လွန်ခဲ့သော ဆယ်နှစ်ကာလ (၂၀၀၅) နဲ့ (၂၀၁၄) ကာလမှာ ကျောက်စိမ်း နှစ်ဆယ်ရာခိုင်နှုန်းကိုသာ တရားဝင် တင်ပို့နိုင်ခဲ့ပုံကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြောင်း သိရပါတယ်။ တရားမဝင်တဲ့ မှောင်ခိုဈေးကွက်မှာ ရောင်းချတာက (၈၀) ရာခိုင်နှုန်း ဖြစ်နေပါတယ်။ မြန်မာပြည်မှာ နယ်စပ်ဂိတ်စခန်း (၁၆) ခု၊ ပင်လယ်ဆိပ်ကမ်း (၅) ခုနဲ့ ပို့ကုန်သွင်းကုန်ရုံး (၄) ခု ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ကြီးစိုးတဲ့ နယ်စပ်ဒေသတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ ရောင်းဝယ်နေကြတာမို့ အစိုးရ လက်လှမ်းမမီတဲ့ နေရာတွေ ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာ နှစ်ပေါင်းကြာပြီ ဖြစ်ပါတယ်။
မှောင်ခိုကုန်သွယ်မှု အများဆုံးနေရာဟာ ထိုင်း-မြန်မာနယ်စပ်ဒေသလို့ ပြောနိုင်ပါတယ်။ မဆလခေတ်မှာ အစိုးရဌာနတွေကိုယ်တိုင် ထိုင်း-မြန်မာ မှောင်ခိုဈေးကွက်ကို အားကိုးခဲ့ရပါတယ်။ အခုတော့ အာဆီယံ စီးပွားရေးအသိုက်အဝန်း စီမံကိန်းအရ နိုင်ငံချင်း ချိတ်ဆက်ကုန်သွယ်မှုစနစ်ကို ကျင့်သုံးမှာမို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုဟာ အရေးပါလာပါတယ်။ ဒါကြောင့် ထိုင်း-မြန်မာ မှောင်ခိုကုန်သွယ်မှုကို တရားဝင်ကုန်သွယ်ရေး ဖြစ်လာအောင်ဆောင်ရွက်ဖို့ ဒုသမ္မတဦးမြင့်ဆွေက နိုဝင်ဘာလက မြဝတီမြို့မှာ ပြောဆိုသွားပါတယ်။ အပြောလွယ်ပြီး လက်တွေ့လုပ်ဖို့ ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။
မှောင်ခိုကုန်သွယ်မှုကြောင့် မြန်မာနိုင်ငံနစ်နာဆုံးရှုံးရပုံတွေကို Australia နိုင်ငံ Edith Cowan တက္ကသိုလ်၊ ဥပဒေဌာန သုတေသီ ရွှေဇင်ကို က ၂၀၁၆ မှာ စာတမ်းတစောင် ပြုစုထားပါတယ်။ နည်းမျိုးစုံနဲ့ သစ်ထုတ်ယူလို့ တောပြုန်းပြီး သဘာဝပတ်ဝန်းကျင် ပျက်ဆီးတဲ့အတွက် ရာသီဥတု ဖောက်ပြန်တဲ့ဒဏ်ကို တိုင်းသူပြည်သားတွေ ခံနေကြရပါတယ်။ သစ်လုံးတင်ပို့မှုကို ၂၀၁၄ မှာ ပိတ်ပင်လိုက်ပေမယ့် သစ်လုံးမှောင်ခိုတဲ့ သတင်းတွေကို ကြားနေရဆဲ ဖြစ်ပါတယ်။ သစ်ခိုးထုတ်မှုရှိနေတာဟာ တရားဥပဒေကို ဂရုမစိုက်ကြောင်း ပြနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေလည်း သူတို့နည်းနဲ့သူတို့ သစ်လုပ်ငန်းမှာ ရန်ပုံငွေရှာကြပါတယ်။ သစ်လုပ်ငန်းမှာ အဂတိလိုက်စားမှု အမြစ်တွယ်နေတာဟာ အစိုးရဘဏ္ဍာရေးကိုရော အုပ်ချုပ်ရေးကိုရော ထိခိုက်စေတယ်လို့ သုံးသပ်ကြပါတယ်။
ယူနန်ကို နည်းမျိုးစုံနဲ့ သစ်တင်ပို့ပုံကို EIA သဘာဝပတ်ဝန်းကျင်အဖွဲ့က Organized Chaos ဆိုတဲ့ အစီရင်ခံစာ ၂၀၁၅ မှာ ထုတ်ပြန်ထားပါတယ်။ စီကရက်တင်သွင်းမှုကို (၂၀၁၃) မှာ ပိတ်ပင်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေက မှောင်ခိုတင်သွင်းလို့ ပြဿနာပေါ်ရပုံကိုလည်း ရွှေဇင်ကိုရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ တရုတ်ပြည်မှာ စီကရက် အတုအလိပ်သန်းပေါင်း (၄) သိန်းလောက် နှစ်စဉ်ထုတ်လုပ်ကြောင်း သိရပါတယ်။ မြန်မာ့စီကရက် မှောင်ခိုဈေးကွက်ကို တရုတ်၊ အိန္ဒိယ နဲ့ ထိုင်းတို့က အများဆုံးတင်သွင်းပါတယ်။ ပြည်တွင်းထုတ်စီကရက်ကို အခွန်တိုးပြီး ကောက်နေပေမယ့် မှောင်ခိုဈေးကွက်ရှိနေတာမို့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ကွမ်းစားဆေးလိပ်သောက်မှုကြောင့် ပြည်သူ့ကျန်းမာရေး ချို့တဲ့ရပါတယ်။ ကျန်းမာရေးကာကွယ်တဲ့ ဥပဒေ ရှိပေမယ့် အဂတိလိုက်စားမှုကြောင့် မကျင့်သုံးနိုင်တာ များပါတယ်။
လာဘ်ပေးလာဘ်ယူမှု နေရာတိုင်းလိုလိုမှာ ရှိနေတာဟာလည်း မှောင်ခိုလုပ်ငန်းကို ရှင်သန်စေတဲ့ အခြေခံအကြောင်းတခု ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဦးသိန်းစိန်အစိုးရလက်ထက်က ပြဌာန်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ သြဂုတ်လမှာ ဖွဲ့စည်းပါတယ်။ NLD အစိုးရတက်လာပြီး (၂) နှစ်ကြာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားမှု ပပျောက်ဖို့ အများကြီးလိုပါသေးတယ်။ ကော်မရှင်က လေ့လာစုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့ အမှုတွေထဲမှာ အရေးယူခံရတဲ့ ဝန်ထမ်း (၁၂) ဦး ထွက်ပြေးတိမ်ရှောင်နေတဲ့ သတင်းကို လူသိများပါတယ်။ ရဲအဖွဲ့ Website မှာ တရားခံပြေး (၁၂) ဦး အကြောင်းကြားကြေညာပြီး မကြာမီ လူမှုကွန်ရက်တခုလုံးမှာ ပြန့်သွားပါတယ်။
မှောင်ခိုစီးပွားရေး နှစ်ရှည်လများ ကျင့်သုံးလာတဲ့ ဆိုးကျိုးကို မြန်မာပြည်သူပြည်သားတွေ ခံစားနေရပါတယ်။ သစ်မှောင်ခိုနဲ့ ကျောက်မျက်မှောင်ခိုလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးတဲ့အတွက် ရေကြီးတဲ့ဒဏ်ကို မကြာခဏ ခံကြရပါတယ်။ သစ်တောထိန်းသိမ်းရေးကို အဓိကထားတဲ့ ဝန်ကြီးဌာနနဲ့ သစ်တောနေရာတွေမှာ စိုက်ပျိုးရေးလုပ်ငန်း တည်ထောင်ချင်တဲ့ဝန်ကြီးဌာနတို့ ပေါ်လစီပဋိပက္ခ ဖြစ်နေတာဟာလည်း ပြဿနာတခု ဖြစ်ပါတယ်။ အစိုးရပေါ်လစီတွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စွမ်း မရှိတာဟာလည်း မြန်မာနိုင်ငံရဲ့ အဓိကအားနည်းချက်တခု ဖြစ်ပါတယ်။
မှောင်ခိုကုန်သွယ်မှု အများစုဟာ နယ်စပ်ဒေသကို ကျော်ဖြတ်ရတာဖြစ်လို့ နယ်စပ်ဒေသမှာ အေးချမ်းပြီး တရားဥပဒေ စိုးမိုးနိုင်မှသာ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရတပ်တွေ ပြိုင်ဆိုင်တဲ့ဒေသမှာ မှောင်ခိုဈေး ရှင်သန်နေတာ တွေ့ရပါတယ်။ ဒါကြောင့် မှောင်ခိုစီးပွားရေး နည်းပါးစေဖို့အတွက် နယ်စပ်ဒေသမှာ ငြိမ်းချမ်းပြီး တရားဥပဒေအတိုင်း လုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဒေသခံတိုင်းရင်းသားတွေ တရားဝင် စီးပွားရေး လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းများရင်များသလို မှောင်ခိုလုပ်ငန်းမှာ ပါဝင်တဲ့ အတိုင်းအတာလည်း နည်းပါးသွားနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။