လာမယ့် မေလ ၂၄ ရက်နေ့ကျရင် နေပြည်တော်မှာ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပ ပါတော့မယ်။ ၂၁ ရာစု ပင်လုံညီလာခံဆိုတာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကို ဘယ်နည်းဘယ်ပုံ တည်ဆောက်ကြမလဲ ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းကြတဲ့ ပွဲပါ။ ညီလာခံကို ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး တက်ရောက်နိုင်အောင် ကြိုးစားတယ် ဆိုပေမယ့် အကြမ်းဖျဉ်းအားဖြင့်တော့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သူတွေ စသဖြင့် ပါကိုပါရမယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကြီးလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ညီလာခံကြီးကျင်းပတော့မယ့် ၃-၄ ရက်လောက်ပဲ လိုတော့တဲ့ ဒီကနေ့ အချိန်ထိ ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုံစုံညီညီ တက်ရောက်ရေး မသေခြာ မရေရာ ဖြစ်နေပါသေးတယ်။ ညီလာခံ ကျင်းပဖို့ နီးကပ်လာချိန်အထိ ဘာပြသနာတွေ ဖြစ်နေပါသေးလဲ၊ ညီလာခံကြီးဟာ မျှော်မှန်းထားသလို အောင်မြင်နိုင်ပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည် ချမှတ် အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်ပြီး သုံးသပ်ဖို့ရော လိုနေပြီလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဆိုတာ အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တစ်ချို့ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးပြီးချိန်က စ ရေတွက်ရင် သုံးကြိမ်မြောက် ဖြစ်ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ကျင်းပခဲ့တဲ့ ပထမ ဦးဆုံးအကြိမ် ညီလာခံကတော့ ညီလာခံလို့ ပြောဆိုနိုင်ရုံကလွဲရင် ဘာမှ သိပ်ထူးထူးခြားခြား မရှိခဲ့ပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် အရေးပါတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တစ်ချို့လည်း စုံစုံညီညီ မတက်ရောက်နိုင်ပါဘူး။ သင်္ကေတ သဘောလောက် ကျင်းပနိုင်ခဲ့တဲ့ သဘောပါ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ သမ္မတဟောင်း ဦးသိန်းစိန် အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမွေဆက်ခံရင်း ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံဆိုပြီး နာမည်ပြောင်း ကျင်းပခဲ့ပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ပြသနာမှာ သော့ချက်ကျတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ စုံစုံညီညီ တက်ရောက်လာအောင် အထူး ကြိုးစားခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း မြန်မာ့ငြိမ်းချမ်းရေးမှာ မြန်မာအစိုးရကို ကူညီမယ်လို့ ကတိပေးထားတဲ့ တရုတ် အစိုးရရဲ့ ဖိအားပေးမှုကြောင့်လဲ တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတွေ စုံစုံညီညီ တက်လာတာတွေ့ရပါတယ်။
ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်ဘက်က အသိအမှတ်မပြုတဲ့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့တွေ တက်ခွင့်မရတာ၊ ညီလာခံရောက်ပြီးမှ ၀ ကိုယ်စားလှယ်အဖွဲ့ နေရပ်ပြန်သွားတာ စတာတွေကလွဲရင် ကျန် လက်နက်ကိုင် တပ်ဖွဲ့တွေ စုံစုံညီညီ တက်ခဲ့တဲ့ပွဲလို့ ဆိုနိုင်ပါတယ်။
ဒါတင်မက အဲဒီ ညီလာခံမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရော၊ နိုင်ငံရေး ပါတီတွေ အပါအဝင် တက်ရောက်လာသူအားလုံး သူတို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း အဆီးအတား မရှိပြောဆိုနိုင်ပြီး ပြောဆိုနိုင်သမျှကိုလည်း မြန်မာပြည်သူတွေ သိခွင့်ရအောင် ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့အထိ ပွင့်လင်းမှု ရှိခဲ့ပါတယ်။ ပြောရရင် အစိုးရတပ်မတော်နဲ့ တိုက်နေ ခိုက်နေဆဲ သူပုန်အဖွဲ့ခေါင်းဆောင်တွေဟာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ ရှေ့မှာ သူတို့ရဲ့ သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုင်နိုင်ခဲ့တဲ့၊ အဲဒီလို ပြောဆိုတာကိုလည်း တစ်တိုင်းပြည်လုံးက တိုက်ရိုက်ကြည့်ရှုခွင့် ရခဲ့တဲ့ အခြေအနေမျိုးပါ။ ဒါဟာ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းမှာ တစ်ကြိမ်မှ မကြုံခဲ့ကြဘူးတဲ့ အခြေအနေလို့ သုံးသပ်ရင်လည်း ရပါတယ်။ ဒီလိုနည်းနဲ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံဟာ အတိုင်းအတာ တစ်ခုအထိ သမိုင်းမှတ်တမ်းဝင် အောင်မြင်တဲ့ ညီလာခံ တစ်ခု ဖြစ်ခဲ့ပါတယ်။
အခု ဒုတိယ အကြိမ်မှာတော့ ပထမ အကြိမ်တုန်းကလောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုံစုံညီညီ တက်ဖို့ မသေခြာ မရေရာပါဘူး။ ဒီနေရာမှာ လက်နက်ကိုင် တိုင်းရင်းသားတွေ ကိစ္စကို အလေးထားပြောရတာကလည်း ငြိမ်းချမ်းရေး ဆိုတာ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား အဓိက တည်ဆောက်ရတာ ဖြစ်လေတော့ ဒါကိုပဲ အဓိကထား ပြောနေရခြင်း ဖြစ်ပါတယ်။
နောက်ဆုံး သတင်းတွေအရ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို ဖိတ်ကြားထားပုံနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ခုလို ရှင်းပြထားပါတယ်။ (၅) ရက်တာကျင်းပမယ့် ညီလာခံ ကာလအတွက် ဖွင့်ပွဲနဲ့ နောက်ဆုံး ညစာစားပွဲကို လက်ရှိ အစိုးရက တာဝန်ယူ ဖိတ်ကြားတယ်လို့ ဆိုပါတယ်။ ကြားကာလ ညီလာခံ ကျင်းပမယ့် ကိစ္စနဲ့ ပတ်သက်လို့ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ဆွေးနွေးဆုံးဖြတ်ထားချက်နဲ့အညီ ဖိတ်ကြားတယ်လို့ ဆိုပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲအတွက် အစိုးရဘက်က အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပြီးတဲ့ အဖွဲ့တွေက ခေါင်းဆောင် လေးယောက်၊ အပစ်ရပ် လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေက ခေါင်းဆောင် လေးယောက် ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။ တကယ့် ညီလာခံ အတွက်ကိုတော့ UPDJC က တာဝန်ယူပြီး အပစ်ရပ် လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေကို လေ့လာသူ အနေနဲ့ပဲ ဖိတ်ခေါ်သွားမယ်လို့ ဆိုထားပါတယ်။
ဖိတ်ခေါ်ချက်တွေကို အဓိပါယ်ဖွင့်ဆိုရရင် အစိုးရရော၊ UPDJC ကပါ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့ သုံးဖွဲ့ကို မဖိတ်ခေါ်ပါဘူး။ UPDJC အနေနဲ့လည်း အပစ်ရပ် လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေကို တစ်ဖွဲ့ချင်းဖိတ်ခေါ်ထားတယ် ဆိုပေမယ့် လေ့လာသူ အဆင့်နဲ့ပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ဝ၊ မိုင်းလား၊ ကေအိုင်အေ ကချင်လက်နက်ကိုင် အဖွဲ့၊ SSA မြောက်ပိုင်း ရှမ်းပြည် တပ်မတော် အပါအဝင် လက်နက်ကိုင် (၇) ဖွဲ့စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကတော့ သူတို့ကို တစ်ဖွဲ့ချင်း ဖိတ်ရင် လက်ခံမှာ မဟုတ်ဘူး၊ တပ်ပေါင်းစု အနေနဲ့ ဖိတ်ရင်တော့ ကိုယ်စားလှယ် စေလွှတ်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။ အားလုံးကိုခြုံငုံပြီး သုံးသပ်ရရင် လက်ရှိ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံဟာ ပထမအကြိမ်တုန်းကလောက်တောင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ စုံစုံညီညီ တက်ရောက်ဖို့ သိပ်ပြီး မသေခြာ မရေရာပါဘူး။ ဒီအတွက် အဲဒီ ညီလာခံကနေ ပြည်ထောင်စု သဘောတူညီချက်အဖြစ် ချမှတ်မယ့် အချက်အလက်တွေ ဆိုတာဟာလည်း အဲဒီ အဖွဲ့တွေ ပါဝင်ခြင်းမရှိတဲ့ အချက်အလက်တွေအဖြစ်ပဲ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပပြီးသွားရင် အောင်မြင်မှု၊ မအောင်မြင်မှု ရလာဒ်တွေကိုကြည့်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ရဲ့ အန္တိမ ရည်မှန်းချက်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး ဖြစ်တာကြောင့် အဲဒီ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေး လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေး ညီလာခံ ရလာဒ်တွေကနေ တဆင့် ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်း အောင်မြင်မှု ရနိုင် မရနိုင်၊ အလုပ်ဖြစ် မဖြစ် ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် တိုင်းပြည်ရဲ့ ပဋိပက္ခ ပြသနာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက သော့ချက်ပြသနာ ဖြစ်နေတယ်လို့ သုံးသပ်ရင် တပ်မတော်ကို စည်းရုံး၊ ညှိနှိုင်းတိုင်ပင်ဆွဲဆောင်ပြီး ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစား၊ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံ ကိုင်ပြီး ငြိမ်းချမ်းရေးကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်ဘူးလား၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ထောင်နိုင်ဘူးလား ဆိုတာမျိုးကိုလည်း ပြောင်းလဲ စဉ်းစားသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။