သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီအရွေ့ NCGUB ဝန်ကြီးဟောင်းကိုယ်တွေ့


Dr. Tint Swe, former NLD party members and former MPs of 1990 election (Photo by VOA)
Dr. Tint Swe, former NLD party members and former MPs of 1990 election (Photo by VOA)
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ပြည်ပထွက်လှုပ်ရှားခဲ့ရပြီး နှစ်ပေါင်း (၃၀) နီးပါးအကြာ မြန်မာနိုင်ငံမှာ မမျှော်လင့်မိခဲ့တာတွေ ဖြစ်လာသလို မျှော်လင့်ခဲ့ပြီး မဖြစ်လာသေးတာတွေ တွေ့နေရတယ်လို့ NCGUB ခေါ် ယခင် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်းအစိုးရ ဝန်ကြီးဟောင်းတဦးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်အထိရွေ့ခဲ့ပြီလဲဆိုတာ NCGUB ကို မတရားအသင်း နဲ့ အကြမ်းဖက်အဖွဲ့စာရင်းက ရုတ်သိမ်းကြောင်း ကျေညာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့ ဒေါက်တာတင့်ဆွေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာ မြန်မာပြည်ကိုပြန်တာ နှစ်ပေါင်းဘယ်လောက်ကြာမှလဲ ခင်များ။

ဖြေ ။ ။ နှစ်ဆယ့်ခုနှစ်ကျော်ကျော် နှစ်ဆယ့်ရှစ်နှစ်နီးနီးပါ။

မေး ။ ။ မြန်မာနိုင်ငံကို ပြန်ရောက်သွားတော့ ဆရာ တွေ့ရတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ နိုင်ငံရေးအခြေအနေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေလုပ်တယ်၊ ဘာညာဆိုတာ သတင်းလောကမှာ အပြင်ကနေ သိပြီသာ။ Well-informed ဖြစ်ပါလိမ့်မယ်။ လက်တွေ့မှာ တကယ်တွေ့လာရတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီဘက်ကို ဘယ်လောက်အထိ ရွေ့ခဲ့ပြီလို့ အကြမ်းမျဉ်းသုံးသပ်လိုပါလဲ။

ဖြေ ။ ။ ကျနော် မလာခင်တုန်းက ထင်ထားတာတွေထဲမှာ ပိုပြီးတော့ တွက်ခဲ့တာတွေ လိုပြီးတော့ တွက်ခဲ့တာတွေ ရှိခဲ့တယ်။ တကယ်လက်တွေ့ရောက်လာတဲ့အခါမှာ တစ်လခွဲအတွင်းမှာ တွေ့ရတာကတော့ ခြုံပြီးပြောရရင်တော့ အားတက်စရာတွေလို့ ကျနော်မြင်ပါတယ်။ ဒီမိုကရေစီခေါင်းစဉ်အောက်က မေးရမယ်ဆိုရင်တော့ ပွင့်လင်းလွတ်လပ်မှုနဲ့ အကြောက်တရားကတော့ အရင်ထက် သိသိသာသာ၊ ကျနော်ကြားထားတာတွေ သိသိသာသာ၊ ကျနော်မထွက်ခင်က အခြေအနေနဲ့ဆိုရင် လုံးဝပြောင်းပြန်၊ လွတ်လပ်ပွင့်လင်းလာကြတယ်။ သတ္တိတွေ ရှိလာကြတယ်။ မပြောရဲ မဆိုရဲ၊ မသွားရဲ မလာရဲ၊ မတွေ့ရဲတဲ့ဟာတွေ ပြောင်းပြန်ဖြစ်ပြီး .. တွေ့ရပါတယ်။ ဒါက ဒီမိုကရေစီအခွင့်အရေးပါ။

နောက်တခါ ဒီမိုကရေစီကိုပဲ အသုံးချမှုတွေ လက်တွေ့ကျလာတယ်။ လက်တွေ့ကျလာတာနဲ့အမျှ ဒီမိုကရေစီသဘောအရ ဒီမိုကရေစီကို အခွင့်အကောင်းယူပြီးတော့ ကိုယ့်ပါတီ၊ ကိုယ့်အကျိုးစီးပွား ရရှိရေးလုပ်နေတာတွေလည်း ရှိတယ်လို့ ကျနော်မြင်ပါတယ်။ ဒါကတော့ ရှိရိုးရှိစဉ် သဘာဝပါပဲ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ လုပ်စရာတွေ၊ ပြင်စရာတွေ အများကြီး ရှိတယ်လို့ ကျနော်မြင်ပါတယ်။

မေး ။ ။ ဆရာ အခုနပြောတာက ဆရာ လိုပြီးတော့ တွက်ခဲ့တယ်လို့ ပြောရမှာပေါ့။ ဒီလိုတောင် ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့။ ဆရာ တွက်တာက လိုနေသေးတယ်ပေါ့။ ပိုပြီးတော့ တွက်ခဲ့ပြီး ဖြစ်မလာတာတွေလည်း ပြောပါ။

ဖြေ ။ ။ ပိုပြီးတော့ကတော့ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးကဏ္ဍမှာတော့ စိတ်မကောင်းစရာပေါ့။ သူတို့တွေ အဆင်မပြေကြဘူးလို့ တွေ့လာတယ်။ ဒါက မိုးလေဝသတခုတည်းနဲ့ မဟုတ်ဘဲနဲ့ တခြားနိုင်ငံရေးနဲ့ နိုင်ငံတကာ ကုန်သွယ်မှုတွေ အပါအဝင်ပေါ့။ အဲဒါတွေလည်းရှိတယ်။

နောက်တခါ သမာရိုးကျ စိုက်ပျိုးနေရကနေ ဈေးကွက်ကို ဦးတည်တဲ့ တိတိကျကျ ပြောရရင် တရုတ်နိုင်ငံက ဝယ်ချင်တဲ့ သီးနံှတွေ၊ အပင်တွေကိုပဲ စိုက်ဖို့ပြောင်းကြရတော့ အဲဒါတွေက တွက်ခြေကိုက်တာရှိတယ်၊ တွက်ခြေမကိုက်တာရှိတယ်။ နောက်တခုက ဒီဟာတွေက ရေရှည်မှာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မြေဆီသြဇာအတွက် ဒီတောင်သူလယ်သမားကဏ္ဍကို မရေရာတဲ့ဟာအတွက်တော့ ကျနော် တော်တော်စိုးရိမ်တယ်။

မေး ။ ။ ဒီကိစ္စမှာ စိုက်ပျိုးရေးကဏ္ဍ ထင်တိုင်းမပေါက် ဖြစ်နေတာဟာ နိုင်ငံရေးကြောင့်လား။ စီမံခန့်ခွဲမှုကြောင့်လား။ လယ်သမားတွေရဲ့ အခွင့်အရေး၊ လယ်သမားတွေရဲ့ Incentives လုပ်ချင်ကိုင်ချင်အောင်၊ အထွက်တိုးအောင် တွန်းအားမပေးနိုင်တဲ့ ပုံစံမျိုးဟာ နိုင်ငံရေးကို အခြေခံပြီး ဖြစ်နေတာလား။ သို့တည်းမဟုတ် စီမံခန့်ခွဲရေးသက်သက်လို့ ပြောနိုင်ပြီလား။ ဆရာ ဘယ်လိုသဘောရလဲ။

ဖြေ ။ ။ အဲဒါက တော်တော်လေး ကျယ်ပြန့်တယ်။ သိတဲ့အတိုင်း ပြီးခဲ့တဲ့ အစိုးရတိုင်းမှာ တပြည်လုံးကို သိမ်းထားတဲ့ မြေတွေကိစ္စ - သိမ်းထားပြီးတော့ ပြောထားတဲ့ သိမ်းရခြင်းအကြောင်းရင်းအတိုင်း မလုပ်ကြတာရှိတော့ မြေဧကတွေ တော်တော်များများ ပျက်ဆီးကြတယ်။ အဲဒီဟာက မြေသိမ်းမှုဆိုတဲ့ စီမံခန့်ခွဲမှုအမှားလို့ ပြောရမှာ။ အခုတော့ အရင်လောက်တော့ မဆိုးတော့ဘူး။ ဒါပေမဲ့ အစိုးရကိုယ်တိုင်လည်း ဒါကို ရေရှည်အမြင်နဲ့ စီမံကိန်းချတဲ့အဆင့် မရောက်နိုင်သေးဘူး။ ကျနော်ထင်တယ် စတောင်မစရသေးဘူးထင်တယ်။ အဲဒီတော့ ခြုံပြောရင်တော့ အရင်တုန်းက မှားခဲ့တဲ့အမှားတွေ၊ အခုလက်ရှိလဲပဲ ဒါကို ကျကျနန ပြင်နိုင်စွမ်းမရှိသေးတာနဲ့ ပြင်ချိန်လဲ မရှိသေးသလား မပြောတတ်ဘူး။ အဲဒါကတော့ စိတ်မကောင်းစရာလို့ ကျနော်မြင်တယ်။

မေး ။ ။ နိုင်ငံရေးပတ်သက်ပြီး ဆက်မေးချင်ပါသေးတယ်။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားအင်အားစုတွေနဲ့ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးရမယ့် အလားအလာလည်း On again Off again တက်လိုက်ကျလိုက် ဖြစ်နေတဲ့ အချိန်မျိုးလို့ ဆိုရပါလိမ့်မယ်။ အခုအခြေအနေကို ဆရာ ဘယ်လိုသုံးသပ်လိုပါလဲ။

ဖြေ ။ ။ အဲဒါကိုလဲ အားမနာတမ်း ပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီကနေ့ ဗမာနိုင်ငံမှာ ဖြစ်နေတာက လက်နက်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အင်အားစုတွေ ပြောဆိုလုပ်ကိုင်နေကြတာဖြစ်ပြီးတော့ အစိုးရလုပ်တဲ့ ပုဂ္ဂိုလ်က ကြားကနေ အောင်သွယ်လိုလို လုပ်နေရတဲ့အဆင့်မှာ ရှိနေတယ်။ လက်နက် ဘာကြောင့်ကိုင်ရသလဲဆိုတဲ့ အကြောင်းတရားကို ပယ်ဖျက်နိုင်ဖို့နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်း စစ်တပ်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေက နိုင်ငံရေးအမြင်ရှိရှိ - နိုင်ငံရေးအမြင်ဆိုတာ တိုင်းပြည်အကျိုးစီးပွားကို ဦးတည်တဲ့ နိုင်ငံရေးအမြင်အထိ ရှိမှာသာလျှင် ဗမာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက လမ်းစအမှန်ပေါ် ရောက်နိုင်မယ်လို့ ကျနော်မြင်တယ်။ လက်ရှိကတော့ တော်တော်ကို စိတ်မကောင်းစရာပါ။ အားမရဘူးလို့ ကျနော် မြင်ပါတယ်။

မေး ။ ။ နိုင်ငံရေးပြီးတော့ လူမှုရေး။ စောစောကတော့ လယ်သမားတွေအကြောင်းတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဆရာပြောပြီးပါပြီ။ လူမှုရေးကဏ္ဍထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးကဏ္ဍ - ဆရာကိုယ်တိုင် ဆရာဝန်တဦးဖြစ်နေတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာ အရင်ထက်ပိုပြီးတော့ တိုးတက်ကောင်းမွန်လာပြီလို့ ဆရာ တွေးမိပါသလား။

ဖြေ ။ ။ အဲဒါကတော့ လက်တွေ့ ကျနော့်ပတ်ဝန်းကျင် ခရီးသွားတဲ့အထဲမှာလည်း ကျန်းမာရေးဌာနကလူတွေ၊ ကျန်းမာရေးဆေးရုံ၊ ဆေးခန်းတွေ တော်တော်များများ နေ့တိုင်းလိုလို လူနာတွေအပါအဝင် ထိတွေ့နေရတော့ ပိုက်ဆံဆိုတဲ့ ငွေကြေးမရှိရင် ကျန်းမာရေးကုသ စောင့်ရှောက်မှု တော်တော်ခက်နေတဲ့အချိန် ဖြစ်တယ်။ နောက်တခါ ကုန်ကျစရိတ်ကြီးတာကော နောက်တခုက ပိုက်ဆံကို မူတည်တဲ့ ကျန်းမာရေး အဆောက်အအုံအသစ်တွေတော့ အများကြီးပေါ်လာတယ်။ သို့သော်လဲ နောက်ကလိုက်တဲ့ကိစ္စတွေ ဥပမာ မှန်ကန်တဲ့ အရည်အသွေးမီတဲ့ စက်ပစ္စည်း၊ အသုံးအဆောင်၊ အတတ်ပညာတွေ ကျန်သေးတယ်။ အများစု လူထုအတွက်ကတော့ အခြေခံကျန်းမာရေးဌာနတွေမှာ အခုအချိန်အထိ တော်တော်လိုအပ်နေတယ်လို့ မြင်တယ်။ သို့သော် ဒီဟာကို အလုံးစုံပြောင်းဖို့လိုတဲ့ ကျန်းမာရေးစနစ်ကြီး လိုနေတယ်လို့မြင်တယ်။

လက်ရှိ ကျန်းမာရေးဝန်ကြီးအသစ်ကလည်း ကြိုးစားတာတော့ ကြိုးစားတယ်။ သို့သော် ကျနော့် ပုဂ္ဂိုလ်ရေးအမြင်ပဲ ဆိုပါစို့ - သူက နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်။ နိုင်ငံတကာအမြင်နဲ့ စီမံခန့်ခွဲမှုမျိုးနဲ့ ကြိုးစားနေပေမယ့်လို့ ဗမာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ တချို့နေရာတွေမှာ ကွာဟနေသလားလို့ ကျနော်က စိုးရိမ်မှုရှိတယ်။ ဒါကြောင့် အရင်တုန်းကတော့ ကျနော်တို့ ဆရာဝန်ဖြစ်တဲ့ကာလမှာတော့ ခက်ခဲကြမ်းတမ်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဦးတည်နေရာကနေ ဒီကနေတော့ လွယ်ကူပြီးတော့ ချမ်းသာတဲ့လူတွေသာလျှင် လက်လှမ်းမီတဲ့ ကျန်းမာရေးအဆင့်သာ ရှိသေးတဲ့အတွက် ဒီကိစ္စကြီးကလည်း တာဝန်ရှိတဲ့လူတွေရဲ့ အမျှော်အမြင်ရှိမှုနဲ့သာ လုပ်မှသာလျှင် တိုးတက်စရာရှိမယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ ပညာရေးတော့ မမေးပါဘူး။ ပညာရေးက လူတိုင်းလည်း ပြောနေပြီသားဆိုတော့ ကြားနေရပါတယ်။ ဆိုတော့ ကျနော် နောက်ဆုံးမေးချင်တာကတော့ အခု NCGUB အရင်က ဆရာတို့ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့တဲ့ NCGUB ကို မကြာသေးခင်က မြန်မာနိုင်ငံအစိုးရကနေ မတရားအသင်းအဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်လိုက်ပြီ ဘာညာလို့ ပြောပါတယ်။ တကယ်တော့ NCGUB က သူဘာသာ ဖျက်ပြီးသား ဖြစ်နေပြီ ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာ ဘယ်လောက်အထိ Significant ဘယ်လောက်အထိ ထူးခြားပါလဲ။

ဖြေ ။ ။ ထူးခြားမှုတော့ တစုံတရာ ရှိပါတယ်။ ပြောမယ်ဆို တကယ်ထိပ်တန်းပုဂ္ဂိုလ်တွေ အစည်းအဝေးကြီးနောက်မှာ ထွက်လာတဲ့အချက်ကလေး တခုပေါ့။ နောက်တခါ ကျနော်လည်း ဒီရောက်နေတဲ့အချိန်။ ဘာကြောင့်လဲဆိုရင် NCGUB မှာ နောက်ဆုံး ၂၀၁၂ ခုနှစ် ဖျက်သိမ်းပြီးနောက် နောက်ဆုံးအချိန်ထိ လူ (၃) ဦးပဲ ကျန်တော့တယ်။ ဒေါက်တာစိန်ဝင်း၊ ကျနော်ရယ်၊ ဦးခွန်မားကိုဘန်းရယ်။ အဲဒီမှာ ဦးခွန်မားကိုဘန်းကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အခြေချပြီး ဆောင်ရွက်နေပြီ။ ဒေါက်တာစိန်ဝင်းနဲ့ ကျနော်ကတော့ ပြည်ပအခြေချနေကြတယ်။ ပြည်ပနေတော့ ကျနော်တို့တွေက အမေရိကန်နိုင်ငံသားလည်း မဟုတ်ဘူး။ ကျနော်တို့ ပြန်လာတဲ့အခါမှာ အခက်အခဲတွေ အကန့်အသတ်တွေ ရှိခဲ့တယ်။ အဲဒီအကန့်အသတ်တွေကို အခု ဖြည်းဖြည်းဖြေလျှော့လာခဲ့တယ်။ ဒါကတော့ အင်မတန် ကောင်းပါတယ်။ ခံဝန်ချက် မထိုးရတာတို့ ဖြစ်လာပြီ။ ကျနော်တို့ နောက်တခါ Passport တောင် လျှောက်ယူလို့ရနိုင်တဲ့ အဆင့်တွေ ဖြစ်လာပြီ။ အဲဒီအခြေအနေမျိုးမှာ ပညာသည်လိုက်ရှာရင် တွေ့လိုသူကို ဖျက်ပေးကြသလား။ ဖျက်တဲ့နေရာမှာ ပြည်ထဲရေးက ဖျက်တာ။ ပြည်ထဲရေးဆိုတာလည်း သိတဲ့အတိုင်းပဲ အရင်စစ်အစိုးရလက်ထက်တုန်းကလည်း ဒီလိုမျိုး နှိပ်ကွပ်တဲ့ ထောက်လှမ်းရေးတွေကိုင်တဲ့ အဖွဲ့အစည်းက ထွက်လာတော့ သူတို့လုပ်တာကို သူတို့ ပြန်ဖြေတဲ့သဘော လုပ်တဲ့အတွက် သိပ်တော့မပိုဘူး။

ကျနော်တို့က ပိုပြီးတော့ အရည်အသွေးတက်လာမှာလည်း မဟုတ်ဘူး။ အရည်အသွေးလည်း လျော့သွားမှာ မဟုတ်ဘူး။ ကျနော်တော့ အကြာကြီး ကျနော်တို့အတွက် ထူးမယ်လို့ မထင်ပါဘူး။

မေး ။ ။ ပုဂ္ဂိုလ်ရေးအနေနဲ့ NCGUB အနေနဲ့ မဟုတ်တောင်မှ တိုင်းပြည်အတွက် တစုံတရာ နိုင်ငံရေးဖြစ်ဖြစ်၊ ကျန်းမာရေးဖြစ်ဖြစ် မြန်မာပြည်အတွက် ဆက်လက်ပြီး ဆောင်ရွက်ဖို့ ရည်ရွယ်ချက်များ ရှိပါသလား။ အဲဒါကိုလည်း ပြောခဲ့ပါအုံး။

ဖြေ ။ ။ ဆောင်ရွက်တယ်ဆိုတာ ဗမာပြည်ပေါ်မှာထိုင်ပြီးတော့ လုပ်မှ ဆောင်ရွက်တာလို့ ခေါ်ရင်တော့က တမျိုးပေါ့။ ကျနော်က ဒီခရီးစဉ်အဆုံးကြရင်တော့ အဲဒီဆုံးဖြတ်ချက်ကို ကျနော် ချလာနိုင်ပါလိမ့်မယ်။ အရင်ကတော့ ဗမာပြည် ပကတိအခြေအနေနဲ့ ကျနော်တို့ ပြန်လာရင်၊ လွယ်လာရင် ဘယ်လိုဖြစ်မလဲဆိုတာတွေကို ကျနော် မသိသေးတော့ မဆုံးဖြတ်နိုင်သေးဘူး။ အခု တစုံတရာတော့ တိုးပြီးသိလာတယ်။ သို့သော် ကျနော်မှာ သိစရာတွေ အများကြီး ရှိနေသေးတဲ့အတွက် ပြည်တွင်းမှာထိုင်ပြီးတော့ လုပ်မယ်၊ မလုပ်ဘူးဆိုတာအထိတော့ ကျနော် ဒီနေ့ ရာနှုန်းပြည့် မပြောနိုင်သေးဘူး။ ကျနော် လာလို့ရပြီးတော့ ကြာကြာနေလို့ရပြီ၊ အလုပ်အကိုင်ခွင့် လုပ်ကိုင်ခွင့်ရှိရင်တော့ ကျနော်အနေနဲ့ ကိုယ်တတ်စွမ်းတာကိုတော့ လုပ်ချင်ပါတယ်။ လုပ်ဖြစ်ဖို့လည်းများပါတယ် … လုပ်သွားမှာပါ။

XS
SM
MD
LG