ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ သြစတြေးလျခရီးမှာ နိုင်ငံတော်အဆင့် ထိုက်ထိုက်တန်တန် ကြိုဆိုဂုဏ်ပြတာ ခံခဲ့ရသလို ဝေဖန်မှု၊ ကန့်ကွက်ဆန္ဒပြမှု နဲ့ နိုင်ငံတကာရာဇဝတ်ရုံး (ICC) တင်ဖို့စတဲ့ လူတစုလည်း ရှိခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဒီခရီးစဉ်အတွင်းရရှိခဲ့တဲ့ အောင်မြင်မှု နဲ့ စိန်ခေါ်ခံခဲ့ရမှုတွေရဲ့ အတိမ်အနက်ကို Australia နိုင်ငံ New South Wales တက္ကသိုလ်က ဒေါက်တာသိန်းမိုးဝင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အကြမ်းမျဉ်းကြည့်မယ်ဆိုရင် အောင်မြင်တဲ့ ခရီးစဉ်တခုလို့ သတ်မှတ်နိုင်ပါလား။
ဖြေ ။ ။ ကျနော့်အနေနဲ့ဆိုရင် အောင်မြင်တဲ့ ခရီးစဉ်တခုပါ။ လာတဲ့ အစည်းအဝေးတွေမှာ အကုန်လုံး အောင်မြင်တာကို တွေ့ရပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အခု သြစတြေးလျကို သွားရောက်တဲ့ အချိန်ဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ် နိုင်ငံတကာမှာ အတော်လေး ဝေဖန်ခံနေရတယ်။ ညှိုးနွမ်းကျဆင်းနေတဲ့အချိန်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ အထူးသဖြင့် အနောက်တိုင်းနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီးတိုက်ခိုက်တာ၊ ဝေဖန်တာတွေ အများကြီး မီဒီယာတွေ ရှိလာကြပါတယ်။ ဒီအချိန်မှာ သြစတြေလျနိုင်ငံရဲ့ ခရီးစဉ်ဟာ ဒီပုံရိပ်တွေကို အဖတ်ဆယ်နိုင်တဲ့ အခြေအနေ၊ တစုံတရာ ရှိမယ်လို့ ခန့်မှန်းပါလား။
ဖြေ ။ ။ အဲဒီနေရာမှာ ကျနော့်အနေနဲ့ ခန့်မှန်းနိုင်တယ်။ အဲဒီဟာ နိုင်ငံတော်ရဲ့ လက်ရှိကျဆင်းနေတဲ့ ပုံရိပ်ကို ဆယ်တဲ့ခရီးစဉ်။ ပုံစံမျိုးတော့ မဖြစ်လာဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာမှာ Mixed feeling ဖြစ်သွားတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ သြစတြေးလျ၊ အာဆီယံ … အဲဒီနေရာမှာ သူတို့ရဲ့ Reaction ကြတော့ အမြင်ကနှစ်မျိုး။ အဲဒီလိုပဲ မြန်မာ Community ထဲမှာလည်း အမြင်ကနှစ်မျိုး - တခုကကြတော့ ပြဿနာအားလုံးက ဟိုးအရင်ကနေ မရှင်းခဲ့တဲ့ ပြဿနာတွေကို (၂) နှစ်သား အစိုးရအနေနဲ့ လတ်တလော ဝင်မရှင်းနိုင်တဲ့အပိုင်းတွေ ရှိတယ်။ လက်ရှိအစိုးရ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေနဲ့ အမေစု လုပ်နေရတဲ့ ခရီးကိုရော အကုန်လုံး အဲဒီအပိုင်းကို နားလည်တဲ့အုပ်စုက တအုပ်စု။ အဲဒီ နားလည်တဲ့ အုပ်စုကို ပြောမယ်ဆိုရင် အစိုးရနှစ်ရပ် ဖြစ်နေတယ်ဆိုတာကိုလည်း သိတယ်။ ဒီဘက်က အုပ်ချုပ်ရေးဆိုတဲ့ အစိုးရနဲ့ ဟိုဘက်က တပ်မတော်ရဲ့ လုပ်ဆောင်တဲ့အပိုင်း။ နှစ်ပိုင်းကို မြင်ကြတယ်။
ဒါပေမဲ့ တခြားတပိုင်းကတော့ အစိုးရဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ရဲ့ခေါင်းဆောင်ဖြစ်တယ် - State Counselor ဖြစ်တယ်။ တပ်မတော်ဖြစ်ဖြစ်၊ အထဲမှာဖြစ်တဲ့ ပြဿနာတွေအားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်က တာဝန်အရှိဆုံး ပုံစံမျိုးသာလျှင် မြင်တယ်။ ရှင်းစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ အပြစ်ဖို့ကြတယ်။ အဲဒီလိုမျိုး နှစ်ပိုင်းဖြစ်နေတာကို မြင်ရတယ်။ မှန်းရခက်တယ် Reaction က နှစ်မျိုး ဖြစ်နေတဲ့အခါကြတော့။
မေး ။ ။ ဒါပေမဲ့ သြစတြေးလျအစိုးရကတော့ တကယ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြိုဆိုတာပဲ။ Gun Salute တွေ၊ ဘာနဲ့။ အဲဒီလိုဆိုတော့ သြစတြေးလျအစိုးရရဲ့ မူဝါဒအနေနဲ့တော့ အနောက်တိုင်းနိုင်ငံတွေဘက်က မြင်နေကြတဲ့ အမြင်ကို နည်းနည်းအဖက်ဆယ်တဲ့သဘောမျိုး မသက်ရောက်နိုင်ဘူးလား။
ဖြေ ။ ။ အဲဒီနေရာမှာ သူကို မရောက်ခင်ကတည်းက သတင်းစာတွေမှာ၊ သတင်းတွေမှာ တောက်လျှောက် သြစတြေးလျအစိုးရကို Pressure တွေ ပေးနေခဲ့တာကို တွေ့ရတယ်။ Malcolm Turnbull အစိုးရကို။ သို့သော်လဲ သူတို့ဘက်က ဘာမှ Response မလုပ်ဘဲနဲ့ တကယ်တမ်း ASEAN leaders တွေ ရောက်လာတဲ့အခါကြတော့ မီဒီယာကို ဘာချပြသွားလဲဆိုတော့ အာဆီယံနိုင်ငံတွေရဲ့ Issues က အာဆီယံသာလျှင် သက်ဆိုင်တယ်။ အာဆီယံရဲ့ ပေါ်လစီကို သူတို့အနေနဲ့ ဘယ်တော့မှ Across လုပ်မှာ မဟုတ်ဘူးဆိုပြီး Malcolm Turnbull က အဲဒါနဲ့ ပယ်ချလိုက်တယ်။ သူတို့ရဲ့ Stand က အာဆီယံအရေး၊ အာဆီယံနိုင်ငံတွေရဲ့ အရေးကိစ္စကို ဝင်မစွက်ဖက်ဘူး၊ မဝေဖန်ဘူး။ သို့သော်လဲ Concern ဖြစ်တာတွေကိုတော့ …
မေး ။ ။ သြစတြေးလျအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နားလည်တယ်။ အာဆီယံရဲ့ ပြဿနာ .. ပြည်တွင်းမှာလည်း အစိုးရနှစ်ပိုင်း ဖြစ်နေတယ် ဘာညာဆိုတာကို .. တချိန်တည်းမှာပဲ သြစတြေးလျက မြန်မာနိုင်ငံစစ်တပ် တပ်မတော်ကိုလည်း ဆက်လက်ပြီးတော့ အသိအမှတ်ပြုပြီးတော့ အကူအညီတွေ ပေးတဲ့သဘောတွေ ရှိနေပါတယ်။ အဲဒါကို ဘာပြောလိုလဲ။
ဖြေ ။ ။ သူတို့အနေနဲ့ အာဆီယံ ပေါ်လစီမှာ ဝင်မစွက်ဖက်ဘူးဆိုတာ မြန်မာရဲ့ ပေါ်လစီမှာလည်း ဝင်မစွက်ဖက်ဘူး။ လက်ရှိ အစိုးရသွားနေတဲ့ လမ်းကြောင်းသည် အစိုးရအနေနဲ့ အခက်အခဲတွေလည်း ရှိကောင်းရှိမယ်။ သူတို့အနေနဲ့ ဘယ်လိုနည်းနဲ့ Support လုပ်လို့ ရမလဲဆိုတဲ့ Stand မှာ သွားနေတယ်။ လက်ရှိ အစိုးရကို Financially သော်လည်းကောင်း၊ ကျန်တဲ့နည်းကိုလည်းကောင်း တဘက်မှာလဲ မြန်မာတပ်မတော်ကိုလည်း Military နဲ့ ပတ်သက်တဲ့ Funding နဲ့ Research တွေ Training တွေ ပေးတာနဲ့ ဆက်သွားတယ်။ သူတို့အနေနဲ့ အစိုးရကို Nation building အတွက် တိုင်းပြည်ရဲ့ ဒီမိုကရေစီနည်းကျကျ တိုးတက်ပြောင်းလဲလိုတဲ့ ဆောင်ရွက်တဲ့နေရာမှာ အစိုးရကို Support လုပ်တဲ့နည်းနဲ့ သွားတာကို တွေ့ရတယ်။ ဝေဖန်ရှုတ်ချတဲ့လမ်းနဲ့ မသွားဘူး။
မေး ။ ။ သြစတြေးလျနိုင်ငံ မီဒီယာတွေရဲ့ ရေးသားချက်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ မီဒီယာရဲ့ ရေးသားချက်က အခုန ကျနော်ပြောတဲ့ လက်ရှိအစိုးရပေါ် တာဝန်အရှိဆုံးဆိုတဲ့ Stand ဘက်ကနေ သွားတာကို တွေ့ရတယ်။ အဲဒီဥစ္စာကလဲ နိုင်ငံတကာ နဲ့ လက်ရှိအစိုးရကို Big pressure သက်ရောက်စေတယ်ပေါ့။ သူတို့ရဲ့ ရပ်တည်ချက်က ပုံမှန်အားဖြင့် လူ့အခွင့်အရေး Human Rights ပေါ် အခြေခံတဲ့ ရပ်တည်မှုနဲ့သွားပြီး လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးသည် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရမှာ တာဝန်အရှိဆုံး ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒါကို ရှင်းသင့်တယ်ဆိုတဲ့ ပုံစံမျိုး ရပ်တည်မှုနဲ့ သွားတာကို တွေ့ရတယ်။
မေး ။ ။ သြစတြေးလျအစိုးရကိုယ်တိုင်က Migrants တွေပေါ်မှာ ထားတဲ့သဘောထား။ နောက်တခါ အရင်အစိုးရ Julia Gillard လက်ထက်တုန်းကဆိုရင် မူစလင်တွေကို ပြောခဲ့တာနဲ့ ပတ်သက်ရင် သူတို့နိုင်ငံရဲ့ သဘောထားက ဒီကိစ္စမှာ ဘယ်လောက်ထိ သဘောထားကျယ်ပြန့်လဲ။ နိုင်ငံတကာ လူ့အခွင့်အရေး၊ အနောက်တိုင်းနိုင်ငံတွေက ပြောနေကြတဲ့ အဆင့်အတန်းမျိုး ရှိပါရဲ့လား။
ဖြေ ။ ။ သြစတြေးလျအစိုးရရဲ့ သဘောထားကတော့ လက်ရှိ Liberal အစိုးရ ရပ်တည်ချက်ကတော့ ပြောင်းရွှေ့လာသူတွေ Immigrants တွေပေါ်မှာတော့ အထူးတင်းကြပ် Very tough တယ်။ အရင်တုန်းက Julia Gillard ရဲ့ Labor Government ကြတော့ Migrants ပြောင်းရွှေ့လာသူတွေကို သူတို့အနေနဲ့ အခွင့်ရေးပေးတဲ့အပိုင်းနဲ့ စိတ်ဓါတ်ကို ပြောင်းပေးတဲ့အပိုင်းတွေမှာ အထူးသက်ညှာ Very soft တယ်။ Liberal stand လစ်ဘရယ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ အထူးတင်းမာတယ်။ ဒီနေရာမှာ မြန်မာရယ်လို့တော့ မဟုတ်ဘူး။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် stopping boats က သူတို့ရဲ့ the best policy အကောင်းဆုံး မူဝါဒပေါ်လစီ ဖြစ်နေတယ်။ အဲဒီအပေါ် ကိုင်တွယ်ပြီး လက်ရှိ အစိုးရ ဖြစ်လာခဲ့တယ်။
မေး ။ ။ အဲဒါကြောင့် ကျနော့်အနေနဲ့ နှိုင်းယှဉ်ချင်တာက သူတို့က ဘယ်လောက်သာလို့လဲဆိုတဲ့ ပြောမယ်ဆိုရင် ပြောစရာ ဖြစ်နေတာပေါ့။
ဖြေ ။ ။ ဟုတ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အခြေအနေမှာကြတော့ ဘယ်လိုရှိသလဲဆိုတော့ သူတို့အနေနဲ့ ရွှေ့ပြောင်းလာသူတွေကို တားမြစ်မှုတွေ လုပ်ရမယ်ဆိုတဲ့ ရပ်တည်ချက် မူဝါဒက နိုင်ငံရဲ့ အရေးပေါ်မူဝါဒ ဖြစ်သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ ဒီလှေတွေကို မရပ်တန့်နိုင်ဘူး။ ရွှေ့ပြောင်းလာသူတွေကို လှေနဲ့လာတာကို မဟန့်တားနိုင်ဘူးဆိုရင် အင်ဒိုနီးရှားတို့၊ ဘာတို့ တခြားနိုင်ငံ အနီးအနားကနေ ဝင်လာမှာက နှစ်နဲ့ချီပြီး၊ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ရင် တိုင်းပြည်အတွက် ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး။ သူတို့က အဲဒီလိုမျိုး IME – illegal maritime entry မဟုတ်ဘဲနဲ့ တရားဝင်နည်းနဲ့ဝင်ပါ။ Skill Migrant နည်းနဲ့ ဝင်ပါ။ သူတို့အနေနဲ့ အပြည့်အဝ ကြိုဆိုပါတယ်ဆိုတဲ့ Stand ရပ်တည်ချက်နဲ့သွားတယ်။
မေး ။ ။ အခု အာဆီယံနိုင်ငံတွေအထဲမှာလဲ ဒေါက်တာပြောသွားတာက အင်ဒိုနီးရှားဆိုလို့ - အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ လူဦးရေးအများဆုံး မူစလင်နိုင်ငံ ဖြစ်တယ်။ ဒါပေမဲ့ မလေးရှားနဲ့စာရင် နှစ်နိုင်ငံက ယဉ်ကျေးမှုချင်း သိပ်မကွာပေမယ့် မလေးရှားက ရပ်တည်ချက်က မြန်မာနိုင်ငံရဲ့ ကိစ္စမှာ ပိုပြီးတော့ တင်းမာတယ်။ အင်ဒိုနီးရှားက ပိုနားလည်ဖို့ ကြိုးစားတယ်လို့ အကြမ်းမျဉ်း လက်ခံကြပါတယ်။ အဲဒါကို ဘယ်လိုနှိုင်းယှဉ်လိုပါလဲ။
ဖြေ ။ ။ ရှင်းရှင်းပြောရရင် မလေးရှားမှာလည်း ဆယ်နှစ်ကျော်ကျော် နေခဲ့ပါတယ်။ မလေးရှားရဲ့ နိုင်ငံရေးအခြေအနေကိုလည်း ကောင်းကောင်းနားလည်ပါတယ်။ အဲဒီနေရာမှာက သူတို့ရဲ့ ပေါ်လစီ Political struggle နဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ ပုံမှန်အားဖြင့် သူတို့အနေနဲ့ သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ထွက်ပေါက်ရှာတဲ့အခါမှာ the best issue ကို ရွေးပြီး အဲဒီအပေါ်ကနေ အသက်ရှုချောင်ရေး၊ သူတို့ မဲရရှိရေးကို သွားရတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ မြင်တာကတော့ လက်ရှိ အစိုးရအနေနဲ့ အားလုံးလဲ သိပါတယ်။ တခြားအာဂတိလိုက်စားမှုတွေ အများကြီးရှိတဲ့အခါ မဲပြန်ရရေး။ နိုင်ငံရေးဖိအားတွေ လျှော့ချရေးအတွက် ပြည်သူတွေရဲ့ သည်းခြေကြိုက် အကြောင်းအရာကို ရွေးပြီးလုပ်တယ်လို့ ကျနော် မြင်ပါတယ်။
မေး ။ ။ ဒီခရီးစဉ်အတွင်းမှာ သြစတြေးလျ ရှေ့နေတစုက ဒေါ်အောင်ဆန်းစုကြည်ကို International Criminal Court နိုင်ငံတကာတရားရုံး တင်ပြီးတော့ အရေးယူဖို့ဆိုတာကို ကြိုးစားခဲ့ကြပါတယ်။ တကယ်တော့ ဥပဒေအားဖြင့်ဆိုရင် အစကတည်းက ဒီလိုလုပ်လို့ မရဘူးဆိုတာကို သူတို့သာ ရှေ့နေစစ်စစ်ဆိုရင် နားလည်မယ်ဆိုတာ သေချာတယ်။ ဘာကြောင့် လုပ်တယ်ထင်လဲ။ တချို့က သူတို့ဟာ ကျော်ကြားမှုအတွက်လုပ်တယ်။ တချို့ကတော့ နောက်ခံအဖွဲ့အစည်းတချို့တွေရဲ့ ငွေကြေးကြောင့်လုပ်တယ်လို့ ပြောကြတယ်။ ဒေါက်တာအမြင်လေးကို ကြားချင်ပါတယ်။
ဖြေ ။ ။ ကျနော်အနေနဲ့ လက်လှမ်းမီတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးကြည့်ပါတယ်။ ဒီကိစ္စကို မြန်မာစကားလုံးနဲ့ ပြောမယ်ဆိုရင်တော့ ပေါ်ပင်ပေါ့။ တကယ်ဆိုလို့ရှိရင် ရှေ့နေဆိုရင် သူတို့လုပ်ထုံလုပ်နည်းနဲ့ သူတို့ တရားစွဲဆိုလုပ်မယ်ဆိုရင် ဒီအမှုကို ဗဟိုရှေ့နေချုပ်ဆီ တင်မယ်ဆိုရင် လက်ခံမယ်၊ လက်မခံဘူးဆိုတဲ့ အဆင့်တွေကို သူတို့ သိနေတာပဲ။ နောက်ထပ်တခုက တရားစွဲမယ်၊ မစွဲဘူး ဆိုတာတွေကို သူတို့လုပ်ချင်တယ်ဆိုရင် အရင်တုန်းကတည်းက မလုပ်ဘဲနဲ့ အခုကြမှ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ရောက်မယ်ဆိုမှ လုပ်တယ်။ ဒီတရားစွဲမှုကို ဗဟိုရှေ့နေချုပ်က လက်မခံဘူးဆိုတာ။ ကမန်းကတမ်း တင်လိုက်တော့ အားလုံးသဘောပေါက်ပါတယ် Popular ဖြစ်ဖို့အတွက်။ နောက်တခုက သူတို့အနေနဲ့ နိုင်ငံတကာ စိတ်ဝင်စားမှုအတွက် - ဒီခေါင်းဆောင်မှာ တာဝန်ရှိတယ်ဆိုတဲ့ ပုံစံမျိုးကို မီးမောင်းထိုးပြတယ်ဆိုတဲ့ အနေနဲ့ တရားစွဲဆိုပြီး တင်လိုက်သလိုမျိုး ဖြစ်တယ်လို့ မြင်ပါတယ်။ တကယ်တော့ ပေါ်ပင်သက်သက်ပါ။
မေး ။ ။ နောက်ဆုံးမေးခွန်းတခု မေးချင်ပါတယ်။ သြစတြေးလျနိုင်ငံ ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာကို သိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေက အိန္ဒိယကျောင်းသားတွေ အများကြီး အဲဒီမှာ Discriminate ခွဲခြားဆက်ဆံမှု လုပ်ခံရတာတွေ။ ပြီးတော့ တက္ကသိုလ်ကျောင်းသားတွေဆိုတာ တကယ်တော့ ပညာတတ်တွေ။ ဒီဘက်မှာဆိုရင် ကျောင်းသားတွေက တိုးတက်တဲ့အမြင်တွေ ရှိကြတယ်။ ဒီကိစ္စကို လုံးဝလက်မခံချင်ကြဘူး။ သြစတြေးလျဘက်မှာ အဲဒီလို ဖြစ်ကြတယ်ဆိုတော့ တော်တော်လေး အထူးအဆန်း ဖြစ်ကြတယ်။ အဲဒီကိစ္စကို ဘယ်လို မြင်မိပါလဲ။
ဖြေ ။ ။ အဲဒါကြတော့ သြစတြေးလျမှာ အထူးသဖြင့် အာရှကလာတဲ့ ပြောင်းရွှေ့လာသူတွေ ကျောင်းလာတက်သူတွေပေါ် မြင်တဲ့အမြင်က မတူဘူး။ Melbourneဘက်မှာ White Supremacy လူဖြူကြီးစိုးရေး အစွန်းရောက်တွေ အဲဒီတုန်းက နည်းနည်းလေး ထကြွခဲ့တယ်။ အဲဒီအုပ်စုက White Pride Group လို့ ခေါ်တယ်။ သူတို့အနေနဲ့ လူဖြူကြီးစိုးရေး မူဝါဒကို ကိုင်တယ်။ အဲဒီမူဝါဒနဲ့ လူဖြူမဟုတ်တဲ့ လူတွေကို အထူးသဖြင့် အာရှဘက်ကလူတွေကို နည်းမျိုးစုံသုံးပြီးတော့ တိုက်ခိုက်ဖို့၊ တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ပါတယ်။ အဲဒီလိုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနိုင်ငံအစိုးရက တခု ဘာကောင်းလဲဆိုတော့ ဒီနေရာမှာ လူမျိုးရယ်၊ ဘာသာရယ်၊ အသားအရောင်ဆိုတာကို မူနဲ့မသွားဘဲနဲ့ ဘယ်လိုပြစ်မှု ကျူးလွန်သလဲဆိုတဲ့အပေါ် ကြည့်ပြီးတော့ ဖြေရှင်းတယ်။ အရမ်းထိရောက်တယ်။ ပြဿနာတွေ ဖြစ်ပြီးတဲ့နောက် သိပ်မကြာဘူး နောက်ပိုင်းမှာ လူဖြူတွေက ဆန္ဒပြမယ်ဆိုတာတွေ ထပ်ပေါ်လာရင် ဒီလူတွေရဲ့ SMS တွေ၊ ဖုန်းအဆက်အသွယ်တွေကနေ ချက်ချင်းလိုက်ပြီးတော့ ခေါင်းဆောင်တွေ၊ ထကြွမယ့်လူတွေကို ချက်ချင်း အရေးယူတယ်။ တရားဥပဒေ စိုးမိုးရေးအပိုင်းကတော့ သိပ်ကောင်းတယ်။