မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ထိရောက်အောင်မြင်ဖို့အတွက် ကောင်းမွန်တဲ့ မူဝါဒနဲ့ ထိရောက်ရဲဝံ့စွာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တက္ကသိုလ် နဲ့ သြစတြေးလျနိုင်ငံ Monash University တို့မှာ အကြီးတန်းကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲတဲ့ ရူပဗေဒပညာရှင် ဒေါက်တာတင်ဝင်းကဆိုပါတယ်။ ဒါဖြင့် မြန်မာနိုင်ငံမှာ အခုဆောင်ရွက်တဲ့ ပညာရေး ပြုပြင်မှုမှာ ဘာတွေ လစ်ဟာနေပါသလဲ။ ဒေါက်တာတင်ဝင်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီနေ့ ကျနော်ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံပညာရေးစနစ် ဖြစ်ပါတယ်။ အဓိကအားဖြင့် အထက်တန်းပညာရေးနဲ့ တက္ကသိုလ်ပညာရေးစနစ်ပါ။ မြန်မာနိုင်ငံမှာ ပညာရေးစနစ်သစ် ပြောင်းလဲနေတယ်လို့ သိရပါတယ်။ စနစ်သစ်လည်း ဘယ်နှစ်ကြိမ် ပြောင်းခဲ့ပြီလဲ မသိပါဘူး။ ကျနော်တို့ခေတ်ကတည်းက စနစ်သစ်၊ စနစ်သစ်နဲ့ သစ်လာခဲ့တာ … အခု ပြောင်းလဲနေတဲ့ စနစ်သစ်ဆိုတဲ့ အနစ်သာရကို နည်းနည်းလေး အကျဉ်းရုံး အရင်ရှင်းပြပါ။
ဖြေ ။ ။ ကျနော် နားလည်သလောက်ပြောရရင် အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းပြီးတော့ တန်းတူဖြစ်အောင် အနည်းဆုံးတော့ ပညာရေးမှာ တန်းတူဖြစ်အောင် ပြုပြင်ပြောင်းလဲနေတယ်လို့ သိရပါတယ်။ အဲဒီလို ပြောင်းလဲတဲ့ သင်ရိုးညွှန်တမ်းတွေလည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလောက်ကနေ အဖွဲ့တွေဖွဲ့လုပ်ခဲ့ပါတယ်။ ကျနော်သိသလောက် သူတို့က လွတ်လွတ်လပ်လပ် စဉ်းစားပြီးတော့ လုပ်မယ့်အစား၊ စနစ်ဟောင်းကိုပဲ သာမန်ဖြည့်ပြီး အဲဒီလို လုပ်ချင်ပုံရတယ်။ အဲဒီတော့ အင်္ကျ ီချုပ်သလိုပဲ ကိုယ်ဝတ်ချင်တဲ့ အင်္ကျီ ဘယ်နေရာသွားပြီး ချုပ်မလဲ။ အဲဒီချုပ်မယ့် အင်္ကျ ီကို ပိတ်စအသစ်နဲ့ တခါနဲ့ညှပ်ပြီးတော့ ချုပ်လိုက်တာဆိုရင် ပိုကောင်းတယ်။ အရာရာ သင်ရိုးအသစ်ပေါ့ သူဘာသာ စဉ်းစားပြီးဆွဲဖို့ - ဒါမှမဟုတ်လို့ အဟောင်းထည်ကို ဝယ်ပြီးတော့ ဒီနားဖာမယ်၊ ဟိုနားညှပ်ထုတ်မယ် ဒီလိုလုပ်လိုက်လို့ရှိရင် ကိုယ်လိုချင်တဲ့ ပုံစံ ဖြစ်မလာဘဲ နေလိမ့်မယ်။ … သူတို့မှာ ဘာအားနည်းသွားသလဲဆိုတော့ နိုင်ငံတကာအတွေ့အကြုံကို Exposure မရှိကြဘူး။ သင်ရိုးညွှန်တမ်းဆွဲတဲ့ လူတွေကိုယ်တိုင်က Exposure နည်းနေတယ်။ အဲဒီလိုဖြစ်နေတော့ ချက်ချင်းကြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပြောင်းလဲဖို့ဆိုတာက သိပ်တော့မလွယ်သေးဘူး။
ကျနော်တို့ ရူပဗေဒမှာ ရှိသလို ..သွားမြဲသွားနေတဲ့ ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ ဒီသွားမြဲသွားနေတာကို ကျနော်တို့က အားစိုက်လိုက်ပြီး မပြင်ရင်တော့ သူသွားမြဲအတိုင်းပဲ သွားနေမှာပဲ။ ကိုယ်လိုချင်တဲ့ Direction လမ်းကြောင်းကို သွားမှာ မဟုတ်တော့ဘူး။
မေး ။ ။ ဆရာတင်ဝင်းက သြစတြေးလျတက္ကသိုလ်မှာဆိုတော့ အနောက်နိုင်ငံတွေရဲ့ ပုံစံလိုပဲ ထားပါတော့။ မြန်မာနိုင်ငံရဲ့ အခုပညာရေးစနစ် ပြုပြင်ပြောင်းလဲနေတဲ့ လမ်းကြောင်းကိုပဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းတွေနဲ့ ဆိုတာလဲ စင်္ကာပူတို့ကို ဘာတို့ကို ဖယ်ထားလိုက်ပါအုံး ဘေးနားက ကပ်လျက်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပညာရေးစနစ်နဲ့ နှိုင်းယှဉ်ရင်ကော ဘယ်လိုနေပါသလဲ။ သူတို့နိုင်ငံမှာကော မြန်မာနိုင်ငံထက် ပိုပြီးမှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဒီလိုသွားနေကြပြီလို့ ပြောလို့ရပါသလား။
ဖြေ ။ ။ ဟုတ်ကဲ့ ပြောနိုင်ပါတယ်။ ကျနော် မလေးရှားမှာ သြစတြေးလျတက္ကသိုလ်ဖြစ်တဲ့ Monash University ကျောင်းခွဲမှာ ကျနော်လုပ်ပါတယ်။ အဲဒီမှာ မလေးတက္ကသိုလ်တွေ၊ မလေးရှားအထက်တန်းကျောင်းက ကလေးတွေရဲ့ သင်ရိုးညွှန်တမ်းတွေကို သတိထားကြည့်မိတယ်။ ဥပမာဆိုပါစို့ ဘွဲ့တစ်ခုရသွားပြီးရင် ဒီကျောင်းသား ဘယ်မှာအလုပ်ရသလဲ။ လစာဘယ်လောက်ရသလဲ စသဖြင့် အဲဒါတွေပါ စစ်တမ်းပြန်ကောက်ပြီးတော့ သူတို့သင်ရိုးကို ပြန်ပြန်ညှိပြီးပြင်တယ်။ ပြီးတော့ အလွတ်ကျက်တဲ့စနစ် မဟုတ်ဘဲနဲ့ အများစုက သူတို့ရဲ့ Critical Thinking ခေါ်တဲ့ ဝေဖန်ပိုင်ခြာနိုင်တဲ့ဉာဏ်မျိုးကို လေ့ကျင့်ပျိုးထောင်ပေးတဲ့အတွက် ကလေးတွေက ဘွဲ့ရလို့ရှိရင်လဲ၊ ဘွဲ့ရတစ်ယောက်ရဲ့ အရည်အသွေးနဲ့ လျောညီစွာ လုပ်နိုင်ကိုင်နိုင်တာကို တွေ့ရပါတယ်။ ကျနော်တို့ဆီမှာတော့ ဘွဲ့ရသွားပြီးဆိုရင် မိမိရခဲ့တဲ့ဘွဲ့နဲ့ လိုက်လျောညီထွေတဲ့ အတွေးအခေါ်မျိုးတောင် သိပ်မရှိတာတောင် တွေ့ရတယ်။ ဥပမာ ပထဝီနဲ့အောင်တဲ့ ကျောင်းသားကို မြန်မာပြည်မှာ တိုင်းနဲ့ပြည်နယ် ဘယ်နှစ်ခုရှိသလဲလို့ မေးကြည့်ရင် ရေရေရာရာ မဖြေနိုင်ဘူး။ မြန်မာပြည်မှာ မြစ်ကြီးဘယ်နှစ်စင်း ရှိသလဲဆိုတာလဲ မသိဘူး။ မေးလိုက်ရင် ဘွဲ့ရတယောက်ဖြေတဲ့ အဖြေမျိုး မဟုတ်ဘဲနဲ့ ဘာမှမသိတဲ့ ဖြေသလိုမျိုး အဲဒီ ပရိုဂရမ်တွေမှာ တွေ့နေရလို့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အများကြီးကို ပြုပြင်ပြောင်းလဲရမှာ သေချာပါတယ်။
မေး ။ ။ နောက်တခုက ပညာရေးစနစ် ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေကို လေ့ကျင့်ပေးဖို့ကလည်း သိပ်အရေးကြီးပါတယ် ထင်ပါတယ်။ အခုမြန်မာနိုင်ငံမှာ ရှိနေတဲ့ ဆရာ၊ ဆရာမတွေကိုရော သူတို့မျှော်မှန်းထားတဲ့ ပညာရေးစနစ်နဲ့ အံ့ဝင်ဂွင်ကျ သင်ကြားပို့ချပေးနိုင်အောင် လေ့ကျင့်သင်ကြားပ့ို့ချပေးတယ်လို့ သိရပါတယ်။
ဖြေ ။ ။ ကျနော် သိသလောက်တော့ လေ့ကျင့်မှုတွေတော့ လုပ်နေပါတယ်။ သင်တန်းပေးတာတွေ လုပ်နေတယ်။ အခုန ပြောသလိုပဲ ဒီသင်တန်းတွေကို ကြည့်တဲ့အခါမှာ ကျောင်းသားနဲ့ ဆရာတွေက သင်တန်းတက်ပြီဆိုလို့ရှိရင် အဲဒီသင်တန်းက ပေးထားတဲ့ အသိပညာကို လိုက်နိုင်တဲ့ အရည်အသွေးရှိမှ အဲဒါကိုလိုက်ပြီး စဉ်းစားပြီး လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ အခု ကျနော်တို့ဆီမှာက ဆရာတွေက ဟိုရှေ့ဟောင်းစနစ်နဲ့ အောင်လာခဲ့တဲ့ ဆရာတွေ။ အခုခေတ် တော်တော်လေး ဆရာ၊ ဆရာမတွေက လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်က PhD ရခဲ့တဲ့ ဆရာဆရာမတွေ။ ဗမာပြည်မှာပဲ သင်ယူဘွဲ့ရခဲ့တဲ့သူတွေ ဖြစ်တယ်။ သူတို့မှာက PhD လို့ခေါ်ပေမယ့်လဲ တကယ့်အဆင့်မီ PhD Facilities မျိုး မရှိခဲ့ဘူး။ ဥပမာ စာကြည့်တိုက်၊ လေ့ကျင့်ပေးဖို့ Lab တို့ အားနည်းခဲ့တယ်။ အဲဒီမှာ အားနည်းတော့ သူတို့ကိုယ်တိုင် ဆရာ၊ ဆရာမလုပ်တဲ့အခါ ကျောင်းသားတွေက သူတို့ရဲ့ အတွေ့အကြုံအရ ရရှိခဲ့တဲ့ ပုံစံမျိုးပဲ သင်ကြားပြသနိုင်တယ်။ အဲဒါတွေကို စာရင်းလုပ်တဲ့အခါကြတော့ ကျနော်တို့က Critical Thinking ကို ဆရာ၊ ဆရာမတွေကိုပဲ သင်ကြားပို့ချပေးရမှာ။ လုပ်တာတော့ ကြားနေတယ်။ ဘယ်လောက်အောင်မြင်သလဲဆိုတာတော့ သိပ်မသိသေးဘူး။ တက္ကသိုလ်မှာလဲ ကျနော်တို့က ဘွဲ့ရအောင်ပဲ သင်နေတယ်။ နိုင်ငံတကာမှာ Research Oriented ဖြစ်လာနေပြီ။ research ကို ဦးတည်ပြီး လုပ်ကြတယ်။ အဲဒါတွေ လုပ်တဲ့အတွက် ဆရာ၊ ဆရာမတွေကိုလည်း research လုပ်ဖို့ တိုက်တွန်းနေတယ်၊ စာတမ်းတွေရေးဖို့ဆိုတာတွေတော့ ကြားနေတယ်။ ဒါပေမဲ့ ကျနော်မြင်ရတာတော့ တချို့ စာတမ်းတွေကို ဖတ်ကြည့်တဲ့အခါမှာ အရည်အသွေးက တော်တော်လေးကို လိုအပ်နေပါသေးတယ်။ ဒါပေမဲ့လဲ မလုပ်တာထက်စာရင် လုပ်နေပြီဆိုတော့ စပြီးရွေ့တော့မှာပေါ့။ ဒီလိုပဲ ကျနော် ကောက်ချက်ချပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ အခုတင်မကဘူး လွတ်လပ်ရေးရပြီလို့ ဆယ်နှစ်အကြာတုန်းက ရေးခဲ့တဲ့ ပညာရှင်တွေရဲ့ စာအုပ်ကိုကြည့်လိုက်ရင် မြန်မာနိုင်ငံမှာတော့ ဘွဲ့ရတွေကတော့ အများကြီးပဲ ဒါပေမဲ့လဲ လုပ်ငန်းခွင်နဲ့ အံ့ဝင်ခွင်ကျဖြစ်တဲ့ အလုပ်သမားတွေ၊ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ လုပ်အားရှင်တွေ အဲဒီလူတွေ သိပ်ရှားပါးတယ်လို့ ပြောကြတယ်။ ပညာရေးစနစ် ချမှတ်တာကိုယ်က Professional လုပ်ငန်းခွင် ဝင်နိုင်တဲ့ ပညာရေးထက်၊ တက္ကသိုလ်ပညာရေးဟာ နည်းနည်းပိုပြီးတော့များ ဖောင်းပွနေသလားဆိုတာလဲ ကျနော် စဉ်းစားမိပါတယ်။ အဲဒါကို ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ အဲဒါကလဲ ကျနော်တို့မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်တဲ့ ရည်ရွယ်ချက်က ဘွဲ့ရရှိရေး၊ ပညာတက်ရေးထက် အဆောင်အယောင်တွေနဲ့ ဧည့်ခန်းမှာ ဘွဲ့ယူတဲ့ပုံလေးတွေ ချိတ်ထားမယ်။ ဘွဲ့လက်မှတ်ကပ်ထားမယ်။ ဒီရည်ရွယ်ချက်လောက်ရှိတဲ့ လူတွေက ပိုများမယ်ထင်တယ်။ ပညာရပ်တွေကို စိတ်ပါဝင်စားစွာနဲ့ ဘွဲ့ရတစ်ယောက် သင်ယူတဲ့ဘွဲ့နဲ့ လျော်ညီတဲ့ အတွေးအခေါ် ပညာရပ်သင်ကြားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်တဲ့ကျောင်းသားက အင်မတန်နည်းပါတယ်။ ဥပမာပြောရရင် ဖောင်းပွဝါဒ ဘယ်လောက်များသလဲဆိုရင် ကျနော်တို့ ရူပဗေဒဆိုရင် အင်မတန်ခက်ခဲနက်နဲတဲ့ ပညာရပ်ဖြစ်တယ်။ အင်မတန်တိုးတက်တဲ့ နိုင်ငံကြီးတွေတောင် အသုံးချနိုင်တဲ့ ရူပဗေဒပညာရှင် အရေအတွက်က သိပ်မများလှဘူး။ တက္ကသိုလ်ကြီးတွေမှာတောင် တစ်တန်းမှာ သိရသလောက် နှစ်ဆယ်သုံးဆယ် အလွန်ဆုံးရှိရင် ငါးဆယ် ရှိမယ်။ မြန်မာပြည် ရန်ကုန်တက္ကသိုလ်မှာဆိုရင် ရူပဗေဒဆိုရင် အရင်တုန်းကတည်းက လူတစ်ထောင်လောက် ရှိတယ်။ လေးတန်းဆိုရင် လေးထောင်လောက် ရှိတယ်။ အဲဒီတော့ လူလေးထောင်မှာ လေးနှစ်အတွင်းမှာ ထွက်လာမယ်ဆိုရင် ဘွဲ့ရတဲ့အရေအတွက်က ဖောင်းပွသွားတယ်။ အသုံးချနိုင်တဲ့လူ သိပ်မရှိဘူး။ အဲဒီတော့ တက္ကသိုလ်ပညာရေးကိုလည်း အရေအတွက် ပြန်လျှော့ချဖို့ လိုအပ်ပါတယ်။ ကျောင်းသားအရေအတွက် ပြန်လျှော့ချပြီးတော့ ကျောင်းသား-ဆရာ အချိုးရေ နိုင်ငံတကာစံနှုန်းနဲ့အညီ လုပ်ပြီးတော့ သုတေသနဘက်ကို ဦးတည်ပြီးတော့ Critical Thinking ဝေဖန်ပိုင်းခြားပြီးတော့ စဉ်းစားနိုင်မယ့် ဘွဲ့ရတစ်ယောက် ဖြစ်လာအောင် သင်ကြားပို့ချဖို့ လိုအပ်ပါတယ်။
အခု အဲဒါက လောလောလတ်လတ်တော့ မဖြစ်နိုင်သေးဘူးထင်တယ်။
မေး ။ ။ အဲဒီတော့ လောလောလတ်လတ် မဖြစ်နိုင်သေးတာတွေ တော်တော်လေးများမယ် ထင်ပါတယ်။ စောစောက ပြောခဲ့သလို အင်္ကျ ီအသစ်ချုပ်ပြီးတော့ အသစ်ဝတ်နိုင်မယ့် အခြေအနေရောက်ဖို့ ဘယ်လောက်အထိ ကြန့်ကြာလိမ့်မယ် ထင်ပါသလဲ။ အဓိက ပြုပြင်သင့်တဲ့ဟာလေးတွေလည်း အကျဉ်းရုံးပြောလိုက်ပါအုံး။
ဖြေ ။ ။ အဲဒါက ကျနော်တို့ တပြိုင်နက်ထဲ ပြင်ရမှာပါ။ အရင်က ကျနော်လည်း စဉ်းစားမိတာက ဘယ်လိုလုပ်ကြမလဲ … တက္ကသိုလ်လေးနှစ်မှာ ပထမနှစ်ကစပြီးတော့ ဒုတိယနှစ်အထိ အဲဒီလိုလုပ်လို့ မရဘူး။ အဲဒါဆို သူငယ်တန်းကနေ ဆယ့်နှစ်တန်းအထိ တောက်လျှောက် - အားလုံးပေါင်း ဆယ့်သုံးနှစ်ကြာမယ်။ (၁) နှစ်၊ (၁) တန်း ရေတွက်လိုက်ရင်။ တက္ကသိုလ်ပညာရေးမှာ နောက်ထပ်လေးနှစ်၊ ခြောက်နှစ် ထပ်ကြာအုံးမယ်ဆိုရင် ဆယ့်ခုနှစ်လောက် ကြာသွားမယ်။ အဲဒီလိုဖြစ်မယ့်အစား အတန်းတိုင်းကို တပြိုင်နက်ထဲ ပြင်ဖို့လိုပါတယ်။ အဲဒီလိုပြင်ရင် လေးနှစ်ရှစ်နှစ်အတွင်းမှာ ကိုယ်လိုချင်တဲ့ အရည်အသွေး ရနိုင်ပါတယ်။ ပြုပြင်တဲ့ ပုဂ္ဂိုလ်များကိုလည်း သေသေချာချာ သင်တန်းပေးရမယ်။ အရည်အသွေးရှိတဲ့ စာတမ်းတွေကို ရွေးချယ်ရမယ်။ တကယ်ကို စိတ်ဝင်စားစွာနဲ့ တကယ်လုပ်နိုင်တဲ့လူတွေကို ရွေးချယ်ပြီးတော့ ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ ရမယ်။ အဓိကတော့ ပေါ်လစီ ချမှတ်တဲ့ ပညာရေးဝန်ကြီးဌာနက အရေးကြီးပါတယ်။ သူတို့က သေချာမှန်ကန်တဲ့လမ်းနဲ့ ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ တိုင်းပြည်အတွက် လိုအပ်တဲ့ အရည်အသွေးရှိတဲ့ ဘွဲ့ရတွေ ထွက်လာမှာပါ။ အဲဒီလိုပဲ မထိတထိ လုပ်နေလို့ရှိရင်တော့ နောက်ထပ် အနှစ် (၂၀) ကြာလာရင်လဲ ဒီပညာရေးကြီးက ဒီအတိုင်းပဲ ဖြစ်နေမှာပါ။ သိပ်ပြီးတော့ တိုးတက်ပြောင်းလဲလာမှာ မဟုတ်တော့ပါဘူး။