မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးမှာ အုပ်ချုပ်ရေးပြုပြင်ဖို့အတွက် အချိန်အများဆုံး ယူရလိမ့်မယ်လို့ ဦးသိန်းစိန်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာဇော်ဦးက ပြောကြားလိုက်ပါတယ်။ ပြုပြင်ပြောင်လဲရေးတွေ ထိရောက်အောင်မြင်ရေးဟာလဲ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ NLD ခေတ် မြန်မာနိုင်ငံတိုးတက်ရေး အလားအလာတွေကို စီးပွားရေးပါရဂူ ဒေါက်တာဇော်ဦး နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအပြောင်းအလဲ ရွေးကောက်ပွဲပြီးတဲ့နောက် နိုင်ငံရေးအားဖြင့်ကတော့ အာဏာလွှဲတယ်ဆိုတာ အကန့်အသတ်နဲ့ အတိုင်းအတာတော့ လွှဲလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေး အဆင်ပြေချောမွေ့ရေးတွေဟာ ပြေပြေလည်လည် ဖြစ်လာပါ့မလား။ အထူးသဖြင့် အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲဖို့ အတော်ခက်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက စပြီပြောကြတာပေါ့။ ဘယ်လို သဘောရပါလဲ။
ဦးဇော်ဦး ။ ။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကတော့ အင်မတန်မှ ခက်ခဲပြီးတော့၊ သိမ်မွေ့တဲ့လုပ်ငန်းတရပ် ဖြစ်နေပါတယ်။ အဲဒါကတော့ အချိန်ယူပြီးတော့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ပထမဦးဆုံး တွေ့ရတာကတော့ အုပ်ချုပ်ရေးအတွက် သမ္မတက ဝန်ကြီးတွေ ခန့်အပ်တာကအစ၊ လူမှန်နေရာမှန် ဖြစ်ရဲ့လားဆိုတာကို တချို့က စောဒကတက်ကြပါတယ်။ အတွေ့အကြုံ ရှိတဲ့လူက နည်းတော့ ဒီလို အမြင်ခံရတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ဒီအထဲက ကျနော်တို့ ဘယ်လောက်ထိ အကောင်းမြင်နိုင်ပါသလဲ။ အခု ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဘယ်လိုများ တစုံတရာ ပြောစရာ ရှိပါလဲ။ လူမှန်နေရာမှန် ဖြစ်တယ်မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်လို့။
ဦးဇော်ဦး ။ ။ အဲဒါ ကျနော်တို့ အချိန်ကာလတခုပေးပြီး စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်လောက်ပဲ ပညာတွေ၊ သီအိုရီတွေ သင်ယူခဲ့ပါတယ်ဆိုပေမယ့် ဗမာပြည်ရဲ့ တကယ့်လက်တွေ့ပြဿနာကြတော့ တကယ့်ကို ကျောင်းသားတယောက်လို ပြန်ပြီးတော့ အောက်ခြေအထိ နားလည်အောင် ဆည်းပူးရတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီတော့ ခေါင်းဆောင်မှုကောင်းကောင်းရဖို့ဆိုတာတော့ အချိန်ကာလတရပ်အထိ စောင့်ကြည့်ပြီးတော့မှ သုံးသပ်လို့ရပါမယ်။ သို့သော် စောင့်ကြည့်နေရုံနဲ့ မပြီဘူး။ ကျနော်တို့ နိုင်ငံရဲ့ လိုအပ်ချက်ကိုက လိုအပ်ချက်တွေများစွာ ရှိတာကြောင့် အားလုံးဝိုင်းပြီးတော့ ကြိုးစားနိုင်မှ အဆင်ပြေမယ့် အနေအထားရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ နိုင်ငံရေးပိုင်းက ကြည့်မယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးက အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားသလို ကျနော်တို့အားလုံးကလည်း ခံယူဖို့ လိုပါတယ်။ ဒီအတွက်ကလဲ ကြိုးစားအားထုတ်ရမယ်လို့လည်း မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အမျိုးသားရင်ကြားစေ့မှုဆိုတာဟာ ရာထူးရွေးချယ်မှုနဲ့လည်း ပတ်သက်နေတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ တချို့ ပုဂ္ဂိုလ်တွေကို ဆိုလိုရှိရင် ဟိုဘက်ပါတီ ဒီဘက်ပါတီမျှအောင် ရွေးရတာ ရှိပါတယ်။ အဲဒီ ရွေးတယ်နေရာမှာလဲ တချို့ပုဂ္ဂိုလ်တွေက စနစ်ဟောင်းရဲ့ အမြင်တွေနဲ့ အခုထိ ပြောမှားဆိုမှားတွေ ဒေါက်တာဇော်ဦးလည်း သတိထားမိမယ် ထင်ပါတယ်။ တချို့ဆိုရင် အုပ်ချုပ်ရေးဟောင်းတုန်းက သူတို့ရဲ့ ရာထူးကို အသုံးပြုပြီးတော့ ကိုယ်ကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရသူတွေလည်း ရှိပါတယ်ဆိုတော့ ဒီလို ပုဂ္ဂိုလ်မျိုးတွေ ပါနေခြင်းက ဘယ်လောက်အထိ အတားအဆီး ဖြစ်နိုင်မယ် ထင်ပါလဲ။
ဦးဇော်ဦး ။ ။ သို့သော်လဲ အခုအချိန်ကတော့ ကျနော်တို့က အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးအစကို ပြီးခဲ့တဲ့ ကာလမှာ တစုံတခုသော အတိုင်းအတာအထိ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောလို့ရတာပေါ့။ ဒါကြောင့်မို့ ယခင်က မဖြစ်မနေ လုပ်ခဲ့ရမယ့် Micro စီးပွားရေးဝန်းကျင်နဲ့ ပတ်သက်ပြီး တည်ငြိမ်မှုရအောင်လို့၊ ငွေလည်နှုန်း၊ အတိုးနှုန်း စတဲ့ ဈေးနှုန်းတွေ ပြင်ဆင်သတ်မှတ်တာတွေ ဒါတွေအားလုံး ပြီးသွားပြီဆိုတော့ အခုဟာက Delivery အဆင့်ကို ရောက်နေတယ်။ အရင်ကာလမှာ ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ။ အကြောင်းအမျိုးမျိုးကြောင့် ဒီဟာကို ရလဒ်ပေါ်တဲ့အထိ Deliver မလုပ်နိုင်တဲ့အခါမှာ ပြည်သူလူထုက ဒီအပေါ်မှာ မချိ့မရဲ ဖြစ်ခဲ့ကြတယ်။ အခုအချိန်ကတော့ Delivery ဘက်ကို ပိုပြီးတော့ လုပ်နိုင်တဲ့အနေအထား ရှိသွားတဲ့အခါမှာ အရေးကြီးဆုံးကတော့ ဗျူရိုကရေစီက ဒီနေရာမှာ အရေးကြီးနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဗျူရိုကရေစီက တကယ် ထိရောက်ပြီးတော့ အရင်တုန်းက ချမှတ်ပေးခဲ့တဲ့ အခြေခံတွေကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ ဒီလူတွေ ဖြစ်နိုင်ပါ့မလားဆိုတာပေါ့။
ဦးဇော်ဦး ။ ။ အခုအချိန်မှာ Delivery လုပ်နိုင်ဖို့ဆိုရင်တော့ Institution တွေ အားသာချက်၊ အားနည်းချက်တွေကို အပြည့်အဝ သိနေတဲ့ လူတွေကပဲ ဒီအချိန်မှာ အမြန်ဆုံး လုပ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အခု နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို ဆက်ပြီးတော့ တာဝန်ပေးတဲ့ ဆုံးဖြတ်ချက်ကတော့ အင်မတန်မှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော် ပြောချင်ပါတယ်။ နောက်တချက်ကလဲ ဝန်ကြီးတွေပဲ ထားပြီးတော့ အငြိမ်းစားအတွင်းဝန်တွေကို တာဝန်ပေးတဲ့ကိစ္စကလဲ နိုင်ငံဝန်ထမ်းစနစ် နဲ့ အဆင့်မြင့်အရာရှိကြီးများ စနစ်ကောင်းကို ပေါ်ထွန်းလာဖို့အတွက် အင်မတန်မှကောင်းတဲ့ အခြေခံတရပ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားမှာ ကြုံခဲ့ရတဲ့ အရေးကြီးဆုံး ပြဿနာ နောက်တခုကတော့ ပေါင်းစပ်ညှိနှိုင်းမှု၊ တစုံတခုသော အတိုင်းအတာအထိ လုပ်နိုင်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ အခုအချိန်မှာ ဝန်ကြီးတွေရဲ့ အရေအတွက်ကို လျှော့ချပြီးတော့ ဝန်ကြီးတဦးတည်းက ဌာနတော်တော်များများကို တွဲပြီးတော့ တာဝန်ယူတဲ့စနစ်နဲ့ ပြန်ပြီးပေါင်းလိုက်တဲ့ဟာကလဲ ပေါင်းစပ်ညှိနှိုင်းရေး ပြဿနာကို ဖြေရှင်းတဲ့ ခြေလှမ်းလို့လဲ ပြောလို့ရပါတယ်။ သို့သော်လဲ တခုပဲ စိုးရိမ်စရာ ကောင်းတာကတော့ အင်မတန်မှ ကြီးမားတဲ့၊ ကြီးလေးတဲ့၊ များပြားတဲ့ တာဝန်တွေအားလုံးကို လူအနည်းစုကပဲ ပခုံးထမ်းရမယ်ဆိုတော့ ပခုံးထမ်းရမယ့် လူတွေက လူမှန်နေရာမှန်ဆိုတာထက် သူတို့က ဒီဒဏ်ကို ခံနိုင်ပါ့မလားဆိုတဲ့ ဘက်ကလဲ ကျနော်တို့ စိုးရိမ်ဖို့။ သူတို့အပေါ်လဲ နားလည်ပေးဖို့ လိုလိမ့်မယ် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုန ဒေါက်တာဇော်ဦး ပြောသွားတဲ့အထဲမှာ အမြဲတမ်း အတွင်းဝန်။ အဲဒီ အမြဲတမ်း အတွင်းဝန်တွေ ခန့်လိုက်တဲ့ ကိစ္စကိုလဲ လူတော်တော်များများက မိုးပေါ်ကျတွေ ခန့်လိုက်တယ်ဆိုပြီး သုံးသပ်ကြပါတယ်။ မေးခွန်းထုတ်ကြတယ်။ ဘယ်လောက်အထိ သူတို့က စိတ်ချရပါလဲ။ အမြဲတမ်း အတွင်းဝန်များဟာ။
ဦးဇော်ဦး ။ ။ အမြဲတမ်း အတွင်းဝန်စနစ်ဆိုတာတော့ အရင်တုန်းကတော့ တကယ့်ကို ဟိုအောက်ခြေကနေ First Choice အမြဲတမ်းအတွင်းဝန် ဖြစ်ခွင့်ရှိတဲ့ စာမေးပွဲတွေနဲ့ စနစ်တကျ ပြုစုပျိုထောင်ခဲ့တဲ့ စနစ်တခုပေါ့။ သို့သော် ကျနော်တို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ အမြဲတမ်း အတွင်းဝန်ကတော့ အဲဒီ အမြဲတမ်း အတွင်းဝန်လို စနစ်မျိုးပဲ ကောင်းမွန်တဲ့ အဆင့်မြင့်အရာရှိကြီးများစနစ်ကို ပြုစုပျိုထောင်ဖို့ ခြေလှမ်းပြင်တာပါ။ သို့သော်လဲ ရှိပြီးသား ခေါင်းဆောင်တွေကပဲ ရွေးခဲ့ရတဲ့ အနေအထားရှိပါတယ်။ သို့သော်လဲ ကျနော် သိရသလောက် တင်ပြရမယ်ဆိုရင် ရှိပြီးသာ ညွှန်ချုပ်တွေထဲက အသင့်တော်ဆုံး ဖြစ်နိုင်မယ့်သူတွေကို သူတို့ ဝန်ကြီးဌာနက တင်ပြလာတဲ့အပေါ်မှာ ဝန်ကြီးဌာနတခုကို နှစ်ဦးစီ ရွေးပြီးတော့မှ ဒီနှစ်ဦးကို သင်တန်းနဲ့ သူတို့ရဲ့ စာမေးပွဲ နဲ့ နောက်ဆုံးပိတ် စာတမ်းပြုစုတဲ့အပေါ် မူတည်ပြီး၊ အမှတ်ပေးပြီး စနစ်တကျ သမ္မတရုံးက အကောင်းဆုံး ဖြစ်မယ်လူတွေကို ရွေးချယ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလူတွေအားလုံးရဲ့ ရာဇဝင်တော်တော်များများလည်း ကျနော်လည်း အဲဒီသင်တန်းမှာ ပါခဲ့တဲ့လူတယောက် ဖြစ်တဲ့အတွက်ကြောင့်မို့ သိနေပါတယ်။ သူတို့ဟာ မိုးကျရွှေကိုယ်တွေ မဟုတ်ပါဘူး။ ဒီဌာန တော်တော်များများမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့၊ အင်မတန်မှ အတွေ့အကြုံ ရှိပြီးတော့၊ ဒီဌာနရဲ့အကြောင်းကို နှောကျေနေတဲ့ လူတွေပဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက အဲဒီ ဗျူရိုကရေစီ ပြုပြင်ရေးမှာ ရိုးသားဖြောင့်မတ်မှု၊ ထိရောက်မှု၊ အထူးသဖြင့် ခြစားပျက်စီးမှု၊ အဂတိလိုက်စားမှု အရင်တုန်းက နေရာတကာမှာ အောက်ခြေအဆင့်အထိ အဂတိလိုက်စားတဲ့ အကျင့်ဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာ ရှက်စရာကောင်းတဲ့ ဖြစ်ရပ်တခုလို့တောင် မယူဆရတော့အထိ အဂတိလိုက်စားမှုက ရှိနေတာပါ။ အဲဒါကို ဘယ်လောက်အထိ ပြင်နိုင်မယ် ထင်ပါလဲ။
ဦးဇော်ဦး ။ ။ အဲဒါကတော့ ကျနော့်အမြင်ကတော့ စနစ်ကို ပိုပြီးတော့ ကောင်းသထက်ကောင်းအောင် ပြင်သင့်ပါတယ်။ စနစ်ကလဲ ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတာ ဖြစ်နေတဲ့အတွက်ကြောင့်မို့ ပေးသူလဲရှိတယ်။ ယူသူလဲရှိတယ်ဆိုရင် ဖြစ်လာတာပေါ့။ အခုလောလောဆယ် အနေအထားမှာတော့ ယူတယ်သူတွေဆိုပြီး ဝန်ထမ်းတွေကို ပိုပြီးတော့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထားတဲ့စနစ်နဲ့ကို သွားဖို့ဆိုပြီး ပထမခြေလှမ်း ပြင်တယ်လို့ ထင်ပါတယ်။ သို့သော်လဲ တဘက်မှာလဲ မယူတဲ့ လူတွေကိုလဲ ပိုပြီးတော့ ကောင်းမွန်တဲ့၊ ထိုက်သင့်တဲ့ ဆုပေးဖို့။ သူတို့ကိုလဲ အသိအမှတ်ပြုဖို့ဆိုတဲ့ အချက်ကလဲ အရေးကြီးပါတယ်။ စင်္ကာပူလို တိုင်းပြည်မှာဆိုရင် ဆုပေးတဲ့စနစ်နဲ့ လုပ်တာ ပြောင်းဖို့ဟာ သူတို့နိုင်ငံဟာ တကမ္ဘာလုံးမှာ နံပတ်တစ် အသန့်ရှင်းဆုံးနိုင်ငံဆိုတာ အပြစ်ပေးတာထက် ဆုပေးတဲ့စနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဂတိလိုက်စားမှုတွေ ရေသောက်မြစ်ဖြစ်တဲ့ စနစ်တွေနဲ့ ဒီအခွင့်အလမ်းတွေကို ပေါ်တွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့က ပိုပြီးတော့ အရေးကြီးနေပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခု စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာမယ်။ အထူးသဖြင့် နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုတွေ အဓိက ပိုဝင်လာမယ်လို့ လူတွေက မျှော်လင့်ကြပါတယ်။ အဲဒီတော့ သယံဇာတ ရောင်းစားရတဲ့အဆင့်မှာပဲ မြန်မာနိုင်ငံက လောလောဆယ်မှာ ရှိနေအုံးမှာလား။
ဦးဇော်ဦး ။ ။ အခုလောလောဆယ်ကတော့ အဲဒီလိုပဲ ရှိနေတုန်းပဲပေါ့။ ဒါကြောင့်မို့ သယံဇာတ ပေါကြွယ်ဝမှုကနေ ကျိန်စာသင့်နေတဲ့ ကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကျနော်တို့ EITI လို့ခေါ်တဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ပုံစံတွေနဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ သို့သော်လဲပဲ တခြားအခွင့်အလမ်းတွေကို ဖော်ထုတ်ပေးဖို့ လိုနေပါတယ်။ အဲဒီအတွက်ကြောင့်မို့ အဓိကတော့ ကျနော်တို့ နိုင်ငံမှာ ကုန်ကြမ်းကိုပဲ တင်ပို့နေတဲ့ကဏ္ဍကနေ တန်းဖိုးမြှင့် ပို့ကုန်ထုတ်လုပ်နိုင်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ။ မွေးမြူးရေးကဏ္ဍ ဖြစ်လာအောင် ကျနော်တို့ ဆောင်ရွက်ဖို့ အရေးတကြီး လိုပါတယ်။ ဒါမှသာ အဲဒီအထဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေ စီးဝင်လာမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အရေးအကြီးဆုံး လုပ်သင့်တာက စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတွေကို ပိုပြီးတော့ ထွန်းကားလာအောင် အခုလောလောဆယ် အကြပ်အတည်းဖြစ်နေတဲ့ စရိတ်စခ ကြီးနေတဲ့ကိစ္စအားလုံးကို ကျနော်တို့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ ဒါမှသာလျှင် သီလဝါ စက်မှု အထူးစီးပွားရေးဇုန်လိုမျိုး စက်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်မေးချင်တဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတခုက ချမ်းသာတဲ့လူက ပိုချမ်းသာလာပြီး၊ ဆင်းရဲတဲ့လူက ပိုဆင်းရဲသွားတယ်ဆိုတဲ့ စကား တော်တော်ပြောကြပါတယ်။ အခုလဲပဲ အဲဒီလိုပဲ ဆက်ဖြစ်နေမလား။ ရင်းနှီးမြှုပ်နံှမှုတွေ များလာတာနဲ့အမျှ သာမန်ဆင်းရဲသား ပြည်သူတွေရဲ့အကျိုး ခံစားမှု ဘယ်လောက်အထိ ရှိလာနိုင်မလဲ။ ဘယ်လို လုပ်သင့်ပါလဲ။ အဲဒီ ဆင်းရဲချမ်းသာ ပိုပိုကွာဟမသွားအောင်။
ဦးဇော်ဦး ။ ။ ဆင်းရဲချမ်းသာ ကွာဟမှုနည်းအောင် အစိုးရရဲ့ အခန်းကဏ္ဍ အင်မတန်မှ အရေးကြီးလာပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးပေါ်လစီကလဲ ပြန်လည်ဝေငှရေး စီးပွားရေးပေါ်လစီကို အဓိက ဇောင်းပေးတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါဟာ သင့်တော်တဲ့ ပေါ်လစီ၊ တုံ့ပြန်မှုတခု ဖြစ်ပါတယ်။ သို့သော်လဲပဲ စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ စီမံခန့်ခွဲမှုရှိဖို့။ ပြီးတော့ စွမ်းရည်ရှိဖို့ လိုပါတယ်။ သို့သော် အမျိုးသားရင်ကြားစေ့ရေးကို မဆောင်ရွက်နိုင်ခဲ့ရင်တော့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်တွေဟာ အထူးသဖြင့် ရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာနိုင်မယ့် အတိုင်းအတာတွေက အကန့်အသတ် ဖြစ်နေအုံးမယ်လို့ ထင်ပါတယ်။
ကျော်ဇံသာ ။ ။ အဲဒီတော့ အမျိုးသားရင်ကြားစေ့မှုဆိုတဲ့ နေရာမှာ အခုတက်လာတဲ့ NLD အစိုးရတဘက်တည်းတာဝန် ရှိတာ မဟုတ်ဘဲနဲ့ လွှဲပေးတဲ့ဘက်ကလဲ နှစ်ဖက်လုံး လုပ်ရမယ် ထင်ပါတယ်။ အဓိကအားဖြင့် ဖွဲ့စည်းပုံမှာ (၂၅) ရာခိုင်နှုန်းကို လွှတ်တော်မှာ ယူထားတာ။ ဝန်ကြီးဌာန အရေးကြီးတာတွေကို ယူထားတာနဲ့ ပတ်သက်ပြီးတော့၊ ဒီဟာကလဲ အမျိုးသားရင်ကြားစေ့မှုအတွက် အဟန့်အတား ဖြစ်တယ်လို့ သုံးသပ်ကြသူတွေ ရှိပါတယ်။ ဆိုတော့ နှစ်ဖက်စလုံး ဘယ်လို ညှိနှိုင်းကြမလဲ။
ဦးဇော်ဦး ။ ။ ကျနော့်အမြင် ပြောရရင် နှစ်ဖက်စလုံး အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ တဘက်က အဟန့်အတားလို့ မြင်တဲ့ကိစ္စတွေက နောက်တဘက်အတွက်ကလဲ အာမခံချက်ဆိုပြီးတော့လဲ မြင်တဲ့အနေအထား ရှိနိုင်တာပဲ။ အဲဒီတော့ ဒီနေရာမှာ ကျနော်တို့နိုင်ငံ နဲ့ ကျနော်တို့လူမျိုးအားလုံးရဲ့ အကျိုးစီးပွားဟာ ဒီညှိနှိုင်းမှုပေါ်မှာ ပြေနိုင်တဲ့တချိန်မှာ ကျနော်တို့အားလုံးဟာ ညှိနှိုင်းမှုရနိုင်မယ်လို့ ထင်ပါတယ်။ အကျေအလည် ညှိနှိုင်းဆွေးနွေး၊ နားလည်သဘောပေါက်နိုင်ပြီးဆိုရင်တော့ ဒါတွေအားလုံးဟာ ကျော်လွှာနိုင်မယ့် အနေအထားမှာ ရှိနေတယ်လို့ ကျနော် မြင်မိပါတယ်။