သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရေး နိုင်ငံခြားရေး သူ့အတွေး


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက အလေးထား ဆက်ဆံလာအောင် မြန်မာဘက်က စတင်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ တမ္ပဒီပ အင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်း ကဆိုပါတယ်။ ဘာသာရေး နဲ့ အမျိုးသားရေး အစွန်းရောက်မှုတွေဟာ ကိုလဲ သူက ဝေဖန်ပါတယ်။ ဒေါက်တာခင်ဇော်ဝင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ မြန်မာအမျိုးသားရေးစိတ်ဓါတ်၊ Ethnic Nationalism တိုင်းရင်းသားတွေရဲ့ Sub-cultural Diversity ပိုများလာကြပြီး ဖြစ်လာကြတယ်။ ဒီဟာလဲ တော်တော်အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာကို အခြေခံတဲ့ မြန်မာ့အမျိုးသားရေး စိတ်ဓါတ်ကို ပြောရမယ်ဆိုရင် မြန်မာပြည် လွတ်လပ်ရေးရပြီးခေတ်ထက် အခု ပိုပြီးတော့ ပြန်မြင့်တက်လာတယ်။ ဟိုတုန်းကဆို သဘောထား တော်တော်ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ အဲဒီနောက်ပိုင်း စစ်အာဏာရှင်ခေတ်မှာလည်း ငြိမ်နေခဲ့တယ်။ အာဏာရှင်စနစ်က ဖိထားခဲ့တာလား။ သို့တည်းမဟုတ် ငုပ်လျှိုသွားတာလား။ အခု ဘာကြောင့် ပြန်ပေါ်လာတာလဲ။ အဲဒါကို စမ်းစစ်စေချင်ပါတယ်။

ဒေါက်တာခင်ဇော်ဝင်း ။ ။ ဒီကိစ္စက တော်တော်လေး အရေးကြီးတဲ့ကိစ္စပါ။ ကျနော်ကတော့ ဒီမိုကရေစီအရေးကို အတော်အလေးထားပါတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်လို့ ကျနော့်အနေနဲ့ တော်တော်လေးကို Comfortable ဖြစ်ပါတယ်။ သိပ်ပြီးတော့ စိုးရိမ်ပူပန်မှု မရှိဘူး။ လွတ်လပ်ရေးရတဲ့ အချိန်ကနေ ၆၂ ခုနှစ်အထိ မြန်မာနိုင်ငံက ဒီမိုကရေစီ ရှိခဲ့ပါတယ်။ ပြည့်ဝတယ် မပြည့်ဝဘူးတွေထား၊ တခြားဘေးနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အကျင့်ဓလေ့ လက္ခဏာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီနဲ့ ပတ်သက်လို့ ကျနော့်အနေနဲ့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှု လက်ရှိ မရှိဘူး။ စိုးရိမ်တာ ဘာလဲဆိုတော့ အခုန အမျိုးသားရေးကိစ္စတွေ။ လွတ်လပ်ရေး ကြိုးပမ်းမှုမှာဆိုရင် အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားရေး မူဝါဒက အရေးကြီးပါတယ်။ ဒါနဲ့ လွတ်လပ်ခဲ့တယ်။ သို့သော် မြန်မာပြည်ဟာ လူမျိုးစုတစုတည်းနဲ့ ဖွဲ့ထားတဲ့ နိုင်ငံ မဟုတ်ပါဘူး။ အကုန်လုံး သမိုင်းအစဉ်အလာ ရှိခဲ့တာကို လူဦးရေးနဲ့၊ ဓလေ့ထုံးတမ်းတွေနဲ့၊ ယဉ်ကျေးမှုနဲ့ ဘာသာနဲ့ စကားတွေ ရှိခဲ့တဲ့ လူမျိုးတွေ အများကြီး ရှိပါတယ်။ ဆိုတဲ့အခါကြတော့ စစ်အာဏာရှင် ခေတ်တခေတ်မှာတော့ ဒီကိစ္စတွေ အကုန်လုံးကို ဖိနှိပ်ထားတဲ့အတွက် ငုပ်လျှိုနေတယ်။ သို့သော် သက္ကရာဇ် ၂၀၀၀ က စပြီးတော့ ဒီဥစ္စာတွေက ကြိုကြားကြိုကြား ပေါ်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးကာလမှာ ဒီမိုကရေစီက တဆင့်တဆင့် ပြန်ပြီးတော့ ရလာတဲ့အခါကြတော့ ဗမာလူမျိုးတွေ မကဘူး တိုင်းရင်းသားတွေက ငါတို့လည်း အမျိုးသားရေးဝါဒ မြှင့်တင်ရမယ်။ ဆွဲကိုင်ရမယ်ဆိုပြီးတော့ လုပ်ကြပါတယ်။ ဒါကို ကျနော့်တို့အနေနဲ့ တားလို့မရဘူး။ ပြောမယ်ဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးပါတီပေါင်း (၉၀) ကျော်ဟာ (၃) ပုံ (၂) ပုံ (၆၀) ကျော်လောက်ဟာ တိုင်းရင်းသားတခုတည်းနဲ့ ဖွဲ့ထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။ အမျိုးသားရေးဝါဒ ကောင်းတယ်ဆိုပေမယ့် တခြားအမျိုးသားရေးဝါဒနဲ့ ပဋိပက္ခ ဖြစ်မယ်ဆိုလို့ရှိရင် အင်မတန် ရှက်စရာ ကောင်းပါတယ်။ ဆိုတဲ့အခါကြတော့ အမျိုးသားရေးဝါဒက ကောင်းတယ်။ သို့သော်လဲ ကိုယ့်ဘက်ကလဲ ထိန်းထိန်းသိမ်းသိမ်း ရှိရမယ်။ သူများကိုသွားပြီး ကိုယ့်အနေနဲ့က ထိပါးလို့ မရဘူးဆိုတဲ့ အသိလေးလည်း လိုပါတယ်။ ဒါကို ဘာကြောင့်ပြောနေရလဲဆိုတော့ နံပတ်တစ်က လူမျိုးပေါင်းစုံ ဖွဲ့စည်းရမယ့် နိုင်ငံ - Multi Ethinic Nation လို့ ခေါ်မှာပေါ့။ အဲဒါက ဖြစ်မလာသေးဘူး။ နောက်တခုက ကျနော်တို့က ဖယ်ဒရယ်ကို သွားရမယ်။ ဖယ်ဒရယ်စနစ်ကိုတော့ တောက်လျှောက် လိုလားခဲ့ပါတယ်။ သို့သော် အခုကြတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ ဖယ်ဒရယ်စနစ် တည်ဆောက်မယ်ဆိုရင် ကျနော်တို့နိုင်ငံက လူမျိုးတွေဟာ အဆင်သင့် ဖြစ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ မေးလာတယ်။ အခုဟာတွေနဲ့ သွားပြီးတော့ ချိတ်မိတယ်ပေါ့။

ဦးကျော်ဇံသာ ။ ။ ဒီမှာ အမျိုးသားရေး လှုပ်ရှားမှုတွေ သိပ်များလာတယ်ဆိုတာ ပြည်မမှာ အထူးသဖြင့် ဗုဒ္ဓဘာသာကို အခြေပြုတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတွေ၊ အစွန်းရောက်တဲ့ ဗုဒ္ဓဘာသာ သာသနာဝန်ထမ်းတချို့တို့ ဆိုကြပါစို့။ အဲဒီလို ဖြစ်လာတာကို တချို့ကလဲ သူတို့နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်လာတာ ဖြစ်တယ်။ တနည်းအားဖြင့် NLD အစိုးရကို အခက်အခဲ ဖြစ်အောင် ဖန်တီးစေလိုတဲ့သဘောနဲ့ တမင်လုပ်တယ်ဆိုတဲ့ သုံးသပ်ချက်တချို့လဲ ရှိကြပါတယ်။ ဘယ်လို သဘောရပါလဲ။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အမျိုးသားရေး အစွန်းရောက်ပြီဆိုရင် နိုင်ငံရေးအရ ဝင်ပြီးတော့ နှောင့်ဖို့၊ ဝင်ပြီးတော့ မွှေးဖို့၊ ပြဿနာ ဖန်တီးဖို့ အင်မတန်ကို လွယ်ပါတယ်။ မြန်မာပြည်မှာတင် မကပါဘူး အာရှ နဲ့ တခြားနိုင်ငံတွေမှာ ဒီဥစ္စာက အင်မတန် လွယ်တဲ့အတွက် မသမာတဲ့ ရည်ရွယ်ချက်၊ မဖြောင့်မတ်တဲ့ ရည်ရွယ်ချက်တွေရှိတဲ့ နိုင်ငံရေး အင်အားစုတွေက ဒါကို သူတို့အနေနဲ့ အသုံးချလာနိုင်ပါတယ်။ ကျနော်တို့ အခုန လူမျိုးရေး အစွန်းရောက်တွေကိုသာ ပြောနေတာ၊ ဘာသာရေး အစွန်းရောက်တွေလည်း ရှိတယ်။ ဘာသာရေး၊ လူမျိုးရေးတို့ကို ပေါင်းလိုက်ပြီဆိုရင် ပိုလို့တောင် ကြောက်စရာ ကောင်းသေးတယ်။ ဆိုတော့ ဒီဥစ္စာကို နေပြည်တော်လို့ မြို့ကြီး ရုံးထဲမှာ ထိုင်ပြီးတော့ ညွှန်းကြားနေလို့ မရဘူး။ လူတွေထဲကို ဆင်းရမယ်။ ခက်တာက တဘက်မှာကလဲ ဆုံးဖြတ်ချက်တွေ အကုန်လုံးကို ဗဟိုက ချုပ်ကိုင်ထားတယ်။ ပြောမယ်ဆိုရင် ဗဟိုက လူတွေက ပြောမယ်ဆိုရင် လူထဲကို မဆင်းဘူး။ လူထုနဲ့ ပိုပြီးတော့ ကင်းကွာလာတယ်။ ဆိုလို့ရှိရင် အခုနလို ဘေးကနေ မီးထိုးပေးမယ့် လူတွေက ပိုပြီးတော့ လုပ်လို့ ကောင်းသွားသေးတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီ ဘာသာရေး အစွန်းရောက်တွေနဲ့ ပတ်သက်ပြီးတော့ တကယ်တော့ ပညာတတ်တဲ့ လူငယ်တော်တော်များများက ဒီအစွန်းရောက်တွေကို မကြိုက်ကြတာကို တွေ့ရပါတယ်။ Social Media တွေမှာ ရေးကြတယ်။ ထို့အတူ အမျိုးသမီးအဖွဲ့တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အတော်များများက ဒီဟာကို ဆန့်ကျင်ပြီးတော့ အင်မတန် အမြင်မှန်ရှိတဲ့အဖွဲ့တွေ ရှိပါတယ်။ ဒီဟာတွေအားလုံးနဲ့ အစိုးရ တပေါင်းတစည်းထဲ လုပ်ပြီးတော့ ဒီကိစ္စကို ဟန့်တားဖို့ ကြိုးစားတဲ့ ကြိုးစားမှုမျိုး တွေ့ရပါလား။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အခု စလိုက်ပြီ။ ဟိုတနေ့ကပဲ ကျနော်ဆီကို Online ကနေ နိုင်ငံတော်အစိုးရကို တင်မယ့်စာကို သူတို့အနေနဲ့ ပို့ပါတယ်။ အောက်က လက်မှတ်ထိုးပါဆိုလို့ ကျနော် လက်မှတ်ထိုးလိုက်တယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ - အမျိုးသမီးအဖွဲ့အစည်း၊ လူငယ်အဖွဲ့အစည်းတွေအနေနဲ့က ဘာသာရေးအစွန်းရောက်တွေကို ထိထိရောက်ရောက် ဥပဒေအရ အစိုးရအနေနဲ့ ကိုင်တွယ်ပေးပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပါတယ်။ NLD အစိုးရ တက်လာပြီးနောက်မှာ အာဆီယံထဲမှာတော့ မြန်မာနိုင်ငံဟာ အတော်လေး အလေးထားနေရာပေးခံရတာကို တွေ့ရပါတယ်။ စင်္ကာပူလို နိုင်ငံကတောင် လာပြီးတော့ မြန်မာနိုင်ငံရဲ့ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအတွက်၊ နိုင်ငံတကာ Forum တွေမှာ စကားပြောပေးပါ၊ ဘာညာဆိုပြီး ပြောတဲ့အထိ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက အာဆီယံနဲ့ ဆက်ဆံရေးထက် တရုတ် နဲ့ အမေရိကန် နှစ်ခုကြား မြန်မာနိုင်ငံ ရပ်တည်ချက် ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာအစိုးရက ကြားနေမှု တည်မတ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။ အခုနောက်ဆုံး ဖြစ်နေတဲ့ကိစ္စကတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အမေရိကန်က ဖိတ်တယ်။ မြန်မာက လာမတက်ဘူး။ တရုတ်ဘက်ကို ပိုယိမ်းနေသလားဆိုတဲ့ ပြောဆိုချက်တွေလဲ အများကြီး ရှိပါတယ်။ နောက်ပြီးတော့ ကျနော် တခု သတိထားမိတာက အမေရိကန်သမ္မတ Donald Trump က ဖိလစ်ပိုင်ကို ဖိတ်တယ်။ တခြား အာဏာရှင်လို့ အပြောခံရတဲ့ လူတော်တော်များများကို ဖိတ်တယ်။ အခု ထိုင်းဝန်ကြီးချုပ် အာဏာသိမ်း ဗိုလ်ချုပ်ကို ဖိတ်တယ်။ ကျနော်တို့ဆီက ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရခေါင်းဆောင်ကြတော့ မဖိတ်ဘူးဆိုတာမျိုးလဲ တွေ့ရတယ်။ အဲဒါကို ဒေါက်တာခင်ဇော်ဝင်း ဘယ်လို မြင်ပါလဲ။

ဒေါက်တာခင်ဇော်ဝင်း ။ ။ ဖိတ်တဲ့ကိစ္စကတော့ နည်းနည်းလေးတော့ စောသေးတယ်လို့ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံကလည်း (၁၀) နိုင်ငံ ဖြစ်နေတယ်။ ဟိုခေါင်းဆောင် (၃) ယောက်ကို ဖိတ်ပြီးတော့မှ နောက်အလှည့်မှာ ပါမလားဆိုတဲ့ အလားအလာလေးကလဲ ရှိပါတယ်။ တခါတည်းနဲ့ ပြောလို့မရပါဘူး။ ဒီနေရာမှာ စိတ်ရှည်ရမှာပေါ့။ သို့သော် ဟိုတနေ့က အာဆီယံဝန်ကြီးတွေနဲ့ အမေရိကန် တွေ့တဲ့ပွဲဆိုတာ အရေးကြီးပါတယ်။ ကျနော့်အနေနဲ့ တက်တယ်လို့တော့ ထင်တယ်။ တခုရှိတာ ကိုယ်ကလဲ သမ္မတထက်မြင့်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် ဒီလာမယ်ဆိုလို့ရှိရင် ငါက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာရမယ်ဆိုတာကို သိမ်ငယ်နေလား ထင်မလား မသိဘူး။ အဲဒါဆိုရင်တော့ မှားတာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူက တိုက်ရိုက် Engagement .. ဥရောပကို သွားဖို့ဆိုတာ ကြိုတင်စီစဉ်ထားပြီဖြစ်တယ်ဆိုပြီးတော့…

ဒေါက်တာခင်ဇော်ဝင်း ။ ။ ဥရောပ (၄) နိုင်ငံ ဟုတ်ပါတယ်။ ဒီဥစ္စာက အတ္တလန်တိတ် သမုဒ္ဒရာပဲဆိုတော့ ကျနော်ပြောမယ် အမေရိကန်ကို တရက်တော့ လာလိုက်၊ လာပြီးတော့မှ အခုန ဥရောပခရီးစဉ်ကို ဆက်လို့လဲ ရပါတယ်။ နောက်တခုက ဘာလဲဆိုတော့ ကိုယ်က အရေးကြီးတဲ့နေရာ (၃) နေရာလုံးကို ကိုင်ထားမယ်ဆိုလို့ရှိရင် ဒါမျိုးက ကြုံနေရမှာပါပဲ။ သူကလဲ အသက်က ငယ်တော့တာ မဟုတ်ဘူးလေ။ ဒီဥစ္စာတွေကို အကုန်လုံးကို ထောင့်စိအောင် ဖိဖိစီးစီးနဲ့ ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းက ကိုယ့်ကိုယ်ကိုယ် မေးရမယ်။ ဥရောပကို သွားမယ်ဆိုရင် ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့တယ်။ ဘုရင်မကြီးနဲ့ တွေ့တယ်။ ဒါတွေက ဟုတ်တာပေါ့ ဓါတ်ပုံထဲမှာတော့ လှတာပေါ့။ သို့သော် အရေးကြီးတဲ့ အမေရိကန်နိုင်ငံကိုတော့ ဘာဖြစ်လို့ လာမတွေ့လဲ။ ဒီဥစ္စာက ကျနော့်အနေနဲ့ နည်းနည်းလေး စဉ်းစားပုံ လွဲနေတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အမေရိကန်မှာလည်း အရင်သမ္မတ Obama ဆိုရင် တကယ့်ကို မြန်မာနိုင်ငံ ဦးစားပေးပဲ။ သူ ပထမဦးဆုံး မြန်မာနိုင်ငံကို သွားခဲ့တယ်။ အခု အမေရိကန် လက်ရှိအစိုးရကလဲ အဲဒီလောက်ထိ ဦးစားပေးမှု မတွေ့ရဘူးလေ။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒီကိစ္စမှာ ကိုယ်ကလဲ ရုပ်လုံးပြရမယ်လေ။ အခုနပြောသလို ဟိုခေါင်းဆောင် သုံးယောက်ကို ဖိတ်တယ်။ နောက်ပြီးတော့ ကျန်နေတယ်။ တဘက်မှာလဲ ကိုယ်က စိတ်ရှည်ရမယ်။ နောက်တခုက ဗမာပြည်မှာလည်း ဒီလိုခေါင်းဆောင် ရှိတယ်ဆိုတာကိုလည်း Trump ဆိုတဲ့ ပုဂ္ဂိုလ်သိအောင်လည်း ပြောရမှာပဲ။ တချို့ အမေရိကန်တွေက နှောက်နေကြတယ်။ ကျနော့်မိတ်ဆွေတွေက Trump ဆိုတဲ့လူက ဗမာပြည် ဘယ်မှာရှိလဲဆိုတာ သိရလား မသိဘူးတဲ့။ ရယ်စရာ ပြောနေကြတယ်။ အဲဒီတော့ ကိုယ့်အနေနဲ့ ထပြီးတော့ ပြရမယ်။ ဘယ်လိုလဲ အစိုးရဆိုတာ။ ဟိုဘက်မှာ သွားပြီးတော့ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့သလိုပဲ ဒီမှာတော့ အမေရိကန်ကို လာပြီးတော့ အခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ အရေးကြီးတဲ့ ကိစ္စတွေကို တက်ရောက်ဆွေးနွေးသင့်တယ်လို့ ကျနော်က လုံးဝယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော် နောက်တခု ထပ်ပြီးစဉ်းစားမိတာက သမ္မတ Obama လက်ထက်တုန်းကတော့ မြန်မာနိုင်ငံဟာ သူ့အတွက် Only Success Story ပဲ။ သူတို့ နိုင်ငံခြားရေးဝါဒမှာ မြန်မာနိုင်ငံကို ဘာဖြစ်နေပါစေ … ကြိတ်မှိတ်ပြီးတော့ တွန်းပြီးတင်ပေးခဲ့တာ။ တကယ်တော့ မြန်မာနိုင်ငံ သူ့လက်ထက်မှာ စပွင့်လာတယ်။ သူက စပြီးဖွင့်ပေးခဲ့လို့ဆိုတာလဲ တစိတ်တဒေသအားဖြင့် မှန်တယ်။ ဆိုတော့ သမ္မတ Trump ရဲ့ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို ဘယ်လောက် အရေးကြီးတဲ့ စာရင်းထဲမှာ မထည့်တော့ဘူးဆိုတာတော့ သေချာသလောက် ဖြစ်နေတာပေါ့။

ဒေါက်တာခင်ဇော်ဝင်း ။ ။ သေချာတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ အဲဒီအရိပ်အရောင် ဖြစ်နေပြီပေါ့။ ဒါက Trump ကြီးပဲ ပြောနေရင်တော့ အများကြီး ဝေဖန်ခံနေရပါတယ်။ ဒီလို အချိန်မျိုးမှာ Trump က ငါတို့ကို အရေးပေးရမလား ဆိုတာပဲ ကိုယ်က စောင့်နေမလား။ ကိုယ့်အနေနဲ့ ကိုယ့်အနေအထားကို သူသိအောင် ပြောရမယ်လေ။ တောင်တရုတ်ပင်လယ် ကိစ္စတွေ၊ တရုတ်နဲ့ ဆက်ဆံရေးကိစ္စတွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကိစ္စတွေမှာ မြန်မာပြည်က အရေးပါတယ်ဆိုတာကို သူကို သိအောင်ပြောရမယ်။ လွှတ်ထားလို့ မရဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ အခုထိ ပြောလာခဲ့တဲ့ အထဲမှာ NLD အစိုးရရဲ့ အားနည်းချက်တွေ၊ ဖြစ်သင့်သလောက် မဖြစ်တာတွေကို ပြောခဲ့ကြပါတယ်။ တခု ကျနော် မေးချင်တာက ကောင်းတာကို ကျနော်တို့ ရွေးပြီးကြည့်ကြပါစို့။ တကယ်တော့ ကောင်းတာကို အရင်ဆုံး စခဲ့ဖို့ သင့်တယ်။ အင်တာဗျူး အစမှာ။ ဒါပေမဲ့ နောက်ဆုံးအနေနဲ့ NLD အစိုးရကို Credit ပေးရမယ့် လုပ်ငန်းတွေ ရှိခဲ့ရင် တနှစ်အတွင်းမှာ ဘာတွေများ ရှိခဲ့ပါလဲ။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဓိက Credit ပေးရမယ့် ကိစ္စကတော့ ပဋိပက္ခ မရှိဘဲနဲ့ စစ်တပ်ကနေ အုပ်ချုပ်ထားတဲ့ စနစ်တခုကို ဖယ်ရှားပြီးတော့ ကိုယ်ကနေရာ ဝင်ယူနိုင်တဲ့ အဖြစ်ပါ။ ဒါလဲ ပြောမယ်ဆိုရင် တောက်လျှောက် နှစ်ပေါင်းများစွာ လိုလာတမ်းတခဲ့တဲ့ ကိစ္စတခုပါ။ ဒီဥစ္စာကတော့ တကယ်ကို ထင်ရှားတဲ့ အောင်မြင်မှု တခုပေါ့။ သို့သော် အဲဒီလောက်နဲ့ မပြီသေးဘူးလေ။ ဒီဥစ္စာပေါ် အခြေခံထားပြီးတော့ ဒီထက်ကောင်းတဲ့ ကောင်းကျိုးတွေကို ဖန်တီးဖို့ လိုပါတယ်။

XS
SM
MD
LG