ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
ချင်းပြည်သူ့ကာကွယ်ရေးတပ်နဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ခုခံရေးစစ်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများတဲ့သတင်း မကြာခဏ ကြားရပါတယ်။ ချင်းတပ်တွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီအရေးနဲ့ ဖယ်ဒရယ်အရေးအတွက် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးမှာ သာမန်ချင်းပြည်သူတွေ ဘယ်လောက်စိတ်ပါသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုပါတယ်။ တိုက်ဆိုင်ချင်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် ဟားခါးမြို့တော်အခြေစိုက် Chinbridge သုတေသနဌာနက ၂၀၁၉ မှာ အစီရင်ခံစာ ထုတ်ပါတယ်။ ချင်းပြည်နယ်နိုင်ငံရေးကို လေ့လာထားတာ ဖြစ်ပါတယ်။
ပြည်သူ့ကိုယ်စားလှယ်ကတဆင့် နိုင်ငံရေးမှာ ပါဝင်လာရတယ်ဆိုတာကို သဘောပေါက်ရဲ့လား။ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုသဘောထားသလဲ စတာတွေကို သိနိုင်ဖို့အတွက် ချင်းပြည်နယ်မှာ (၅) လ ကွင်းဆင်းသုတေသန လုပ်ပါတယ်။ ချင်းပြည်နယ်မှာ မြို့နယ် (၉) မြို့နယ်ရှိပြီး မြို့နယ် (၁) မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် (၂) ဦးစီ ရွေးကောက်တာမို့ ရွေးကောက်ခံကိုယ်စားလှယ် (၁၂) ဦးနဲ့ စစ်တပ်ကိုယ်စားလှယ် (၆) ဦး စုစုပေါင်း (၁၈) ဦး ရှိပါတယ်။ ချင်းပြည်နယ်လွှတ်တော်မှာ ကော်မတီ (၈) ခု ရှိပေမယ့် ပြည်သူ့ဆက်ဆံရေးကိစ္စနဲ့ မသက်ဆိုင်တာ တွေ့ရပါတယ်။
(၅) လ သုတေသနစစ်တမ်းလုပ်ပြီး သုံးသပ်တဲ့အခါ ချင်းတိုင်းရင်းသားအများစုဟာ နိုင်ငံရေးကို သိပ်ပြီးတော့ စိတ်ဝင်စားတာ မဟုတ်ကြောင်း သိရပါတယ်။ မေးမြန်းစုံစမ်းတဲ့ ချင်းလူဦးရေတထောင်ကျော် (၁၀၁၄) မှာ နိုင်ငံရေးကို အလွန်စိတ်ဝင်စားသူ (၁၄) ရာခိုင်နှုန်းသာရှိပြီး လုံးဝစိတ်မဝင်စားသူက (၃) ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံရေးမှာ အသင့်အတင့် စိတ်ဝင်စားသူဦးရေက (၃၃) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ မိမိရဲ့ လွှတ်တော်ကိုယ်စားလှယ်အမည်ကို မှန်မှန်ကန်ကန် ပြောနိုင်သူက (၂၆) ရာခိုင်နှုန်းသာ ရှိပါတယ်။ ချင်းတိုင်းရင်းသားအများစုဟာ မဲဆန္ဒပေးတာကိုသာ နိုင်ငံရေးလုပ်တာလို့ ယူဆကြပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာတော့ စိတ်ဝင်စားမှုနည်းတယ်လို့ ဖော်ပြထားပါတယ်။ ဥပမာ ရပ်ရွာအရေးကိစ္စနဲ့ ပတ်သက်တဲ့ လူထုအစည်းအဝေးတက်တဲ့လူက (၃၂) ရာခိုင်နှုန်းသာ ရှိပါတယ်။ တိုင်းပြည်အရေးမှာ အလှူငွေထည့်ဝင် ထောက်ခံသူက (၅) ရာခိုင်နှုန်းသာရှိပြီး၊ အင်တာနက်မှာ ပါဝင်ဆွေးနွေးသူ (၆) ရာခိုင်နှုန်းသာ ရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင် တွေ့ဆုံတဲ့ဓလေ့ဟာ ချင်းပြည်နယ်မှာ အလွန်ရှားပါတယ်။ ရွေးကောက်ပွဲ ကျင်းပချိန်မှာသာ တွေ့ကြပြီး ရွေးကောက်ပွဲပြီးတာနဲ့ မတွေ့ကြတော့ဘူးလို့ သိရပါတယ်။ လွှတ်တော်အမတ်တဦးဆိုရင် ရွေးကောက်တင်မြှောက်ခံရပြီးတဲ့နောက် သူ့မဲဆန္ဒနယ်ကို တခါမှ မသွားဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးမကောင်းလို့ မသွားဖြစ်တာလို့ ဆင်ခြေပေးတတ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချင်တဲ့ မဲဆန္ဒရှင်တွေ ရှိသလို၊ မဲဆန္ဒရှင်နဲ့ မကြာခဏ တွေ့ချင်တဲ့ လွှတ်တော်အမတ်တွေလည်း ရှိပါတယ်။ လွှတ်တော်မှာ ဘာတွေလုပ်ကိုင်နေတယ်ဆိုတာကို မဲဆန္ဒရှင်ကို အကြောင်းကြားဖို့ လွှတ်တော်ကိုယ်စားလှယ်မှာ တာဝန်ရှိတယ်လို့ မြင်ကြတာများပါတယ်။
လွတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင် ဆက်ဆံရေးကောင်းဖို့ကိစ္စမှာ သွားရေးလာရေး အခြေခံအဆောက်အအုံ ကောင်းဖို့လိုပါတယ်။ ကားလမ်းတွေ ကောင်းမွန်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ အမှုထမ်းအလုံအလောက်ရှိဖို့ကလည်း အရေးကြီးပါတယ်။ မဲဆန္ဒရှင်ရေးရာအတွက် ချင်းပြည်နယ်လွှတ်တော်မှာ မော်တော်ကား (၂) စီးသာ ရှိပါတယ်။ ပြည်နယ်မြောက်ပိုင်းအတွက် (၁) စီး၊ တောင်ပိုင်းအတွက် (၁) စီး ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့ Website ကောင်းကောင်းဖွင့်ထားပြီး၊ လူမှုကွန်ရက်ကနေ မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ်နိုင်တယ်လို့ Chinbridge သုတေသနဌာနက ဆိုပါတယ်။ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့လိုအပ်ချက်တွေကို ရောင်ပြန်မဟပ်နိုင်တဲ့ ကိုယ်စားလှယ်စနစ်ကို အခြားကိုယ်စားလှယ်စနစ်နဲ့ အစားထိုးဖို့ လိုလားကြတယ်လို့လည်း Chinbridge အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကွင်းဆင်းလေ့လာတဲ့ အချက်အလက်တွေကိုကြည့်ရင် ပြည်သူလူထုနဲ့ ထိတွေ့မှုနည်းတဲ့ ကိုယ်စားလှယ်စနစ်ကို ချင်းတိုင်းရင်းသားအများစုက မလိုလားကြောင်း သိရပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူကပြည်သူအတွက် တင်မြှောက်ထားတဲ့ အစိုးရဖြစ်လို့ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် နိုင်ငံရေးစနစ်ကို ပြောင်းလဲကျင့်သုံးရမယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို အယုံအကြည်မရှိတဲ့ မဲဆန္ဒရှင်တွေလည်း ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဝန်ကြီးတွေဟာ ကိုယ်ကျိုးစီးပွားကိုသာ အဓိကထားကြပြီး ပြည်သူ့အရေးကို စိတ်မဝင်စားဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။
ပြည်သူ့အကျိုးသယ်ပိုးရင်း ကိုယ်ကျိုးမရှာတဲ့ ကိုယ်စားလှယ်ကို မဲဆန္ဒပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ (၂၀၁၈) က ဟားခါးမြို့မှာ တွေ့ဆုံမေးမြန်းတဲ့အခါ ချင်းပြည်နယ်တခွင်မှာ အဂတိလိုက်စားမှုတွေ ရှိနေပြီး၊ ပြည်နယ်အစိုးရလည်း ဘာမှမတတ်နိုင်ဘူးလို့ ဆိုပါတယ်။ ဟားခါးဒေသခံတွေကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အဆင့်မြင့်အရာထမ်းအများစုဟာ အဂတိလိုက်စားကြတယ်လို့ မြင်ကြပါတယ်။ ပြည်သူလူထုက နိုင်ငံရေးမှာ စိတ်ဝင်စားမှု နည်းပါးလေလေ၊ နိုင်ငံရေးသမားတွေအဖို့ အဂတိလိုက်စားလို့ကောင်းလေလေ ဖြစ်နေပုံရပါတယ်။
==Unicode==