အခုအခါ မြန်မာနိုင်ငံမှာ "တပ်မတော်" "NLD အစိုးရ" နဲ့ "တိုင်းရင်းသားလူနည်းစု၊ လူများစု" တို့အကြား သုံးပွင့်ဆိုင် တင်းမာမှု ပိုမို ကြီးထွားလာနေတယ်လို့ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ David Steinberg က မကြာသေးမီက ရေးသားခဲ့တဲ့ သုံးသပ်ချက် ဆောင်းပါးတစောင်မှာ ပြောဆိုခဲ့ပါတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ၊ ဒါကိုထိန်းသိမ်းပြီး ညီညွတ်ရေးတည်ဆောက်ဖို့ သူအကြံပေးတဲ့အချက်တွေကကော ဘယ်လောက် လက်တွေ့ဖြစ်နိုင်ခြေ ရှိပါသလဲ၊ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဆရာကြီး မကြာသေးခင်က ရေးခဲ့တဲ့ ဆောင်းပါးတစ်ခုထဲမှာ မြန်မာနိုင်ငံမှာ သုံးပွင့်ဆိုင် တင်းမာမှု ပိုမိုကြီးထွားလာနေတယ်လို့ ကျနော် ဖတ်ရပါတယ်။ တပ်မတော်၊ NLD အစိုးရ နဲ့ တိုင်းရင်းသားအင်အားစုတွေဆိုတဲ့ သုံးပွင့်ဆိုင်ကွဲလွဲမှု ပိုပြီးမြင့်လာတယ်လို့ ကျနော် နားလည်ပါတယ်။ ဆရာကြီး ဘာကြောင့် ဒီလိုပြောရသလဲ။
ဖြေ ။ ။ ဘာကြောင့်လဲဆိုရင် ယုံကြည်ချက် အလွန်နည်းပါးနေလို့ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေကြား ယုံကြည်မှုကို ခေတ်သစ်နိုင်ငံရေးသိပ္ပံဘာသာရပ်စကားနဲ့ ပြောရရင် Social capital လူမှုအရင်းအနှီးလို့ ဆိုရမှာပါ။ ဒါသိပ်နည်းပါးနေပါတယ်။ ဒါကလဲ သမိုင်းကြောင်းနဲ့ ဆိုင်ပါတယ်။ NLD က စစ်တပ်ကို မယုံဘူးဆိုတာ ထင်ရှားပါတယ်။ စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် NLD အပေါ် ယုံကြည်မှု မရှိပါဘူး။ တိုင်းရင်းသားတွေဟာ ဗဟိုအစိုးရကို တကြိမ်မဟုတ်တကြိမ် တိုက်ခိုက်ခဲ့တာဆိုတော့ စစ်တပ်အပေါ် မယုံကြည်သလို၊ NLD အပေါ် မယုံကြည်မှုလည်း မရှိတော့ပါဘူး။ ရလဒ်ကတော့ အင်မတန် ဝမ်းနည်းစရာကောင်းပြီး မြန်မာပြည်သူတွေကိုယ်တိုင် ကျော်လွှားရမယ့် အခြေအနေ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ မြန်မာ့အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတချို့ကိုကြည့်ရင် သူတို့တွေလည်း စစ်အုပ်ချုပ်ရေးကို ဖြတ်သန်းခဲ့ကြတာပါ။ သို့သော်လဲ အခုအခါကြတော့ သူတို့တွေက အဆင်ပြေနေကြတယ်ဆိုတော့ သူတို့က အခုန ဆရာကြီးပြောတဲ့ Social capital ခေါ်တဲ့ လူမှုအရင်းအနှီးကို ဘယ်လိုသဟဇာတဖြစ်အောင် တည်ဆောက်သွားကြသလဲဆိုတာကို နည်းနည်းရှင်းပြပေးပါ။
ဖြေ ။ ။ အင်ဒိုနီးရှား၊ ထိုင်း၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ စစ်တပ်ဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ အချိန်အတော်ကြာ ရှိနေခဲ့တာကို ကျနော်တို့ သိကြပါတယ်။ ဒါပေမဲ့ သူတို့နိုင်ငံတွေက စစ်တပ်လူမှု့အဖွဲ့အစည်းတခုလုံးကို မထိန်းချုပ်ခဲ့ကြပါဘူး။ နိုင်ငံခြားဖြစ်စဉ်ကို အချိန်အတိုင်းအတာတခုအထိ ထိန်းချုပ်ခဲ့ကြပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ၁၉၆၂ ခုနှစ်ကစပြီးတော့ အရာရာကို ထိန်းချုပ်ထားခဲ့တာပါ။ ဆိုရှယ်လစ်နိုင်ငံဆိုတော့လဲ စစ်တပ်ရဲ့ထိန်းချုပ်မှု၊ ပြင်ပမှာလည်း စီးပွားရေးဖွံ့ဖြိုးမှုလဲ မရှိခဲ့ပါဘူး။ တစ်ပါတီစနစ်ကြောင့် နိုင်ငံရေးအခြေအနေလည်း မတိုးတက်ခဲ့ပါဘူး။ အန်ဂျီအိုတွေလည်း မပေါ်ထွန်း။ ပညာရေးကိုလည်း စစ်တပ်က ချုပ်ကိုင်ထားခဲ့တာပါ။ စစ်တပ်ဟာ ဖွဲ့စည်းပုံသစ် ရေးဆွဲပြီး၊ ဒီလိုဆက်လုပ်ဖို့ ကြိုးစားနေသေးပါတယ်။ ဒါပေမဲ့ မအောင်မြင်နိုင်ပါဘူး။ ကျရှုံးပါလိမ့်မယ်။
မေး ။ ။ ဆက်လက်ပြီး ဆရာကြီးက ဒီသုံးပွင့်ဆိုင် တင်းမာမှု ဖြစ်ပေါ်နေတာကို ပြေလည်မှုရအောင် တပ်မတော်၊ NLD အစိုးရနဲ့ တိုင်းရင်းသားတွေဘက်ကအသီးသီး သူတို့ဘက်က လျှော့ပေးညှိနှိုင်းရမယ့်ကိစ္စတွေကို ဖော်ပြထားပါတယ်။ ပထမဦးဆုံး စစ်တပ်ဘက်က သမိုင်းမှာ သူတို့ဘယ်လိုမှတ်တမ်းတင် ကျန်ရစ်ခဲ့မယ်ဆိုတာကို သဘောပေါက်ပြီး ပြုပြင်သင့်တယ်။ ဆိုတော့ စစ်တပ်က ဒီစိတ်မျိုးဝင်လာမလား။ သူတို့ဘာသာသူတို့ သိလာမလား။ သို့တည်းမဟုတ် ပြင်ပဖိအား၊ ပြည်တွင်းဖိအား တစ်ခုခုနဲ့ လုပ်ရမလား။
ဖြေ ။ ။ သူတို့ဟာ သူတို့ကိုယ်ပိုင်အကျိုးအတွက် ပြန်လည်စဉ်းစားရလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ထဲက အများအပြားဟာ မျိုးချစ်တွေပါ။ သူတို့ဟာ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး လုပ်ဆောင်ချင်ကြသူတွေလို့ ထင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူတို့အဲဒီလို လုပ်ချင်ပေမယ့် သူတို့လုပ်နေတဲ့ပုံစံနဲ့တော့ သူတို့ဖြစ်ချင်တာ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ အမျိုးသားစည်းလုံးညီညွှတ်ရေး National Unity - ကို လိုချင်ကြပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကစလို့ အစိုးရတွေနဲ့ စစ်တပ်က တိုင်းရင်းသားတွေ ခွဲမထွက်ရလေအောင် အားထုတ်လာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့လုပ်နေပုံက မထိရောက်ပါဘူး။
မေး ။ ။ ဆရာကြီးက တပ်မတော်က တိုင်းပြည်ကိုချစ်တယ်လို့ဆိုတယ်။ ဒါပေမဲ့ လူအများစုပြောနေတာက သူတို့ဟာ သူတို့လုံခြုံရေး၊ သူတို့အာဏာ တည်မြဲရေး၊ သူတို့ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးနေတယ်လို့လဲ ပြောနေကြပါတယ်။
ဖြေ ။ ။ ကျနော် ဒီလိုပြောပါရစေ … လူတဦးချင်းနဲ့ဆိုင်တဲ့ ကိစ္စကိုတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုတော့ ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီနဲ့ သူတို့ပါတီကို ထောက်ခံသူတွေကိုသာ ကိုယ်စားပြုပြီး တပ်မတော်ဟာ တနိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ အတိအလင်း ပြောကြားထားပါတယ်။ ဒါဟာ လုံးဝမမှန်ပါဘူး။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အရာရှိတွေထဲမှာ ဗုဒ္ဓဘာသာ မဟုတ်သူ ဘယ်နှစ်ယောက်ပါလို့လဲ။ ခရစ်ယာန်မပါဘူး။ မူစလင်မပါဘူး။ ဗုဒ္ဓဘာသာတိုင်းရင်းသား လူနည်းစု တစ်ယောက်နှစ်ယောက် ပါကောင်းပါမယ်။ ဒါကို တနိုင်ငံလုံးကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ စစ်တက္ကသိုလ်မှာ တိုင်းရင်းသားလူနည်းစုတွေ ထည့်သွင်းဖို့ ကြိုးစားနေတယ်လို့ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ရာထူးကြီးတွေ ရလာဖို့ နှစ်ပေါင်းများစွာ ကြာပါလိမ့််အုံးမယ်။ တိုင်းရင်းသားလူနည်းစုတွေရဲ့ သံသယတွေက ရှိနေပြီသားပါ။
မေး ။ ။ နောက် ဆရာကြီးကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလဲ သူ့အဖေမျှော်လင့်ခဲ့တဲ့ နိုင်ငံသစ်တည်ဆောက်ရေးကို အခုလက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ နိုင်ငံတကာမှာ ထွန်းကားနေတဲ့ လူ့အခွင့်အရေးစံတွေနဲ့ညှိပြီး ကိုက်ညီအောင် လုပ်ရမယ်လို့ ဆိုထားပါတယ်။ ဆိုတော့ မြန်မာလူထုအများစုရဲ့ သဘောထားကို ဆရာကြီးထည့်သွင်းစဉ်းစားပါရဲ့လား ဒီလိုပြောတဲ့နေရာမှာ။ ဒေါ်အောင်ဆန်းစုကြည်က သူဟာ နိုင်ငံရေးသမားတယောက် ဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံသားတွေရဲ့ သဘောထားကို ပစ်ပယ်ပြီးတော့ နိုင်ငံတကာ သဘောထားအတိုင်း လိုက်ညှိရင် သူ့ရဲ့ လူကြိုက်များမှုကို စွန့်စားသင့်တယ်လို့ ဆရာကြီး ထင်ပါသလား။
ဖြေ ။ ။ ဒါဟာ အင်မတန်ခက်ခဲတဲ့ကိစ္စပါ။ ကျနော့်ဆောင်းပါးမှာ ဖော်ပြထားသလိုပါပဲ။ ဒုဝန်ကြီးမစ္စတာဘန်းစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဦးဆုံးတွေ့တော့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံရေးသမားအဖြစ်နဲ့ နိုင်ငံတကာလူ့အခွင့်အရေးသမားအဖြစ် တချိန်တည်းဖြစ်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်လို့ ဆိုထားပါတယ်။ ဒီနှစ်ခုကြားမှာ ကွဲလွဲမှုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အင်မတန်ခက်ခဲတဲ့ အနေအထား ကျရောက်နေပါတာဟာ အထူးဝမ်းနည်းစရာကောင်းပါတယ်။ ဒါဟာသိပ်ပေါ်လွင်ထင်ရှားပါတယ်။ သူ့အတွက် မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ဒီထက်ကောင်းအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ ဘယ်လိုလုပ်ရမလဲ။
ဖြေ ။ ။ စစ်တပ်နဲ့ ယုံကြည်မှု တည်ဆောက်ခဲ့သင့်ပါတယ်။ သူနဲ့ NLD က ပထမဦးဆုံး နိုင်ငံတော်အတိုင်ပင်ခံရာထူး ဖန်တီးယူတယ်။ အဲဒါက ဖွဲ့စည်းပုံမှာ မပါဘူး။ ဖွဲ့စည်းပုံကို ကွေ့ပတ်ပြီးလုပ်ခဲ့တာ။
မေး ။ ။ ဒါပေမဲ့ တိုင်းရင်းသားလူနည်းစုတွေက ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို နှစ်သိမ့်ဖို့သာ ကြိုးပမ်းနေတယ်။ တကယ့်တိုင်းရင်းသားတွေရဲ့ ပြဿနာမှန်ကို ကိုင်တွယ်ဖို့ မကြိုးစားဘူးလို့ သူတို့ပြောနေတာကို ဆရာကြီးကြားရမှာပါ။
ဖြေ ။ ။ ဒါက နိုင်ငံရေးသမားတွေ လုပ်နိုင်တဲ့ကိစ္စပါ။ အဲဒီနှစ်ဘက်ကို ညီမျှအောင် ထိန်းညှိရမှာပါ။ သူမလုပ်နိုင်သေးပါဘူး။ တိုင်းရင်းသားတွေမှာ လက်နက်ကိုင်အုပ်စု ကိုယ်စီနဲ့ပါ။ ဒါကို စစ်တပ်က မလိုလားဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် တိုက်တယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေ ကျေနပ်အောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ။ သူတို့ဒေသတွင်း လုပ်ပိုင်ခွင့်အာဏာတချို့ကို ပေးရမယ်။ တချိန်တည်းမှာပဲ စစ်တပ်ကိုလည်း ကျေနပ်အောင်လုပ်ရမယ်။ ဒါဟာ သိပ်ကိုခက်ခဲပါတယ်။ ဒါပေမဲ့ အစကတည်းက စစ်တပ်နဲ့ တခုခုညှိနှိုင်းပြီး လုပ်ခဲသင့်တယ် ထင်ပါတယ်။ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည်နေရာမှာဆိုရင် ခွဲထွက်ခွင့် မရှိရဘူးဆိုတာ ကျမ သဘောတူတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ယုံကြည်တယ်။ ရှင်တို့လဲ လိုချင်တယ်။ လူထုကလဲ လိုချင်တယ်။ ဒါကို ဘယ်လိုလုပ်ကြမလဲ။ ဆင်ချင်တုံတရားနဲ့အညီ လုပ်ကြရအောင်လို့ ပြောမှာပါ။ အဲဒီလိုဆိုရင် စစ်တပ်ကြီးစိုးမှုကို အချိန်အတိုင်းအတာတခုအထိနေပြီး ယုံကြည်မှု ခိုင်မာလာတာနဲ့အမျှ ဒါဟာပြောင်းလဲသွားမှာပါ။ စစ်တပ်ကိုယ်တိုင်ကလဲ ဒီလိုပြောထားပါတယ်။
မေး ။ ။ မြန်မာပြည်မှာ လူအများစုက သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကျူးလွန်မှုတွေကို နိုင်ငံတကာစင်မြင်မှာ အကာအကွယ်ပေးရင်းနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းအောင် လုပ်နေကြတယ်လို့ ပြောကြပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ယုံကြည်မှုရဖို့အတွက် လုံလောက်တဲ့ လုပ်ဆောင်ချက်လို့ ဆရာကြီး မထင်ဘူးလား။
ဖြေ ။ ။ သိပ်ခက်ခဲတဲ့ အနေအထားပါ။ ရိုဟင်ဂျာ ပြဿနာဟာ သိပ်ကိုအရေးကြီးပါတယ်။ ကမ္ဘာက ဒါကိုအာရုံစိုက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တွေက နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ မထိရောက်ပါဘူး။ စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးမှုကို အပြစ်မဆိုဘူး။ ပြီးတော့ တိုင်းရင်းသားလူနည်းစုတွေကိုလည်း ကောင်းကောင်းမွန်မွန် သဘောပေါက်နားလည်ပုံ မရပါဘူး။ ရိုဟင်ဂျာပြဿနာမက၊ ရခိုင်အေအေ ကိစ္စကိုပဲကြည့်ပါ။ အေအေရဲ့ အခန်းကဏ္ဍ၊ အေအေအပေါ် လူထုထောက်ခံမှု များသထက်များလာတာကို အစိုးရက ဘာကြောင့်သဘောမပေါက်နိုင်တာလဲ။ ဒီအချက်ကို အသိအမှတ်မပြုတာ ပြဿနာပါပဲ။ ကျရှုံးစေမယ့်ကိစ္စပါ။ အေအေအပေါ် ထောက်ခံမှုက ပိုပြီးပိုပြီးကြီးထွားလာပါတယ်။ ရခိုင်ဟာ တချိန်က ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတခုပါ။ ၁၇၈၅ ခုနှစ်မှာ ဗမာက သိမ်းပိုက်ခဲ့တာပါ။ ဒါက မြန်မာ့သမိုင်းမှာ တမူထူးခြားပါတယ်။ ထူးခြားတဲ့အမျိုးသားရေးဝါဒပါ။ ဒါကို အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်တို့ တနည်းနည်းနဲ့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။
မေး ။ ။ ဆရာကြီးက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပတ်သက်ပြီးတော့လဲ တိုင်းရင်းသားလူမျိုးစုတွေဘက်က အပေးအယူလုပ် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ ထောက်ပြထားတာကို တွေ့ရပါတယ်။ အခုအခါမှာ တိုင်းရင်းသားလူမျိုးစုတွေဟာ ခွဲထွက်ရေးကို ဘယ်သူမှ မတောင်းဆိုကြတော့ဘူး။ အကုန်လုံး စွန့်လွှတ်လိုက်ကြပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးကို သူတို့လိုချင်နေကြတာပါ။ ဒါထက်ပိုပြီး သူတို့ဘက်က ဘာများအလျှော့ပေး စေ့စပ်လုပ်သင့်သလဲ။
ဖြေ ။ ။ မှန်ပါတယ်။ ဘယ်လို ကိုယ်ပိုင် autonomy လဲ၊ ဘယ်လိုကိုယ်ပိုင်အုပ်ချုပ်မှုမျိုးလဲဆိုတာ ရှိပါတယ်။ သူတို့အများစုက ခွဲထွက်ခွင့်ကို စွန့်လွှတ်ခဲ့ကြပြီဆိုတာကို ကျနော်လက်ခံပါတယ်။ ဘယ်လိုကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်ကြသလဲဆိုတာကို အခုတော့ တယောက်တမျိုး တောင်းနေကြပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံအောက်ကနေ စပြီးတော့ လုပ်သင့်ပါတယ်။ သူတို့မှာ ဒေသတွင်းလွှတ်တော် ရှိတယ်။ အဲဒီမှာ အာဏာတွေ ပိုပေးသင့်တယ်။ ဒေသအစိုးရတွေကို အာဏာပိုပေးသင့်တယ်။ ဒီလိုနဲ့ ယုံကြည်မှုတည်ဆောက်သင့်ပါတယ်။
မေး ။ ။ ဆိုတော့ ဆရာကြီးက ၂၀၀၈ ဖွဲ့စည်းပုံကို အပြစ်မတင်ဘူးဆိုတဲ့ သဘောပေါ့။ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေ မဟုတ်ဘူး။ ဒါတွေဟာ ဖွဲ့စည်းပုံကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းတဲ့ကိစ္စသာ ဖြစ်တယ်လို့ဆိုတဲ့ သဘောလား။
ဖြေ ။ ။ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရေးဆွဲသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စစ်တပ်က သဘောတူမှ ပြန်ပြင်နိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်သဘောတူအောင် ဘယ်လိုလုပ်မလဲဆိုရင် အချိန်ယူပြီး ယုံကြည်မှုတည်ဆောက်ရမယ်။ နောက်တခုက တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့ ခံစားချက် တစုံတရာရအောင် လုပ်ပေးရပါမယ်။ ဒါဟာ လွှတ်တော်ကတဆင့် လုပ်ပေးနိုင်တယ်ဆိုတာကို ဖွဲ့စည်းပုံက ပြဌာန်းထားပါတယ်။ ဒါကို လုံးဝလုပ်လို့ရတယ်။ ဒေသတွင်း အရွေးခံရတဲ့ ခေါင်းဆောင်တွေကို ဗဟိုအစိုးရက အသိအမှတ်ပြုရမယ်ဆိုတာကို ဘာကြောင့်လုပ်လို့ မရမှာလဲ။
==Unicode==