝမ်၊ တောင်ကိုရီးယားတို့လို နိုင်ငံတွေမှာ ခေါင်းဆောင်တွေဟာ အာဏာရှင်တွေ ဖြစ်နေခဲ့ပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့အများကြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အာဏာရှင်ခေါင်းဆောင်တွေဟာ ဘာကြောင့် ဒီလိုမျိုး မလုပ်နိုင်ခဲ့တာလဲ။
Prof. Steinberg ။ ။ ခင်များပြောတဲ့အထဲမှာ ထိုင်ဝမ် ပါလာတယ်။ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ မြန်မာနဲ့ ထိုင်ဝမ်တို့မှာ ဖြစ်သွားတာက ခေတ်သစ်ကမ္ဘာမှာ အရှားပါဆုံး နမူနာနှစ်ရပ် ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံရေး အပြောင်းအလဲဟာ အပေါ်ထိပ်ဆုံးက လာတာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းအမျိုးမျိုးကြောင့် ပြုပြင်ပြောင်းလဲမယ်။ တံခါးဖွင့််ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်ဝမ်မှာလည်း ခေါင်းဆောင်ပိုင်းက အဲဒီလို လုပ်ခဲ့ပါတယ်။ အဲဒီမှာ ဆန္ဒပြတွေဘာတွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ “Arab Spring - အာရပ်နွေဦး” လို ခေါ်တဲ့ ပုံစံမျိုး မဖြစ်ခဲ့ပါဘူး။ ဖိလစ်ပိုင်လိုလည်း မဖြစ်ခဲ့ပါဘူး။ တနည်းပြောရရင် မြန်မာနဲ့ ထိုင်ဝမ်ခေါင်းဆောင်တွေဟာ သူတို့အကျိုးစီးပွားအတွက် သူတို့က ပြုပြင်ပြောင်းလဲရမယ်ဆိုပြီး လုပ်ခဲ့တာပါ။ တချိန်တည်းမှာ ဒါဟာ အမျိုးသားအကျိုးစီးပွားလည်း ဖြစ်ပါတယ်။ အခြား တူးနီးရှား၊ အီဂျစ်၊ ယီမန်နဲ့ နေရာအနံှအပြားမှာ ကြီးမားတဲ့ လူထုဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ တောင်ကိုရီးယားမှာလည်း ၁၉၈၇ ခုနှစ်တုန်းက ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ထိုင်ဝမ်မှာတော့ ဆုံးဖြတ်ချက်ဟာ အပေါ်ထိပ်ဆုံးက လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးပါတဲ့နေရာမှာ ရှိခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီလိုအပြောင်းအလဲဖြစ်ခဲ့တာ စစ်တပ်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို ကျေးဇူးတင်ရမှာပေါ့။
Prof. Steinberg ။ ။ စစ်တပ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ။ ဦးသန်းရွှေကို ခင်များကြိုကသ်ညဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူဟာ မြန်မာ့လူအဖွဲ့အစည်းအတွက် ပွင့်လင်းမှုတချို့၊ လျှော့ပေါ့မှုတချို့ လုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့သူပါ။ အကြောင်းတခုခုတော့ ရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာတော့ မသိပါဘူး။ ငါတို့အနေနဲ့ ဆိုရှယ်လစ်စနစ်ကို တချို့နေရာမှာ ဖယ်ရှားပစ်မယ်။ မီဒီယာကို အတော်အသင့် လွှတ်ပေးရမယ်။ ဆန္ဒပြခွင့်တွေ ပေးရမယ်။ အပြင်ကလူတွေကို ဖိတ်ခေါ်ရမယ်။ နိုင်ငံတကာ အဆက်အသွယ်တွေ ထူထောင်ရမယ် စသဖြင့် သူဆုံးဖြတ်ခဲ့တာပါ။ ထိပ်ဆုံးကနေ ဆုံးဖြတ်လိုက်တာပါ။
ဦးကျော်ဇံသာ ။ ။ ဒါဟာ သူ့အတွက် ဆက်လက်ရှင်သန်ရေး၊ အာဏာတည်မြဲရေးအတွက် ဖြစ်တယ်လို့ လူတိုင်းက ယုံကြည်ကြပါတယ်။ သုံးသပ်ကြပါတယ်။ အရှေ့အလယ်ပိုင်းက အာဏာရှင်တွေလို ဇာတ်သိမ်းမကောင်း ဖြစ်မှာကို သူတို့ စိုးရိမ်လို့ သူတို့ ပြောင်းလဲခဲ့တာ မဟုတ်ဘူးလား။
Prof. Steinberg ။ ။ မှန်ပါတယ်။ ကျနော် သဘောတူပါတယ်။ ဒါဟာ သူတို့ ဆက်လက်ရှင်သန်ရေးအတွက် လုပ်တာပါ။ ဒါပေမဲ့ သူတို့ ဆက်လက်ရှင်သန်ရေးအတွက် လုပ်ပေမယ့် တိုင်းပြည်အတွက်လည်း အကျိုးရှိစေမယ့် ကိစ္စတွေလည်း ဖြစ်ခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာ့နိုင်ငံရေးမှာ Issue လို့ခေါ်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ Personality လို့ခေါ်တဲ့ ပုဂ္ဂိုလ်ရေးရာ ဒီနှစ်ခုကိုလည်း မေးချင်ပါတယ်။ မြန်မာပြည်သူတွေဟာ NLD ကို မဲပေးခဲ့ကြတာဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်လား။ သို့တည်းမဟုတ် ပြည်သူတွေက ဒီမိုကရေစီ လိုချင်တဲ့စိတ်ဓါတ်ကြောင့်လားဆိုတာကို ဆရာကြီး ဘယ်လိုသုံးသပ်လိုပါလဲ။
Prof. Steinberg ။ ။ ဒါကတော့ နှစ်ခုစလုံး တပေါင်းတည်း ပါဝင်တယ်လို့ ထင်ပါတယ်။ ၁၉၉၀ ပြည့်ကတည်းက ကျနော် သုံးသပ်ခဲ့ပါတယ်။ နံပတ်တစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုင်ပါတယ်။ သူ့ဖခင်ကြောင့်ပါ။ သူ့ဖခင်က မြန်မာနိုင်ငံရဲ့ George Washington လို့ ခေါ်ရမယ့်လူပါ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်ပြီးတဲ့နောက် ဒီအချက်ဟာ ပိုပြီးတော့တောင် အလေးအနက် ဖြစ်လာပါတယ်။ အလားတူပဲ ပြည်သူတွေကလည်း တိုင်းပြည်ကို စစ်တပ်က အုပ်စိုးနေတာကို မလိုချင်ကြတော့ပါဘူး။ ဒါဟာ ဒီမိုကရေစီအကြောင်း သူတို့ သိလို့တော့ မဟုတ်ပါဘူး။ သူတို့ဟာ ဒီမိုကရေစီအကြောင်း ဘယ်တုန်းကမှ မသင်ယူခဲ့ရပါဘူး။ စာသင်ကျောင်းတွေမှာလည်း အဲဒါကို မသင်ခဲ့ရပါဘူး။ ဒီမိုကရေစီ၊ အရင်ရှင်စနစ် Capitalist system စတဲ့ဟာတွေကို လုံးဝအဆက်ပြတ်ခဲ့တာ ၁၉၆၂ ခုကစလို့ မျိုးဆက်နှစ်ဆက်လောက် ရှိခဲ့ပါပြီ။ ဆိုတော့ လူတွေ သိထားတာက စစ်တပ်ဟာ စစ်တပ်အလုပ်ပဲ လုပ်ရမယ်။ အစိုးရရဲ့ အလုပ်ကို မလုပ်ရဘူးဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြို့ပေါ်မှာနေပြီး ခေတ်မီသူတွေကတော့ ဒီမိုကရေစီကို သိနေကြပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက စောစောက ဆရာကြီးပြောခဲ့တဲ့ Practices of Confrontation ထိပ်တိုက်ရင်ဆိုင်ရဲတယ်ဆိုတဲ့ အယူအဆ အဲဒီလို အယူအဆမျိုး ပေါ်ထွန်းဖို့အတွက် မြန်မာနိုင်ငံမှာ ခေါင်းဆောင်ပိုင်းက အားပေးတယ်လို့ ဆရာကြီး ယူဆပါသလား။
Prof. Steinberg ။ ။ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောရရင် NLD နဲ့ စစ်တပ်တို့ဟာ အပြန်အလှန် ယုံကြည်မှု ရှိကြတယ်လို့ ကျနော် မထင်ပါဘူး။ တချိန်တည်းမှာ ထိပ်တိုက်ရင်ဆိုင်တဲ့ အလေ့အကျင့်ကို သူတို့နှစ်ဘက်စလုံးက လိုလိုလားလား လေ့ကျင့်ပျိုးထောင်ပေးမယ်။ အားပေးနေတယ်လို့လည်း မထင်ပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်မှု အများကြီး ရှိနေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ အခန်းကဏ္ဍ ဖန်တီးလိုက်တာဟာ တကယ်တမ်းကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာမျိုး မဟုတ်ပါဘူး။ ဒါဟာ စစ်တပ်ကို လှည့်ပတ်လိုက်တာလို့ ဆိုရမှာပါ။ ဒီလို ဖန်တီးလိုက်တာ ကောင်းတဲ့ကိစ္စ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျနော့်အနေနဲ့တော့ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို မပြောလိုပါဘူး။ ဒါပေမဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အားပေးရာ မရောက်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာကတော့ ထိုင်းနိုင်ငံရဲ့ နမူနာကို ကြည့်ရင်၊ တချိန်တုန်းကဆိုရင် သူတို့လဲပဲ ဗမာတွေလိုပဲ သိပ်အားနာတတ်တဲ့ လူတွေ ဖြစ်ပါတယ်။ တဘက်သားကို ကသိကအောက် မဖြစ်စေချင်ကြပါဘူး။ ဒါပေမဲ့ အခုတော့ သူတို့ဆီမှာ ထိပ်တိုက်ရင်ဆိုင်တဲ့ အလေ့အကျင့်တွေ အများကြီး ပေါ်ထွန်းနေပြီဆိုတော့ ထိုင်းနိုင်ငံမှာ ဒီလိုဖြစ်လာတာ ဘာကြောင့်လဲ။ မြန်မာနိုင်ငံနဲ့ ဘာကွာသလဲဆိုတာကို ပြောပြပေးပါ။
Prof. Steinberg ။ ။ အကြောင်းအချက်တွေ အများကြီး စုပေါင်းပါဝင်နေပါတယ်။ ဝင်ငွေမမျှတမှု၊ ကွာဟမှု၊ ပိုမိုနက်ရှိုင်းလာတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ နောက်တချက်က ခေတ်မီလာကြတယ်။ ပညာတတ်လာကြတယ်။ ဆက်သွယ်ရေးစနစ်တွေ သိပ်ကောင်းလာတယ်။ ဒါဟာ တနိုင်ငံလုံးအနံှ ဖြစ်လာတာပါ။ သိပ်ချမ်းသာကြွယ်ဝတဲ့လူတွေနဲ့ သိပ်ဆင်းရဲတဲ့ လူတွေကြား ခံစားချက်တွေ သိပ်ပြီးတော့ ကွာဟလာပါတယ်။ နောက်ပြီး ထိုင်းမှာ တက်ဆင်ခေတ် ရောက်လာတော့ သူဟာ Popularlism လူပြိန်းကြိုက်ဝါဒ၊ လူအများကြိုက်ဝါဒကို လုပ်လာပါတယ်။ သူက ဘန်ကောက်နဲ့ မြို့ပေါ်နေ လူတန်းစားတွေ၊ ပညာတတ်၊ အထက်တန်းလွှာတွေနဲ့ မတူတဲ့လူတွေ နေထိုင်ရာ ကျေးလက်ဒေသတွေကို အားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကိုကြည့်ရင် နေရာတကာမှာ ဆင်းရဲသားတွေကြီးပဲ ဖြစ်နေပါတယ်။ အခုအခါမှာတော့ ဝင်ငွေကွာဟမှု နက်ရှိုင်းလာပါပြီ။ ဒါနဲ့ တဆက်တည်းမှာပဲ ခံပြင်းမှုတွေ၊ မကျေနပ်မှုတွေလည်း ကြီးထွားလာနေပါတယ်။ ဒါဟာ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေ သတိထားစောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ပါတယ်။