သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၂၁) ရာစုပင်လုံ ဒုတိယညီလာခံ ဘယ်လောက် ခရီးပေါက်ခဲ့သလဲ


Photo credit - Myanmar State Counsellor Office
Photo credit - Myanmar State Counsellor Office
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကျင်းပပြီးစီးခဲ့တဲ့ (၂၁) ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဘက်ကို ရွေ့စေခဲ့တယ်လို့ ကျင်းပသူတွေ၊ တက်ရောက်ခဲ့သူတွေက ပြောနေကြချိန်မှာပဲ မတက်ရောက်ဘဲ နေခဲ့သူတွေက ညီလာခံရဲ့ အခြေခံအားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြပြောဆိုနေကြပါတယ်။ နှစ်ဘက်ရဲ့ သဘောထားအမြင်တွေကို ချင့်ချိန်စဉ်းစားနိုင်ဖို့အတွက် ညီလာခံတက်ရောက်ခဲ့သူ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်း၊ တက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ UNFC တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးထွန်းဇော်တို့က အဲဒီအစည်းအဝေးကို မတက်ဘူး။ ခွန်မြင့်ထွန်းတို့က အစည်းအဝေးကို တက်တယ်။ အဓိကအားဖြင့် ဘာကွာသလဲ။ ငြိမ်းချမ်းရေး လိုလားတဲ့နေရာမှာတော့ အတူတူ ဖြစ်ပါလိမ့်မယ်။ ဒီညီလာခံကို တက်တာမတက်တာ ဘာကြောင့်ကွဲရသလဲဆိုတာကို ဦးထွန်းဇော် နည်းနည်းစပြောပါ။

ဦးထွန်းဇော် ။ ။ ကျနော်တို့ ဒီ (၂၁) ရာစု ပင်လုံညီလာခံဆိုတာ NCA ပေါ်မှာ အခြေခံပြီးလုပ်တာ ဖြစ်ပါတယ်။ NCA မှာ အားလုံးပါဝင်ရေးဆိုတဲ့ အခြေခံရှိတယ်။ အဲဒါကြောင့် ကျနော်တို့က အားလုံးပါဝင်ပြီးမှ အတူတကွ သွားရမယ့်ဖြစ်စဉ်ဖြစ်တယ်။ အခြေခံအားဖြင့်တော့ ကျနော်တို့ ဒီအပေါ်မှာ ရပ်တည်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ညီလာခံကို တက်ရောက်ရေး၊ မတက်ရောက်ရေးကတော့ NCA လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းအပေါ်မှာ မူတည်သွားတဲ့အခါကြတော့ ကျနော်တို့က NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးနေတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ အဲဒီအနေအထားအောက်မှာ ကျနော်တို့ကို ပါဝင်မှု အခွင့်အလမ်းနဲ့ တန်းတူရည်တူရှိမှု၊ နောက်ပြီးမှ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်တို့ မရှိတဲ့အပေါ်မှာ ကျနော်တို့ မတက်ရောက်နိုင်တဲ့ အနေအထားကို ရောက်သွားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ခွန်မြင့်ထွန်းတို့ ဘာကြောင့်တက်သလဲ။ နောက်ပြီးတော့ ဦးထွန်းဇော်တို့ မတက်တဲ့အပေါ် ဘယ်လို ပြောလိုပါလဲ။

ခွန်မြင့်ထွန်း ။ ။ ဒုတိယအကြိမ် အစည်းအဝေးကို မတက်ရောက်ဖြစ်တဲ့ အခြေအနေကတော့ ကျနော်တို့ နားလည်ထားတာကတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNP နဲ့ ညှိနှိုင်းတဲ့အခါမှာ အချို့သော လိုအပ်ချက်တွေ ရှိအုံးမယ်။ အဲဒီအပေါ်မှာ မတက်ရောက်နိုင်သေးတာ ဖြစ်တယ်။ တချို့သော ခရီးသွားလာရေးဆိုင်ရာ အခက်အခဲ စသည်ဖြင့်။ ပြီးတော့ UNFC ဘက်က တောင်းဆိုချက်တချို့ အဲဒီအပေါ်မှာ ညှိနှိုင်းဖို့အတွက် ဆက်လက်ညှိနှိုင်းနေဆဲ ရှိတာကို ကျနော်တို့ သိထားပါတယ်။ ဒုတိယအကြိမ် (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပတဲ့အပေါ်မှာတော့ NCA လမ်းကြောင်းအတိုင်း သွားနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ လက်နက်ကိုင်အင်အားစုတွေက ဒီအပေါ်မှာ ကန့်ကွက်တယ်လို့ အဲဒီလိုတော့ နားလည်ထားတာ မရှိပါဘူး။ (၂၁) ရာစု ပင်လုံညီလာခံရဲ့ သဘောထားတွေ၊ ဖွဲ့စည်းမှုတွေကတော့ --- မှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေအားလုံး NCA လက်မှတ်ရေးထိုးတဲ့လူ၊ မထိုးတဲ့လူ အားလုံးကတော့ အတူတကွ အတည်ပြုခဲ့တဲ့ NCA ရဲ့ ပြဌာန်းချက်နဲ့ ကျင်းပကြတာ ဖြစ်ပါတယ်။ အခုသွားနေတဲ့ NCA ဆိုတာကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံးကို အဖြေရှာဖို့အတွက် ဂိတ်ပေါက်ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဦးထွန်းဇော်တို့ UNFC – NCA ကို လက်မှတ်မထိုးတဲ့လူတွေအနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ အခု နောက်ဆုံးပေါ်ထွက်လာတဲ့ ညီလာခံရဲ့ ရလဒ်အပေါ်မှာ ဘယ်လိုသုံးသပ်လိုပါတယ်။

ဦးထွန်းဇော် ။ ။ အခု မနေ့က ကျနော်တို့ (၃၇) ချက် အတည်ပြုလက်မှတ်ရေးထိုးလိုက်တာ တွေ့ပါတယ်။ အဲဒါကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အပိုင်း (၁) အနေနဲ့ မှတ်ယူကြတာ တွေ့ပါတယ်။ ကျနော်တို့ မြင်တာကတော့ အင်အားစုအားလုံးရဲ့ သဘောထားထပ်တူကျမှု မရှိဘူး။ နောက်ပြီးတော့ ညီလာခံကို တက်ရောက်နေတဲ့ အစုအဖွဲ့အသီးသီးထဲမှာလည်း ကျေကျေလည်လည် မရှိတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့က ယေဘုယျခြုံပြီး ပြောမယ်ဆိုရင် အဲဒီ (၃၇) ချက်ကတော့ ညီလာခံကို တက်ရောက်နေတဲ့ လက်မှတ်ရေးထိုးကြတဲ့ အစုအဖွဲ့တွေကိုပဲ ကိုယ်စားပြုတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ တတိုင်းပြည်လုံးကို လွှမ်းခြုံတဲ့ အနေအထားတော့ မရှိဘူးလို့ အဲဒီလို သုံးသပ်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု NCA ကို လက်မှတ်မထိုးတဲ့ဘက်က အခု ညီလာခံကို မတက်ခဲ့တဲ့ဘက်က ဆက်လက်ပြီးတော့ ပါဝင်နိုင်မယ့် လမ်းကြောင်းကော ရှိပါ့ရဲလား။

ဦးထွန်းဇော် ။ ။ ကျနော်တို့က NCA လမ်းကြောင်းပေါ်မှာ သွားဖို့အတွက် သဘောထားရှိပြီ ဖြစ်ပါတယ်။ အဲဒီအတွက်လဲ ကျနော်တို့က NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဆိုပြုချက် (၉) ချက် အစိုးရနဲ့ ညှိနှိုင်းနေတာ တနှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးမှုအတိုင်းပဲ ကျနော်တို့ ဆက်သွားမယ်ဆိုတဲ့ သဘောထားပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ညှိနှိုင်းမှု ပြေလည်နိုင်မယ့် အလားအလာ ရှိပါလား။ မပြေလည်ရင်ကော။

ဦးထွန်းဇော် ။ ။ ဒါကတော့ တပ်မတော်နဲ့ အစိုးရရဲ့ သဘောထားအပေါ် မူတည်ပါလိမ့်မယ်။ ကျနော်တို့က တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်။ မြန်မြန်ဆန်ဆန်နဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ ပြန်လည်တည်ဆောက်ရေးကို လုပ်နိုင်ဖို့အတွက်ဖို့ ဆိုရင်တော့ အင်အားစုအားလုံး ပါဝင်တဲ့ တန်းတူရည်တူ ရှိမှုအပေါ်မှာ အခြေခံပြီးမှ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ NCA ပေါ်မှာ အသေကိုင်ပြီးမှ တရားသေ ရပ်နေမယ်ဆိုရင်တော့ အခက်အခဲ ကြုံနေရအုံးမယ့် သဘောတော့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ခွန်မြင့်ထွန်းတို့ရဲ့ သဘောထားကို ကြားလိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ သူတို့ (၉) ချက် မပါဘဲနဲ့ အရင်ပြောထားတဲ့အတိုင်းပဲ ဆက်ပြီးတော့ သွားနေကြမယ်ဆိုရင် သူတို့ ပါဝင်ရ ခက်မယ်လို့ ဆိုပါတယ်။ ဆိုတော့ သူတို့မပါဝင်ရင်လဲ ဆက်သွားမှာလား။

ခွန်မြင့်ထွန်း ။ ။ UNFC က NCA လမ်းကြောင်းပေါ်မှာ ပါဝင်ရေးအတွက် ဆက်လက်ဆွေးနွေး ညှိနှိုင်းတဲ့ ကိစ္စရပ်ပေါ်မှာကတော့ ကျနော်အနေနဲ့ အထူးပြုပြီး ပြောစရာမရှိပါဘူး။ ဒါကတော့ NCA ကို အကောင်အထည်ဖော်တဲ့အခါမှာ လိုအပ်တဲ့ လိုအပ်ချက်တွေကို ဒါကို ညှိနှိုင်းဆွေးနွေးကြတာ ဖြစ်ပါတယ်။ အခု ဒုတိယပင်လုံ အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကတော့ ကျနော်တို့ အစုအဖွဲ့များကို ကိုယ်စားပြုပြီးတော့ ဆွေးနွေးကြပြီးတော့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အားလုံးပါဝင်ရေးမူ အခြေခံပေမယ့်လို့ အခု အားလုံးသော အဖွဲ့အစည်းတွေတော့ မပါဝင်နိုင်သေးဘူး။ သို့သော် အားလုံးလက်ခံနိုင်မယ့် မူတွေကိုတော့ ကျနော်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေဟာ လက်မှတ်ထိုးတဲ့လူကော၊ မထိုးတဲ့လူကော ပါဝင်ခဲ့တဲ့ မိုင်းဂျန်ရန်အစည်အဝေးမှာ အတည်ပြုထားတဲ့ မူတွေ အခြေခံတွေ၊ သဘောထားတွေကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအချုပ်အခြာအာဏာက နိုင်ငံသားတွေက ဆင်းသက်ရမယ်။ တိုင်းရင်းသားလူမျိုးတိုင်းဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပါအဝင် အားလုံးမှာ မိမိတို့ပြဌာန်းခွင့်တွေဟာ တန်းတူရည်တူ ရှိရမယ်။ ဒီအချက်တွေကတော့ မိုင်းဂျန်ရန် ထိပ်သီးအစည်းအဝေးအပါအဝင် တိုင်းရင်းသားတွေ ညီလာခံအဆက်ဆက်မှာ ဆုံးဖြတ်ခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ အားလုံးလက်ခံပြီသားဖြစ်ခဲ့တဲ့ မူတွေကို ကျနော်တို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း သဘောတူတာတွေ တွေ့ပါတယ်။ ဥပမာအားဖြင့် ပြည်နယ်တိုင်းဒေသကြီးတွေကို တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာတွေကို ပေးအပ်မယ်၊ ဘာညာဆိုတာတွေတော့ စာထဲမှာ ရေးထားတာ တွေ့ရပါတယ်။ ဆိုတော့ လက်ခံနိုင်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဦးထွန်းဇော် ဘယ်လို သဘောရပါလဲ။

ဦးထွန်းဇော် ။ ။ လူမျိုးစုအားလုံးကို ကိုယ်စားပြုတယ်လို့ ခက်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ရှစ်ဖွဲ့ထဲမှာကိုယ်နှိုက် RCSS, ALP ဆိုလို့ရှိရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ရသေးပါဘူး။ အဲဒါကြောင့် သူတို့က ပြည်သူလူထုရဲ့ သဘောထားကို မယူနိုင်သေးဘူးပေါ့။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သူတို့ရဲ့ လူမျိုးတွေ၊ လူထုတွေကို ကိုယ်စားပြုပြီးမှ ပြောဖို့၊ အတည်ပြုဖို့ဆိုတာ သူတို့မှာ အခက်အခဲရှိတယ်ဆိုတာ ညီလာခံတလျှောက်လုံးမှာ တက်ရောက်ခဲ့တဲ့အပေါ်မှာ သိရှိရတယ်။ နောက်ဆုံး အတည်ပြုမှုပုံစံ၊ လုပ်သွားတဲ့ပုံစံကတော့ အစုအဖွဲ့ ကိုယ်စားပြုပြီးမှ လုပ်သွားတယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့တော့ သူ့ရဲ့လူထုနဲ့ လူမျိုးကို ကိုယ်စားပြုသလားဆိုတာ သူတို့ကိုယ်တိုင်လည်း ဒါကို ဖြေကြားနိုင်ခြင်း မရှိပါဘူး။ အဲဒါကြောင့် ဒါကတော့ ရှင်းပါတယ်။ လူမျိုးအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရတဲ့ အနေအထား ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တမ်း အလုပ်ဖြစ်မယ်။ တကယ်တမ်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ်လို့ဆိုရင် ခေါင်းဆောင်တွေက ဆွေးနွေးဆုံးဖြတ်လို့ မဖြစ်နိုင်ဘူးလား။

ဦးထွန်းဇော် ။ ။ အဓိကတော့ NCA အခြေခံပြီး ဖြစ်လာတဲ့ ဖြစ်စဉ်ပေါ်မှာ မူတည်ပါတယ်။ NCA မှာ အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရှိပါတယ်။ မူဘောင်ပေါ်မှာ သူက သက်ဆိုင်ရာ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်၊ ဒေသအလိုက် ကျင်းပရတဲ့ ဆွေးနွေးပွဲတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးမှ သက်ဆိုင်ရာ ပြည်နယ်နဲ့လူထုနဲ့ အဲဒါတွေကို ကိုယ်စားပြုမှုကိုယူတာ ဖြစ်ပါတယ်။ အကယ်၍များ ကျနော်တို့က အဲဒီလို မူဘောင်မှာ မပြဌာန်းဘဲနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကြားထဲမှာပဲ ဆွေးနွေးညှိနှိုင်းမယ်ဆိုလို့ရှိရင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ရဲ့ အကြီးအကဲတွေ ကြားထဲမှာ ဆွေးနွေးညှိနှိုင်းဖလှယ်လို့ ပြေလည်ရင် ဒါပြီးသွားနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ အခုအနေအထားက အားလုံးပါဝင်ရေးပေါ်မှာ အခြေခံပြီးသွားတာ ဖြစ်ပါတယ်။ အားလုံးပါဝင်ရေးဆိုသည်မှာ ကျနော်တို့က လူထုလည်း ပါပါတယ်။ အဲဒါကြောင့် Civil Society တွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေကို အဲဒီမှာ ထည့်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလိုမျိုး အားလုံးပါဝင်နိုင်တဲ့ အနေအထားကို မဖော်ဆောင်နိုင်သမျှ ကာလပတ်လုံးကတော့ အဲဒီအခင်းအကျင်းက ထွက်ပေါ်လာတဲ့ ရလဒ်မှန်သမျှဟာ အားလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရတဲ့ အခြေအနေ၊ အနေအထားပဲ ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကျနော့်ရဲ့ သဘောထားအမြင် ထောက်ပြချင်တာ တခုနဲ့ ခွန်မြင့်ထွန်းကို ပြန်မေးပါရစေ။ အခုနပြောတဲ့ အာဏာ (၃) ရပ်လုံးကို ပြည်နယ်တိုင်းဒေသကြီးတွေကို လူမျိုးစုတွေ လက်ထဲကို အပ်နှင်းမယ်။ အကြမ်းဖျဉ်း နိုင်ငံရေးအရ သိပ်အရေးကြီးတဲ့အချက်ပါ။ ဒီလို အပ်နှင်းတာတော့ ဟုတ်ပြီ။ ဒါပေမဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကိုရော လူထုဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ခွင့် ရှိမလား။ ဗဟိုကပဲ ခန့်အပ်နေမလား စသည်ဖြင့် အစိုးရအဖွဲ့တို့၊ ဝန်ကြီးချုပ်တို့ စတာကို … အဲဒါကို သဘောတူညီမှု ဘယ်လို ရရှိခဲ့ပါလဲ။

ခွန်မြင့်ထွန်း ။ ။ ကျနော်တို့ကတော့ အရင်ဦးဆုံးမှာတော့ အခြေခံအကျဆုံး မူတွေကို ကျနော်တို့ ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ဆိုတာတော့ အားလုံးလက်ခံပြီသား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုနဲ့ ပြည်နယ်များကြား အာဏာခွဲဝေမှုနဲ့ ပတ်သက်ရင်တော့ ဖယ်ဒရယ်ရဲ့ အခြေခံမူအတိုင်း ဗဟိုပြည်ထောင်စုအစိုးရကနေပြီးတော့ ပြည်နယ်မှာရှိတဲ့ အုပ်ချုပ်တဲ့ အကြီးအကဲတွေကို ဖြုတ်ပြစ်တာမျိုး၊ ခန့်အပ်တာမျိုး မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ ပြည်နယ်တွေကပဲ မိမိတို့ အုပ်ချုပ်ရေး အကြီးအကဲကို ခန့်အပ်တာဝန်ပေးတာမျိုး ဒါကတော့ အခြေခံအားဖြင့် ရှိထားပြီဖြစ်ပါတယ်။ ဖယ်ဒရယ်မူ အခြေခံပြီး ညှိနှိုင်းခဲ့တာ ဖြစ်တဲ့အတွက် အဲဒီအခြေခံပဲဖြစ်အောင် ဆက်လက်ပြီး ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ နောက်တခုက အားလုံးပါဝင်ရေးမူနဲ့ အားလုံးလက်ခံနိုင်မယ့်မူများ ဆိုတာကတော့ ဆက်စပ်ပါတယ်။ ကျနော်တို့ အားလုံးပါဝင်နိုင်အောင် ကြိုးစားကြရမယ်။ အားလုံးက မပါဝင်နိုင်သေးပေမယ့်လို့ NCA ကို ကျနော်တို့ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ NCA ရဲ့ အာဏာသက်ရောက်မှုအရ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်နေကြရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုဆက်မေးချင်တာက အဲဒီတော့ အားလုံးပါဝင်လာနိုင်အောင် အဓိက တာဝန်ရှိတဲ့ အစိုးရနဲ့ တပ်မတော်ကို ခင်များတို့ တိုင်းရင်းသားအင်အားစုတွေအနေနဲ့ ဘယ်လောက်အထိ နားချနိုင်ပါသလဲ။ ဘယ်လောက်အထိ ဆွဲဆောင်ဖို့ ကြိုးပမ်းကြပါသလဲ။ ဘယ်လောက် အောင်မြင်နိုင်မယ့် အလားအလာ ရှိပါလဲ။

ခွန်မြင့်ထွန်း ။ ။ အဲဒါကတော့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ ရှစ်ဖွဲ့အနေနဲ့ အစိုးရလွှတ်တော်၊ တပ်မတော်များနဲ့ အခု လက်မှတ်မရေးထိုးထားတဲ့ ညီနောင်များကြားမှာ ကျနော်တို့ကတော့ ပေါင်းကူးတံတားအနေနဲ့ နှစ်ဘက်အနင်းခံပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ဦးထွန်းဇော် ကို မေးချင်ပါတယ်။ အနာဂတ် ငြိမ်းချမ်းရေး အလားအလာကို ဦးထွန်းဇော် ဘယ်လို မြင်ပါလဲ။ ဒီလိုပုံနဲ့ပဲ ခပ်ကင်းကင်း ဖြစ်နေကြမလား။ တချိန်ချိန်မှာ ပေါင်းစည်းပြီးတော့ ပြည်သူလူထုအားလုံး မျှော်လင့်တဲ့အတိုင်း တညီတညွှတ်တည်း ဖြစ်လာနိုင်မယ်လို့ ထင်ပါလား။

ဦးထွန်းဇော် ။ ။ ကျနော်မြင်တာကတော့ အဓိက ကွဲပြားနေတာကတော့၊ သိသာနေတာကတော့ တပ်မတော်ရဲ့ ရပ်တည်ချက်သဘောထား ဖြစ်ပါတယ်။ တပ်မတော်ရဲ့ ရပ်တည်ချက် သဘောထားက ပြောင်းလဲမှု မရှိဘူး။ သူက အသေဆုပ်ကိုင်ထားတဲ့ ပုံစံမျိုး ရှိပါတယ်။ အဓိက ပြောချင်တာကတော့ ဘာလဲဆိုတော့ သူက တိုင်းပြည်ရဲ့ အခြေခံ ပြဿနာဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံကို ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒက မရှိသေးတာကို တွေ့ရတယ်။ ဒီလိုမျိုး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒမရှိတဲ့ကာလပတ်လုံးကတော့ ငြိမ်းချမ်းရေးနဲ့ ထပ်တူကျနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်တော့ အလှမ်းဝေးနေအုံးမယ်လို့ ကျနော် မြင်ပါတယ်။ အဓိကအားဖြင့်တော့ တပ်မတော်ဘက်မှာ နေပြီးတော့ နိုင်ငံရေးဆန္ဒ ဒီထက်ပိုပြီးတော့ တက်လာဖို့လိုတယ်။ ပျော့ပျော့ပျောင်းပျောင်းနဲ့ သဘောထားကြီးစွာနဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်မယ်ဆိုလို့ရှိရင်တော့ အားလုံးအဆင်ပြေနိုင်တယ့် အနေအထားမှာ ရှိတယ်လို့ အဲဒီလို ရိုးရိုးရှင်းရှင်းပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်မြင့်ထွန်းရဲ့ နောက်ဆုံးမျှော်လင့်ချက်ကိုလည်း ခပ်ကျဉ်းကျဉ်း ပြောပေးပါ။

ခွန်မြင့်ထွန်း ။ ။ အလုပ်ကို အတူလက်တွဲလုပ်နိုင်ဖို့တော့ လိုပါတယ်။ ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အတွေ့အကြုံတွေအရ တပ်မတော်ဘက်က အခုန ကိုထွန်းဇော်ပြောသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်ပြီးတော့မှ သူတို့ရဲ့ ရပ်တည်ချက်တွေ၊ ဆုပ်ကိုင်ထားမှုတွေ ရှိပါတယ်။ သို့သော် အခြေအနေတွေပေါ် မူတည်ပြီးတော့ သူတို့ဘက်က ပြောင်းလဲမှုတွေလည်း ဒီညီလာခံမှာတော့ ရှိခဲ့တယ်။ လက်တွေ့မှာ အတူတကွ ဆွေးနွေးညှိနှိုင်းနိုင်မယ့် အခင်းအကျင်းတရပ်ကတော့ ရှိဖို့လိုအပ်ပါတယ်။ ဒါမှ ကျနော်တို့ရဲ့ ပြည်ထောင်စုကို တိုက်ပွဲတွေနဲ့ မထူထောင်ဘဲ၊ ဆွေးနွေးပွဲတွေနဲ့ ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG