အရပ်သားတပိုင်းအစိုးရ တက်လာပြီး သုံးနှစ်ကျော်လာတဲ့အခါ အသွင်ကူးပြောင်းရေးကို နိုင်ငံခြားမှာ အမျိုးမျိုးသုံးသပ်ကြပါတယ်။ စစ်အာဏာရှင်ခေတ်ကရခဲ့တဲ့ အကျိုးစီးပွားကို တရားဝင်အသိအမှတ်ပြုခံရဖို့ အခြေခံဥပဒေကို စိတ်တိုင်းကျရေးပြီး အသွင်ပြောင်းတာလို့ မြင်သူတွေ ရှိပါတယ်။ စီးပွားရေး ဒဏ်ခတ်အရေးယူတာတွေ နိဂုံးချုပ်သွားရင် စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ပိုမြှင့်တင်နိုင်လိမ့်မယ်လို့ ယူဆပြီး အပြောင်းအလဲလုပ်တာလို့လည်း မြင်ကြပါတယ်။ ကိုယ်ကျိုးစီးပွားအတွက် အပြောင်းအလဲလုပ်တာဖြစ်လို့ ဒီမိုကရေစီအသွင်ကူးပြောင်းလို့ မရအောင် လုပ်ထားတာလို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။
တချို့ကလည်း ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်ပြီး ဦးသန်းရွှေရဲ့ လုပ်ဇာတ်ကို ကမ္ဘာက အဟုတ်မှတ်လာအောင် ဦးသိန်းစိန်အစိုးရက ပြုပြင်ရေးလုပ်ပြနေတာလို့ မြင်ကြပါတယ်။ ဒါကြောင့် ပြုပြင်ရေးကို အသွင်ကူးပြောင်းမှုလို့ မြင်သူရှိသလို ဟန်ပြလုပ်ငန်းအဖြစ် မြင်သူလည်းရှိပါတယ်။ ပြုပြင်ရေးရပ်တန့်သွားပြီ၊ နှေးကွေးသွားပြီ စသဖြင့် အမျိုးမျိုး သုံးသပ်ကြပါတယ်။ စစ်တပ်ကတော့ မိမိလုပ်ပိုင်ခွင့်ကို ထိပါးနိုင်မယ့် အပြောင်းအလဲမျုးိကို လက်မခံဘဲ ဦးသန်းရွှေ ခင်းထားတဲ့ လုပ်ဇာတ်အတိုင်းသာ ဆက်ပြီးစခန်းသွားလိုတာမို့ အခြေခံဥပဒေကို ပြင်ဆင်ပြီး အသွင်ပြောင်းတာမျိုးကို စိတ်မဝင်စားပါဘူး။
ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်မှုဟာ ခွဲခြားလို့ မရနိုင်တဲ့ အစီအစဉ်တွေဖြစ်တယ်လို့ သုတေသီ Gwen Robinson က နိုဝင်ဘာလထုတ် စာတမ်းမှာ သုံးသပ်ပါတယ်။ အစိုးရဦးစီးတဲ့ စင်္ကာပူစနစ်ကို မြန်မာခေါင်းဆောင်ပိုင်းက သဘောကျပုံ ရပါတယ်။ မြန်မာအမှုထမ်းတွေကို စင်္ကာပူက သင်တန်းပေးသလို စင်္ကာပူကို သွားတာမျိုးလည်း ရှိပါတယ်။ စစ်အစိုးရကို ကူညီသူထဲမှာ စင်္ကာပူဟာ ရှေ့တန်းက ပါဝင်ပါတယ်။ စီးပွားရေးကြောင့် ပြုပြင်ရေးလုပ်ရတာ ဖြစ်ပေမယ့် နိုင်ငံရေး၊ နိုင်ငံခြားရေးနဲ့ စီပွားရေးဟာ ဆက်စပ်နေပါတယ်တဲ့။ မြန်မာပြည်ရဲ့ လူမျိုးရေး၊ အာဏာခွဲဝေရေး၊ ဘာသာရေး စတာတွေကိုကြည့်ရင် စီးပွားရေး တိုးတက်လာရုံနဲ့ ပြဿနာ ပြေလည်မှာမဟုတ်ဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်တဲ့ အတိုင်းအတာကိုလိုက်ပြီး ပြုပြင်ရေးအောင်မြင်နိုင်တယ်လို့ Gwen Robinson က မြင်ပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် ဒုဥက္ကဋ္ဌ Stenphen Groff ကတော့ နိုင်ငံရေးပြဿနာတွေ ရှိပေမယ့် စီးပွားရေး တိုးတက်လာအောင် ဇောက်ချလုပ်ရမယ်လိုပ ဆိုပါတယ်။ ပြုပြင်ရေးက ပေါ်ထွက်လာတဲ့ အခွင့်အလမ်းကို ပြည်သူအများခံစားနိုင်ရအောင် လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ပြည်သူလူထုကို အလုပ်အကိုင်ပေးနိုင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။ ရေရှည်တိုးတက်ရေး၊ လူမှုတည်ငြိမ်ရေး နဲ့ လူထုထောက်ခံမှုရရှိရေးအတွက် လူငယ်လူရွယ်တွေကို အလုပ်ပေးနိုင်ဖို့ လိုပါတယ်။ အခုရရှိနေတဲ့ အခွင့်အလမ်းတွေဟာ အချိန်ကြာလေ ကျဉ်းမြောင်းလေ ဖြစ်နေတဲ့အတွက် အချိန်ရှိတုန်း လုပ်နိုင်ဖို့ လိုပါတယ်တဲ့။ မြေဈေးနဲ့ ဝန်ဆောင်လုပ်ငန်း ဈေးတက်လာရင် ကုန်ထုတ်လုပ်ငန်း လိုနေရာမျိုးမှာ နိုင်ငံခြားအရင်းအနှီး ဝင်ရောက်လာဖို့ ခက်ခဲသွားနိုင်ပါတယ်။ အစကောင်းထားတဲ့ ပြုပြင်ရေးကို ဆက်လုပ်နိုင်ဖို့ အရေးအကြီးဆုံးလို့ ဆိုပါတယ်။
ပုဂ္ဂလိကကဏ္ဍ အကူအညီနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့ကိစ္စဟာ ဦးသိန်းစိန်အစိုးရရဲ့ ပထမဦးစားပေး ဖြစ်ရမယ်လို့ စင်္ကာပူ အရှေ့တောင်အာရှ လေ့လာရေးဌာနက သုတေသီ Stuart Larkin က ဆိုပါတယ်။ ဒီလိုလုပ်ရာမှာ သဟဇာတဖြစ်အောင် အစိုးရအရာထမ်းတွေက ဆောင်ရွက်ပေးရပါလိမ့်မယ်။ ဒီနည်းကို ဂျပန်က ပထမဆုံး ကျင့်သုံးလို့ အောင်မြင်တဲ့အခါမှာ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား နဲ့ ထိုင်းအစိုးရတို့က လိုက်ပြီးကျင့်သုံးကြပါတယ်။ မြန်မာမှာလည်း အစိုးရနဲ့ စီးပွားရေး သမား လက်တွဲလုပ်နိုင်ရင် စီးပွားရေး တိုးတက်မယ်လို့ ဆိုပါတယ်။ ထိုင်းမှာလို မြန်မာမှာလည်း ခရိုနီးသူဌေးတွေ ရှိပါတယ်။ အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားတဲ့ ခရိုနီ အရင်းရှင်တွေနဲ့ လက်တွဲပြီး စီးပွားရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ သုတေသီ Stuart Larkin က အကြံပေးထားပါတယ်။
မြန်မာ့ရေးရာ ဝါရင့်သတင်းသမား Bertil Lintner ကတော့ ဦးသိန်းစိန်ရဲ့ ပြုပြင်ရေးဟာ အပေါ်ယံ အရေခွံလဲတဲ့ စီမံကိန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးသန်းရွှေဟာ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ စစ်တပ်အစိုးရ၊ ကြံ့ဖွံ့ပါတီနဲ့ လွှတ်တော်စတဲ့ ဌာန (၄) ခုမှာ အာဏာခွဲဝေတာ ဖြစ်ပါတယ်တဲ့။ စစ်တပ်ဟာ အစိုးရအထက်မှာရှိတဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီကို ချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။ လွှတ်တော်မှာသာ အတိုက်အခံကို မည်ကာမတ္တ ခွင့်ပြုထားပါတယ်။ ဒီလုပ်ဇာတ်မှာပါဝင်ဖို့ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ကို ဦးသန်းရွှေ က တမင်ရွေးထားတာလို့ ဆိုပါတယ်။
ဒါကြောင့် ပြုပြင်ရေးကို စစ်တပ်ကိုယ်စားလှယ်က စိတ်မဝင်စားဘဲ (ကာလုံ) လို့ခေါ်တဲ့ စစ်ဗိုလ်ကြီးစိုးတဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီကို လုပ်ပိုင်ခွင့် တိုးပေးဖို့သာ စိတ်ဝင်စားပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာ (၃) ရပ် အပြန်အလှန် ထိန်းကျောင်းမှု ယိုယွင်းလာရင် (သို့မဟုတ်) ကိုယ်စားလှယ်ဦးရေး (၃) ပုံ (၁) ပုံ လစ်လပ်နေရင် လွှတ်တော်ဖျက်သိမ်းဖို့ (ကာလုံကောင်စီ) က သမ္မတကို အကြံပေးနိုင်ခွင့် ရှိရမယ်လို့ စစ်တပ်ကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။ ဒါကြောင့်မို့ စစ်တပ်ကိုယ်စားလှယ်ဟာ ဒီမိုကရေစီကို ဂရုမစိုက်ဘဲ ပြည်သူ့ကိုယ်စားလှယ်ကို စစ်ဗိုလ်ရဲ့ လက်အောက်ခံဖြစ်အောင်လုပ်ဖို့သာ စိတ်ဝင်စားနေတာ ထင်ရှားနေပါတယ်။