သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ် အကဲခတ်ချက်


APTOPIX Myanmar Ethnic Wars
APTOPIX Myanmar Ethnic Wars

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတာ တနှစ် ရှိလာပြီဖြစ်ပြီး ပြည်သူတွေရဲ့ ခုခံတော်လှန်မှုဟာလည်း တနှစ်နီးပါး ရှိလာပါပြီ။ ဒီလို ရေရှည်ပဋိပက္ခ ရှိနေလို့၊ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်ကို ချုပ်ကိုင်နေတဲ့ အနေအထားမှာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ ပြည်တွင်းစစ်အခြေအနေနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိတဲ့အနက် ထိုင်းအခြေစိုက် လုံခြုံရေးရာဝါရင့်သုတေသီ Anthony Davis ရဲ့ အကဲခတ်ချက်ကို အကျဉ်းရုံး တင်ပြလိုပါတယ်။ ဒီနှစ်ထဲမှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တွေရဲ့ တိုက်ပွဲကို ပီပီပြင်ပြင် မြင်ရမယ်လို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းထုတ် Asia Times သတင်းစာမှာ ခန့်မှန်းထားပါတယ်။

စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ လွတ်လပ်ရေးရတဲ့ ၁၉၄၈ လိုပဲ အကျိုးဆက်ကြီးမားတယ်လို့ ဆိုပါတယ်။ တနှစ်နီးပါး ရှိလာပေမယ့် လက်နက်ကိုင်ပဋိပက္ခဟာ သောင်မတင်ရေမကျ ဖြစ်နေပါတယ်။ ဒါပေမဲ့ အဓိကတိုက်ပွဲဝင်နေသူတွေရဲ့ အားသာချက်နဲ့ အားနည်းချက်ကတော့ သိသာနေပါပြီတဲ့။ ဒီတိုက်ပွဲမှာ ဘယ်ဘက်က အသာရဖွယ်ရှိမယ်ဆိုတာကို ဒီနှစ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်အလယ်ပိုင်းနဲ့ ပြည်နယ်မှာ မြို့နယ်တိုင်းလိုလို PDF တပ်ဖွဲ့တွေ ရှိနေပြီး၊ လက်လုပ်မိုင်းဗုံးတွေကို သုံးနေကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ ဗဟိုအချက်အချာဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေ ဖြစ်နေတာကို စစ်ကောင်စီ လန့်ဖျတ်သွားပုံ ရပါတယ်။ ‘အလောင်းမင်းတရား’ စစ်ဆင်ရေးဆိုပြီး ရဟတ်ယာဉ်နဲ့ စစ်လေယာဉ်တွေသုံးပြီး၊ အကြီးအကျယ် ထိုးစစ်ဆင်ပေမယ့် ပြည်သူ့တော်လှန်ရေးဟာ အရှိန်သေ မသွားပါဘူး။ ဒါပေမဲ့ PDF တပ်ဖွဲ့တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနှစ်ခု ရှိပါတယ်။ ခေတ်မီလက်နက် ရရှိရေးဟာ ပထမ စိန်ခေါ်မှု ဖြစ်ပါတယ်။ အခုတော့ ကချင်၊ ကရင်နဲ့ ကရင်နီတပ်ဖွဲ့တွေဆီကရတဲ့ မောင်းပြန်သေနတ်တွေကိုလည်း သုံးလာပါတယ်။ ဒါပေမဲ့ စက်သေနတ်၊ RPG လောင်ချာ၊ မော်တာ စတာတွေကိုတော့ မသုံးနိုင်သေးတဲ့အတွက် မိုင်းထောင်ပြီး ပစ်ခတ်ဆုတ်ခွာတာလောက်သာ လုပ်နိုင်ပါတယ်။ PDF တွေက လက်နက်ကြီးတွေကို စမ်းသပ်ထုတ်လုပ်နေရတာဟာ ဒီလိုအပ်ချက်ကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။

အခု PDF တွေ သုံးနေတဲ့ လက်လုပ်ဗုံးမှာ Potassium Nitrate နဲ့ Sulfer ယမ်းမှုန့် သုံးနေတာကြောင့် ပေါက်ကွဲမှု အားနည်းနေပါတယ်။ Ammonium Nitrate – Fuel Oil ကို သုံးတဲ့ ထိုင်းနိုင်ငံက မွတ်စလင်ပြောက်ကျားရဲ့ လက်လုပ်ဗုံးကပိုပြီး ပြင်းထန်တယ်လို့ ဆိုပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုနဲ့ လမ်းညွှန်မှု မဟာဗျူဟာ မရှိသေးတာဟာ PDF ရဲ့ ဒုတိယ လိုအပ်ချက် ဖြစ်ပါတယ်။ နီးစပ်ရာ PDF တွေစုပြီး မြို့နယ်အဆင့်မှာ မဟာမိတ်တွေ လုပ်ထားပေမယ့် တိုင်းဒေသကြီးအဆင့်မှာ မရှိသလောက် ဖြစ်နေပါတယ်။ တော်လှန်ရေးကို ထောက်ပံ့ပြီး အဆင့်မြှင့်ပေးဖို့ NUG အမျိုးသား ညီညွှတ်ရေးအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒီလို မလုပ်ဆောင်နိုင်ရင် PDF တွေ လုံးပါးပါးလာမယ့် အန္တရာယ် ရှိနေပါတယ်။ NUG က ထောက်ပံ့တဲ့ PDF လှုပ်ရှားမှုတွေ ရှိနေပေမယ့်၊ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံနိုင်မလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

တပ်မတော်ဟာ အလွန်ကြီးမားတဲ့ အဖွဲ့အစည်းဖြစ်လို့ မပျက်စီးနိုင်ဘူးလို့ မြင်သူတွေ အများကြီး ရှိပါတယ်။ တပ်မတော် မရှိတဲ့ မြန်မာပြည်ဆိုတာကို စဉ်းစားကြည့်လို့တောင် မရဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ကြီးစိုးဖို့ စစ်ပြင်ဆင်တဲ့အခါမှာ တပ်မတော်ဟာ အားနည်းချက်နဲ့ ပျော့ကွက်တွေကို ရင်ဆိုင်လာရတဲ့အတွက် ကွဲပြဲပျက်စီးသွားနိုင်ပါတယ်။ ပထမအားနည်းချက်က စစ်သည်အင်အား အကျပ်အတည်း ဖြစ်ပါတယ်။ နေရာတိုင်းမှာပါနေတဲ့ စစ်တပ်မှာ တိုက်ခိုက်ရေးအင်အား တသိန်းတောင် မရှိပါဘူး။ အရံတပ်အင်အားက ရှစ်သောင်းလောက် ရှိပါတယ်။ ဒုတိယအားနည်းချက်က စိတ်ဓါတ်ကျဆင်းမှု ဖြစ်ပါတယ်။ လက်လုပ်မိုင်းဒဏ် နေစဉ်ခံနေရတဲ့ စစ်သားတွေဟာ ရန်သူတွေ ဝိုင်းနေပြီလိုမြင်ပြီး စိတ်ဓါတ်ကျဆင်းနေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကို အားကိုးလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် တပ်မတော်ရဲ့ အမျိုးသားရေးရာ အသွင်လက္ခဏာ ကွယ်ပျောက်သွားရတာဟာလည်း စစ်သည်တွေအတွက် စိတ်ဓါတ်ကျစရာ ဖြစ်နေပါတယ်။ ပြည်သူလူထုရဲ့ ရွံရှားမုန်းတီးမှု တိုးပွားလာပြီး နိုင်ငံရေး တရားဝင်မှု ပျောက်ကွယ်တာဟာလည်း စစ်ကောင်စီ ပြောစကားကို သံသယ ဖြစ်စေပါတယ်။ လောလောဆယ်တော့ စစ်ကောင်စီမှာ လုပ်နိုင်ကိုင်နိုင်မယ့် အလားအလာ ရှိပေမယ့် နှစ်ကုန်ပိုင်းလောက် ရောက်လာရင်တော့ မလုံခြုံတော့တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့ကလည်း PDF တွေ အောင်ပွဲခံပြီး မနိုင်မနင်း ဖြစ်လာတဲ့ စစ်တပ်ကို အမှည့်ကြွေ ခြွေနိုင်ဖို့ လိုပါတယ်။

ဒီအချိန်မှာ ကိုးကန့်ဒေသနဲ့ ထိုင်း-မြန်မာနယ်စပ်တွေမှာ တိုင်းရင်းသားတပ်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ စစ်ကောင်စီကို အများဆုံးအန္တရာယ် ပေးနိုင်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေကလည်း စိတ်ချရတာ မဟုတ်တဲ့အတွက် စစ်ကောင်စီဟာ ရသမျှ အခွင့်အလမ်းကိုသုံးပြီး မေလအထိရှိမယ့် ခြောက်သွေ့ရာသီအတွင်းမှာ ခုခံစစ်အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို ဦးတည်ပြီး၊ အကြီးအကျယ် ထိုးစစ်ဆင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရည်မှန်းချက် မအောင်မြင်ရင်တော့ စစ်တပ်ရဲ့ အားနည်းချက်နဲ့ ပျော့ကွက်တွေ ပိုဆိုးလာဖွယ် ရှိပါတယ်။ ပြည်တွင်းစစ်မှာ အပေါ်စည်း မရတော့လို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုတော့ ခန့်မှန်းဖို့ ခက်ခဲကြောင်း လုံခြုံရေးရာဝါရင့်သုတေသီ Anthony Davis က သုံးသပ်ထားပါတယ်။

==Unicode ==









XS
SM
MD
LG