ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံလိုက်ရပြီး မကြာမီ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ အပစ်အခတ် ရပ်စဲတဲ့အချိန်ကစပြီး ယနေ့အထိ ကချင်-ယူနန်နယ်စပ်မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲအကြောင်း လွန်ခဲ့တဲ့ မတ်လက စာတမ်းတစောင် ထွက်လာပါတယ်။ ကန်ပိုက်တီ၊ လွယ်ဂျယ်နဲ့ မူဆယ်ဒေသက အပြောင်းအလဲတွေကို သုတေသန လုပ်ထားတာပါ။ Conflicts and Development in Myanmar-China Border Region ဆိုတဲ့ စာတမ်းဖြစ်ပြီး Dan Seng Lawn နဲ့ Patrick Meehan ဦးဆောင်တဲ့ သုတေသနအဖွဲ့က ရေးသားထားတာ ဖြစ်ပါတယ်။ ဒေသခံတွေကို တွေ့ဆုံမေးမြန်းပြီး ရေးထားတာလို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခကြောင့် နှစ်ပေါင်းများစွာ မတည်မငြိမ် ဖြစ်ခဲ့ရာက ရင်းနှီးမြုပ်နံှမှုနဲ့ ဖွံ့ဖြိုးမှုတွေ ရှိလာတဲ့အတွက် ဒေသခံတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဆန်းစစ်ထားပါတယ်။ ဆက်သွယ်မှုအား ကောင်းလာလို့ အခွင့်အလမ်းတွေ များလာတဲ့ အကျိုးကို ခံစားရပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ စီးပွားရေးမညီမျှမှု၊ လူမှုရေးတင်းမာမှု၊ မြေယာမလုံခြုံမှုနဲ့ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို ရင်ဆိုင်လာကြရတယ်လို့ ဆိုပါတယ်။ ကန်ပိုက်တီ၊ လွယ်ဂျယ်နဲ့ မူဆယ်ဒေသမှာ အတိတ်ကာလက ပဋိပက္ခတွေဟာ အသွင်အမျိုးမျိုးနဲ့ ဆက်လက်ရှင်သန်နေသေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကန်ပိုက်တီ၊ လွယ်ဂျယ်နဲ့ မူဆယ်ဟာ အရင်က 'ဗကပ' ကွန်မြူနစ် ကြီးစိုးခဲ့တဲ့ နေရာတွေပါ။ ဗကပ ပြိုကွဲသွားတဲ့အခါမှာ ဒီနေရာကို တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအမျိုးမျိုး ဝင်လာကြပြီး အကွဲကွဲအပြဲပြဲတွေ ဖြစ်ကြပါတယ်။ အတိတ်က ပြဿနာကို မဖြေရှင်းနိုင်ဘဲ နယ်စပ်ကို ချုပ်ကိုင်ဖို့ ကြိုးပမ်းကြပါတယ်။ အပစ်ရပ်ပြီး ဈေးကွက်ဖွင့်တဲ့အခါမှာ နယ်စပ်ဒေသဟာ စီးပွားရေးအချက်အချာ ဖြစ်လာပါတယ်။ အကြမ်းဖက်မှု လျော့နည်းသွားပေမယ့် လက်နက်ကိုင်တွေ သြဇာကြီးမားနေပါတယ်။ တရုတ်ကုန်ပစ္စည်းတွေ လှိမ့်ဝင်လာလို့ ဒေသခံတွေ အကျိုးခံစားရပေမဲ့ နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်တဲ့အတွက် မျှတတဲ့ တိုးတက်မှုကို မရနိုင်ဘူးလို့ ဆိုပါတယ်။ ကျောင်းတွေ၊ ဆေးရုံတွေ များလာလို့ ခံစားရတဲ့ အကျိုးအမြတ်ဟာ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ အာဏာပိုင် အကျင့်ပျက်မှုတွေကို ပျောက်ပြယ်အောင် မလုပ်နိုင်ပါဘူး။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ တရုတ်လွှမ်းမိုးတဲ့ တဘက်စောင်းနင်း ရောင်းဝယ်ရေး ဖြစ်နေပါတယ်။ မြန်မာဘက်က သဘာဝသယံဇာတနဲ့ ကုန်ကြမ်းပစ္စည်းလောက်သာ တရုတ်ဘက်ကို တင်ပို့နိုင်တာမို့ နယ်စပ်ကုန်သွယ်မှုကို တရုတ်က လက်ဝါးကြီး အုပ်ထားပါတယ်။ တရုတ်လုပ်ငန်းရှင်တွေလို နယ်စပ်အာဏာပိုင်တွေနဲ့ မဟာမိတ်လုပ်တာမျိုးကို ဒေသခံတွေက မလုပ်နိုင်တဲ့အတွက် တပန်းရှုံးနေပါတယ်။ အထူးစီးပွားရေးဇုန်နဲ့ နယ်စပ်စီးပွားရေးဇုန် ဖွင့်ပေးတာကို ကောင်းတဲ့ဘက်က မြင်သူတွေ ရှိသလို၊ မကောင်းတဲ့ဘက်က မြင်သူလည်း ရှိပါတယ်။ ယူနန်ပြည်နယ်နဲ့ မြန်မာပြည်နေရာအနံှ့အပြားက ရွှေ့ပြောင်းလုပ်သားတွေ ရောက်လာတာဟာ အစဉ်အလာ အဖွဲ့အစည်းကို ပြောင်းလဲစေပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ နယ်စပ်ကုန်သွယ်ရေးဟာ အဓိက ပါဝင်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း (၁၈) ခုရဲ့ ၂၀၂၁ ပထမ (၃) လပတ် တန်းဖိုးဟာ ဒေါ်လာသန်း ၉၂၈၀၀) ရှိတဲ့အနက် မူဆယ်ကတင် ဒေါ်လာသန်း (၁၅၀၀) ရှိနေပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ကုန်သွယ်ရေး တဝက်ကျော် မူဆယ်က ယူထားတာပါ။ ကန်ပိုက်တီဟာလည်း အရေးပါလာတဲ့အတွက် မြစ်ကြီးနားစက်မှုဇုန်နဲ့ ဆက်စပ်ဖို့ အရေးကြီးလာပါတယ်။ မန္တလေး-မူဆယ် မီးရထားလမ်းစီမံကိန်းဟာ ဒေါ်လာသန်း (၉၀၀၀) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခ နယ်မြေ ဖြစ်နေပါတယ်။ တပ်မတော်နဲ့ ဒေသခံလက်နက်ကိုင်တွေ ကြီးစိုးတာမို့ အာဏာပိုင်အမျိုးမျိုး ရှိနေပါတယ်။ မူဆယ်နဲ့ ကန်ပိုက်တီကြားက လွယ်ဂျယ်ဟာ KIA ထိန်းချုပ်တဲ့နယ်မြေ ဖြစ်ပါတယ်။
ကန်ပိုက်တီဟာ ပန်ဝါအခြေစိုက် ကချင်နယ်ခြားစောင့် ထိန်းချုပ်တဲ့ဒေသ ဖြစ်တာမို့ ပြည်သူ့စစ်အုပ်စုတွေ ပြိုင်ဆိုင်စွက်ဖက်တာကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မူဆယ်မှာဆိုလည်း ပြည်သူ့စစ်တွေ ဆက်ကြေးကောက်တာကို ခံနေရဆဲ ဖြစ်ပါတယ်။ တပ်မတော်ကလည်း ဒီပြည်သူစစ်တွေကို လိုရင်လိုသလို အသုံးပြုနေတုန်း ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေကလည်း အခွင့်အလမ်း ပွင့်ရင်ပွင့်သလို ကိုယ်ကျိုးရှာနေတုန်းပါ။ စီးပွားရေး အပြိုင်အဆိုင်လုပ်တဲ့ဒေသမှာ ပြည်သူစစ်တွေဟာ ကြားပွဲစားလုပ်ပြီး အမြတ်ထုတ်တတ်ပါတယ်။ ဒေသခံ တရုတ်လုပ်ငန်းရှင်တွေ တည်ထောင်ထားတဲ့ ပြည့်သူစစ်တောင် ရှိနေပါတယ်။
လွယ်ဂျယ်၊ ဗန်းမော်၊ ကန်ပိုက်တီ၊ မြစ်ကြီးနား၊ မူဆယ်၊ မန္တလေး ကားလမ်းတွေ ကောင်းလာလို့ နယ်စပ်စီးပွားရေး တိုးပွားလာပေမယ့် ဒေသခံပြည်သူ့ဘဝဟာ မထူးခြားလာပါဘူး။ လုပ်ငန်းအကြီးစားနဲ့ အလတ်စားဟာ တရုတ်ပိုင်တွေ များပါတယ်။ မြန်မာနိုင်ငံသား တရုတ်နဲ့ ဖက်စပ်လုပ်ပြီး မူဆယ်မှာ မြေယာအများအပြား ဝယ်ယူကြပါတယ်။ ဒေသခံအာဏာပိုင်တွေရဲ့ အလွဲသုံးစားလုပ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပြည်သူတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းဖို့ စိတ်မကူးဘဲ စီးပွားရေးကိုသာ အဓိကထားတာဟာ ရေလတ်နဲ့ ရေရှည်မှာ အန္တရာယ်ရှိနိုင်ကြောင်း ကချင်သုတေသနဌာနက သုံးသပ်ထားပါတယ်။
==== Unicode ====