ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မီဒီယာသမားဆိုတာ နိုင်ငံရေးဘက်လိုက်မှု မရှိရဘူးဆိုပေမယ့် ပဋိပက္ခလွန် လူအဖွဲ့အစည်းတွေရဲ့ မီဒီယာပွင့်လင်းစ အခြေအနေတွေမှာ သိပ်မတွေ့ရသေးပါဘူး။ အင်ဒိုနီရှားနိုင်ငံမှာဆိုရင် မီဒီယာသမားတွေဟာ အစောပိုင်းတုံးက တက်ကြွလှုပ်ရှားသူတွေနဲ့ တဖက်တည်းချည်း ဖြစ်နေခဲ့ကြတယ်လို့ George Washington တက္ကသိုလ် မီဒီယာနဲ့ လူထုေုရးရာဌာန တွဲဘက်ပါမောက္ခ Dr Janet Steele က ဆိုပါတယ်။ လက်ရှိ မြန်မာမီဒီယာတွေကော ဘယ်လို အခြေအနေ ရှိကြပါသလဲ၊ VOA မြန်မာပိုင်း ရန်ကုန်ဌာနခွဲမှူ း ဒေါ်ခင်စိုးဝင်းရဲ့သုံးသပ်ချက်နဲ့တကွ ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် ဦးကျော်ဇံသာ က ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲ မသမာမူတွေ။ အထူးသဖြင့် သတင်းသမားတွေ မရောက်နိုင်တဲ့နေရာတွေ၊ နိုင်ငံတကာကလည်း အာရုံမစိုက်နိုင်တဲ့ နေရာတွေ၊ ဝေးလံခေါင်သော နေရာတွေမှာ မဲရုံတွေကလည်း အများကြီး ရှိပါတယ်။ ဒီနေရာတွေက သတင်းသမားတွေရဲ့ မျက်ကွယ်ဆိုတော့ မသမာမှုတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ ဒီကိစ္စကို ဘယ်လို လုပ်ကြမလဲ။ ဘယ်လောက် စိုးရိမ်စရာ ရှိပါလဲ။
Dr. Janet ။ ။ ဟုတ်ပါတယ်။ ဒါဟာလဲ စိုးရိမ်စရာပါပဲ။ သတင်းအချက်အလက်တွေ မရရှိနိုင်ဘဲ၊ ဟာကွက်ရှိနိုင်ပါတယ်။ ဟာကွက်ဖြစ်နေတဲ့အတွက် ကောလာဟလတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ကောလာဟလဆိုတာ သတင်းမရနိုင်လို့ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ဖုံးကွယ်ထားခြင်း မရှိဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ကျမတို့ အားထုတ်ရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လဲ အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အစိုးရပြောတာကိုလည်း လူထုက ယုံရမယ်။ အစိုးရရဲ့ ပြောကြားချက်တွေလည်း ခိုင်လုံစိတ်ချရဖို့ ယုံကြည်လောက်ရတဲ့ အခြေအနေ ရှိရပါမယ်။ ဒီအတွက် သတင်းသမားတွေ မေးမြန်းတာကိုလည်း ပြန်လည်းဖြေကြားပေးရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒါဟာ ကြက်ဥ နဲ့ ကြက်မ လိုပါပဲ။ ကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်တရပ် ထွန်းကားဖို့အတွက် သူတို့ ဘာရေးရေး မှန်မှန်ကန်ကန် စီစစ်ပြီးမှ တာဝန်သိသိနဲ့ရေးတဲ့ မီဒီယာတွေ ဖြစ်ရမယ်။ ပွင့်လင်းမြင်သာပြီးတော့ သတင်းထုတ်ပြန်ပေးဖို့ လိုလိုလားလားရှိတဲ့ အစိုးရ ဖြစ်ရမယ်။ ကောလာဟလကို ကောလာဟလမှန်သိတဲ့ ပြည်သူလူထု။ ဒါဟာ Facebook မှာ ရေးထားတာ ချက်ချင်းအတည်ယူလို့ မရဘူး။ တခြားသတင်းတွေနဲ့ ညှိပြီးအတည်ပြုရမယ်ဆိုတာ နားလည်သဘောပေါက်တဲ့ ပြည်သူလူထုလည်း ဖြစ်ရပါလိမ့်မယ်။ ဒါတွေအားလုံး ချက်ချင်းမဖြစ်ထွန်းနိုင်ပါဘူး။ အချိန်ယူရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ Janet က Facebook ဆိုလို့ မှန်ပါတယ်။ မြန်မာနိုင်ငံမှာ Social Media တွေ အများကြီး ပေါ်ထွက်လာပါတယ်။ ဒါကို မှန်မှန်ကန်ကန် စမ်းစစ်တတ်ဖို့ သိပ်အရေးကြီးတယ် ထင်ပါတယ်။ မြန်မာပြည်မှာ ဒီလို မမှန်မကန် Social Media တွေမှာ ရေးသားမှုတွေကြောင့် Communal Violence လူအုပ်စုချင်း ပဋိပက္ခ ခိုက်ရန်ဖြစ်ပွားမှုတွေ မကြာခဏ ကြုံခဲ့ဖူးပါတယ်။ ဒီနေရာမှာ လူထုအနေနဲ့ ဒီလို လူမှုမီဒီယာကွန်ရက် Social Media Network တွေကို မှန်မှန်ကန်ကန် ချင့်ချိန်တတ်အောင် ဘယ်လို လုပ်သင့်တယ် ထင်ပါလဲ။
Dr. Janet ။ ။ ဒါဟာလဲ အချိန်ယူပြီးလုပ်ရမယ့် ဖြစ်စဉ်တရပ်လို့ မြင်ပါတယ်။ သတင်းထောက်တွေကိုယ်တိုင် ဒီကိစ္စကို ပါဝင်ဆောင်ရွက်သင့်တယ်လို့ ကျမ ထင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့၊ လွတ်လပ်ပြီး ခိုင်လုံစိတ်ချရတဲ့ သတင်းအချက်အလက်တွေကို တခြားလူတွေထက် သတင်းထောက်တွေက အသိဆုံးပဲလို့ ထင်ပါတယ်။ သာမန်ပြည်သူတွေကတော့ အင်မတန် ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရလက်အောက်မှာ အချိန်ကာလကြာမြင့်စွာ နေလာခဲ့ရတော့ ကောင်းမွန်တဲ့သတင်းလောကရှိဖို့ မှန်ကန်ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ဘာကြောင့် လိုအပ်သလဲဆိုတာ၊ ဘာကြောင့် အရေးကြီးသလဲဆိုတာ သိပ်ပြီးတော့ အမြင်ရှင်းလင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် သတင်းသမားတွေကိုယ်တိုင် ကျောင်းသားတွေ၊ ဆရာတွေကို ပြောရမယ်။ ကျောင်းတွေမှာ သွားပြောရမယ်။ လူထုကို ရှင်းပြရမယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာ သတင်းထောက်တွေရဲ့ အကျိုးစီးပွားကြီးပဲ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းရဲ့ အကျိုးစီးပွား ဖြစ်တယ်။ လူထုအနေနဲ့ သတင်းအချက်အလက်မှန်တွေကို သိရှိဖို့ လိုအပ်တယ်ဆိုတာ ရှင်းပြရမှာ ဖြစ်ပါတယ်။ ခိုင်လုံစိတ်ချရတဲ့ သတင်းတွေကို လိုအပ်တယ်ဆိုတာ လူထုသိအောင် လုပ်ပေးရမယ်။ အစိုးရရဲ့ မှားယွင်းမှုတွေလည်း အများကြီး တွေ့ရပါတယ်။ မကောင်းတဲ့ဖြစ်ရပ်ဆိုရင် ဥပမာ လူ့အသိုင်းအဝိုင်းတွေကြား ပဋိပက္ခတွေ ဖြစ်လာရင်၊ သတင်းအမှောင်ချထားချင်ကြတယ်။ တကယ်တော့ ဒီအချိန်မှာ Text Message ပို့နိုင်တာ၊ Facebook အပါအဝင်၊ လူမှုမီဒီယာကွန်ရက်က သိပ်တွင်ကျယ်နေပါတယ်။ ဘယ်အရာကိုမှ ထိန်းချုပ်ထားလို့ မရနိုင်တော့ပါဘူး။ လျှို့ဝှက်ချက်ဆိုတာလဲ မရှိတော့ပါဘူး။ သတင်းထောက်တွေကလည်း အမှန်ကို ဖော်ထုတ်ရမယ်။ အစိုးရကလည်း အမှန်အတိုင်း ရှင်းပြပြောပြကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ အန္တရာယ်ကြီးမားတဲ့ ကောလာဟလတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အန္တရာယ်ကြီးတဲ့ ကောလာဟလဆိုလို့ အချို့နိုင်ငံတွေ - ဥပမာအားဖြင့် တရုတ်နိုင်ငံမှာဆိုရင် Social Media တွေကို ထိန်းချုပ်တယ်။ Social Media တွေကို ကောလာဟလ မဖြန့်နိုင်အောင်ဆိုပြီး ထိန်းချုပ်တယ်လို့ သူတို့ အကြောင်းပြပါတယ်။ ဒီလို အာဏာပိုင်တွေက ထိန်းချုပ်တဲ့စနစ်ကို လက်ခံသင့်ပါလား။ အလုပ်ဖြစ်မယ်လို့ ထင်ပါလား။
Dr. Janet ။ ။ ကျမ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၀ မှာ ရောက်သွားတုန်းက အင်တာနက်တို့ ထိန်းချုပ်ထားတယ်။ အီးမေးလ်တောင် check လုပ်လို့ မရဘူးဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူတိုင်းဟာ IT Experts တွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာ သိပ်ကျွမ်းကြပါတယ်။ မြန်မာတွေဟာ သိပ်တော်ကြပါတယ်။ ဘယ်လို ပိတ်ထားပိတ်ထား တဘက်ကလှည့်ပြီးတော့ သူတို့ ကြံဖန်ဖွင့်နိုင်တယ်။ ကြည့်နိုင်ကြပါတယ်။ ပိတ်ပင်ထားတယ်ဆိုတာလဲ ဘာမှ အဓိပ္ပါယ် မရှိပါဘူး။ Social Media ဆိုတဲ့ လူမှုမီဒီယာကွန်ရက်တွေနဲ့ ပတ်သက်ပြီး လူထုရဲ့ အသိပညာ အရေးကြီးပါတယ်။ လူထုကို ပညာပေးဖို့ လိုအပ်ပါတယ်။ ခိုင်လုံစိတ်ချရတဲ့ သတင်းဟုတ်မဟုတ် သူတို့ ခွဲခြားနိုင်ရမယ်။ စီစစ်နိုင်ရမယ်။ Journalism ဆိုတာလဲ ခိုင်လုံမှန်ကန်မှုကို စီစစ်ရတာ ဖြစ်ပါတယ်။ ကောလာဟလကို ထုတ်လွှင့်တာ Journalism မဟုတ်ပါဘူး။ လူထုအနေနဲ့ သတင်းလား၊ ကောလာဟလလား ဆိုတဲ့ ခွဲခြားစီစစ်တဲ့ အလေ့အကျင့်လည်း တဖြည်းဖြည်းနဲ့ ရရှိလာလိမ့်မယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာပြည်မှာ အရေးကြီးပါတယ်။ Journalist နဲ့ Activist - သတင်းသမား နဲ့ တက်ကြွလှုပ်ရှားသူ ဘာကွာသလဲဆိုတာလဲ မီဒီယာပါမောက္ခတယောက်အနေနဲ့၊ ပညာရှင်တယောက်အနေနဲ့ ရှင်းပြပါအုံး။ တချို့က သိပ်မကွဲကြဘူး ဒီနေရာမှာ။ အထူးသဖြင့် မြန်မာပြည်မှာ အခုလောလောဆယ်ရှိနေတဲ့ သတင်းလောကသား တော်တော်များများကို ပြောတာပေါ့။ သူတို့ဟာ အရေးအခင်းဖြစ်တုန်းက ကျောင်းသားလူငယ်တွေ ဖြစ်ကြတယ်။ အဲဒီကတဆင့် Activist တွေ တက်ကြွလှုပ်ရှားသူတွေ ဖြစ်လာတယ်။ အခု အဲဒီကတဆင့် တချို့က သတင်းလောကကို ပြောင်းလာကြတယ်။ ဆိုတော့ သူတို့ဟာ Activist ပိုဖြစ်နေတယ်။ တခါတခါမှာ Balance လုပ်ရမယ်။ တဘက်နဲ့တဘက် တန်းတူအခွင့်အရေး Equal Opportunities ပေးရမယ်ဆိုတာ နားမလည်ကြပါဘူး။ အဲဒီလို ပေးရမယ်ဆိုတာကို မေ့လျော့နေကြတယ်။ တဘက်စောင်းနင်း လုပ်ကြတယ်။ ဒါ မှန်တယ်ဆိုပြီး မှန်တဲ့ဘက်က တဘက်စောင်းနင်း လုပ်လိုက်ကြတယ်။ တခြားတဘက်ရဲ့ သဘောကို သူတို့ သိပ်ပြီးတော့ အလေးပေးတာ မတွေ့ရပါဘူး။ အဲဒါ ဘယ်လို ကွဲပြားသလဲဆိုတာကိုလဲ ပြောပါအုံး။
Dr. Janet ။ ။ ရှင် ပြောတာ လုံးဝမှန်ပါတယ်။ ဒါမျိုးဟာ အင်ဒိုနီးရှားမှာလည်း ကျမတို့ တွေ့ခဲ့ရတဲ့ ကိစ္စပါ။ Pro-democracy activists ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ Journalists တွေဟာ အမြဲတမ်း တဖက်တည်း ဖြစ်နေတတ်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရလာတာနဲ့အမျှ Journalists တွေဟာ သူတို့ရဲ့မိတ်ဆွေ ဒီမိုကရေစီ ဘက်တော်သားတွေကို ပိုပြီးတော့ ဝေဖန်တာတွေ၊ မငဲ့မညှာ ရေးတာတွေကို လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျမမိတ်ဆွေ သတင်းစာဆရာကြီးတယောက် ပြောသလိုပဲ ‘Journalist ဆိုတာ မိတ်ဆွေ မရှိရဘူး။ မိတ်ဆွေရယ်လို့ သီးခြားမထားရပါဘူး။ သူတို့ကိုလည်း ဝေဖန်စရာရှိတာ ဝေဖန်ရမယ်။ လူတိုင်းကို ဝေဖန်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးကိုလည်း မြန်မာပြည်မှာ မကြာခင် တွေ့မြင်လာရမယ်လို့ ထင်ပါတယ်။ အရာရာဟာ သိပ်လျင်လျင်မြန်မြန် ပြောင်းလဲနေတာပါ။ ၂၀၁၀ တုန်းက ကျမ ရောက်သွားချိန်မှာ အခုလိုဟာတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မတွက်ခဲ့၊ မထင်ခဲ့ပါဘူး။ အခုအခါ တကယ့် ရွေးကောက်ပွဲတခု ကျင်းပတော့မယ်ဆိုတော့ သိပ်အံ့သြသင့်စရာ ကောင်းပါတယ်။ တခါတခါလဲ လူတွေက ချက်ချင်းအပြောင်းအလဲဖြစ်မယ်လို့ မျှော်လင့်တတ်ကြပါတယ်။ ဒီလိုလဲ မဟုတ်သေးပါဘူး။ ဒါပေမဲ့ အဲဒီဘက်ကိုတော့ လျင်လျင်မြန်မြန် ရွေ့နေပါတယ်။
ဦးကျော်ဇံသာ ။ ။ အင်ဒိုနီးရှားနိုင်ငံမှာကော တားဆီးထိန်းချုပ်ထားတဲ့ မီဒီယာဘဝကနေ ပွင့်လင်းလွတ်လပ်တဲ့ မီဒီယာအဖြစ်ကို ဘယ်လို ပြောင်းလာသလဲဆိုတာလဲ နောက်ဆုံးအနေနဲ့ နည်းနည်းရှင်းပြပေးပါအုံး။
Dr. Janet ။ ။ အချိန်အကြာကြီး ယူခဲ့ရပါတယ်။ အင်ဒိုနီးရှားဟာ ဒေသအတွင်းမှာ သတင်းလွတ်လပ်မှု အရှိဆုံးနိုင်ငံ ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ တကယ့်ကို ချီးကျူးစရာကောင်းတဲ့ အခြေအနေပါ။ ပထမအဆင့်ကတော့ ဥပဒေတရပ် ပြဌာန်းလိုက်တယ်။ ဒါပေမဲ့ အစပိုင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ထိပ်တိုက်တိုးတာတွေတော့ ရှိခဲ့ပါတယ်။ မြန်မာပြည်မှာလိုပဲ။ Press Law သတင်းလွတ်လပ်ခွင့် ဥပဒေရှိတာတော့ ကောင်းပါရဲ့။ အသရေဖျက်မှု ပုဒ်မတွေ၊ လှုံဆော်မှု ပုဒ်မတွေလို ပြစ်မှုပုဒ်မတွေနဲ့ မငြိစွန်းအောင် ဒီပုဒ်မတွေကို မီဒီယာဥပဒေ၊ သတင်းလွတ်လပ်ခွင့် ဥပဒေတွေက ဖယ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။ တဘက်မှာလဲ Professionalism ထွန်းကားအောင်လို့ လုပ်ရပါလိမ့်မယ်။ ဒါဟာ သိပ်ခက်ခဲမယ် ထင်ပါတယ်။ အာဏာပိုင်တွေ၊ အစိုးရတွေကို အထောက်အကူ ပြုရမယ်ဆိုတဲ့ စိတ်ဓါတ်က လူထုကို အထောက်အကူ ပြုရမယ်ဆိုတဲ့ ဓလေ့စရိုက်မျိုး ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒီအတွက်လဲ အချိန်ယူရမယ်။ ကောင်းမွန်တဲ့ သင်တန်းပေးမှု၊ ကောင်းမွန်တဲ့ အယ်ဒီတာတွေ၊ ခေါင်းဆောင်ကောင်းတွေက၊ မျိုးဆက်သစ်တွေကြားမှာ ဒီလို Professional Journalism ထွန်းကားလာအောင် ပျိုးထောင်ပေးရပါလိမ့်မယ်။ ကျမအဖို့ကတော့ Journalism ထက် ကောင်းမွန်မြင့်မြတ်တဲ့ အလုပ်အကိုင်ဆိုတာ မရှိနိုင်ပါဘူး။ Journalism ဟာ ဒီမိုကရေစီစနစ်မှာ လူထုအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် အချက်အလက်မှန်တွေကို ပေးရတဲ့ လုပ်ငန်းပါ။
ဦးကျော်ဇံသာ ။ ။ ဒေါ်ခင်စိုးဝင်း ခင်များ … မြန်မာနိုင်ငံမှာကော အခု မီဒီယာတွေဟာ ရွေးကောက်ပွဲ ကျင်းပလာမယ့် အချိန်မျိုးမှာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို အမှန်အတိုင်း ပြောနိုင်တဲ့ အခြေအနေ ရှိပါလား။
ဒေါ်ခင်စိုးဝင်း ။ ။ အခုတော့ အမှန်အတိုင်း ပြောနိုင်တဲ့ အခြေအနေ အထိုက်အလျောက် ရှိတယ်လို့ ပြောနိုင်ပါတယ်။ အခုလက်ရှိမှာတော့ ရွေးကောက်ပွဲကာလ နီးကပ်လာတာနဲ့အမျှ မီဒီယာစောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့တွေလည်း အတော်လေး ရှိပါတယ်။ သူတို့အနေနဲ့ သတင်းပေးပို့တဲ့၊ သတင်းရယူတဲ့ အချက်အလက်တွေက မှန်ကန်မျှတရဲ့လား။ ပြည်သူလူထုဆီကို အကျိုးရှိရှိ ရောက်ရဲ့လားဆိုတာတွေကို အကဲခတ်လေ့လာနေတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျမအမြင် ပြောရရင်တော့ လောလောဆယ်မှာတော့ ရွေးကောက်ပွဲမှာ သတင်းယူမယ့် သတင်းထောက်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေကို သွားပြီးတော့ ကိုယ်တိုင်လျှောက်လွှာတင်ရပါလိမ့်မယ်။ အဲဒီတော့ အဲဒီ လျှောက်လွှာကိုယ်တိုင် သွားတင်ရမယ့် သက်ဆိုင်ရာနယ်မြေဆိုတော့ မြန်မာပြည်အနံှအပြား၊ တနံတလျားမှာရှိတဲ့ မဲရုံပေါင်းများစွာ၊ မဲဆန္ဒနယ်မြေပေါင်းများစွာကို သွားပြီးတော့ အတွင်းကျကျ၊ လက်လှမ်းမီဖို့ဆိုတာလဲ သိပ်မလွယ်ဘူး။ ကိုယ်တိုင်လျှောက်လွှာတင်ဖို့ဆိုတာလဲ တော်တော်လေး ခက်ခဲနေပါတယ်။ ကျမတို့ နိုင်ငံခြား သတင်းထောက်များအသင်းအနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းဖို့ လုပ်နေတဲ့ကာလ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မီဒီယာတွေရဲ့ Political Bias နိုင်ငံရေးအားဖြင့် ဘက်လိုက်မှု။ တကယ့် နိုင်ငံတကာ စံအရပြောရင်တော့ မီဒီယာတွေက အမှန်ကိုပြောမယ်၊ ဘက်မလိုက်ဘဲနဲ့ဆိုတော့ အမှန်ကို ဆုံးဖြတ်ဖို့ဆိုတာ လူထုရဲ့ တာဝန်ဆိုပြီး ပြောကြပါတယ်။ ဆိုတော့ အခု မြန်မာနိုင်ငံရဲ့ မီဒီယာတွေရဲ့ ရပ်တည်ချက်ကို ဘယ်လို တွေ့ရပါလဲ။ နိုင်ငံရေးဘက်လိုက်မှု - Political Bias သိပ်များကြလား။ မှန်မှန်ကန်ကန် အချက်အလက်ကိုပဲ အဓိကထားပြီး တင်ပြကြတယ်လို့ ယူဆနိုင်လား။
ဒေါ်ခင်စိုးဝင်း ။ ။ အခုကတော့ နိုင်ငံပိုင် ရုပ်မြင်သံကြားတို့၊ နိုင်ငံပိုင် သတင်းစာတွေကတော့ လက်ရှိ အာဏာရပါတီကို ပိုပြီးတော့စောင်းပေးတဲ့သဘော ရှိပါတယ်။ ဒါကတော့ သိသိသာသာကြီး မြင်နေရတာပေါ့။ ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေကလဲ များသောအားဖြင့်ကတော့ အတိုက်အခံဘက်ကို နည်းနည်းလေး ယိမ်းနေကြတာများတာပေါ့။ ဒါပေမဲ့ တတ်နိုင်သလောက် ကြိုးစားပြီးတော့ မျှတအောင်ဆိုပြီးတော့ အားလုံးက လုပ်နေကြပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု Popular support လို့ ခေါ်ရမယ့် အခြေအနေမှာကြတော့ ဘယ်နေရာမှာ ကြည့်လိုက်ကြည့်လိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အားပေးနေတဲ့ ပရိသတ်က ပိုပြီးတော့ အဆမတန် များနေတာကို တွေ့ရတယ်။ အဲဒီအခါကြတော့ Bias ဖြစ်တယ်၊ ဘက်လိုက်တယ်လို့ ပြောရအောင်ကလဲ တကယ့်အရှိကိုအရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း သတင်းထောက်တွေက သတင်းပို့ရတဲ့အခါကြတော့ ဘာပဲပြောပြော တဘက်အတိုက်အခံဘက်ကို စောင်းပေးနေတယ်လို့ တချို့သုံးသပ်ကြတာတွေလည်း ရှိပါတယ်။ အဲဒီတော့ တချိန်တည်းမှာပဲ ပြည်ခိုင်ဖြိုး အာဏာရပါတီနဲ့ တခြားတိုင်းရင်းသားပါတီတွေရဲ့ လှုပ်ရှားမှုကို ကြည့်တဲ့အခါမှာ ကြိုးကြားကြိုးကြားပဲ တွေ့နေရတဲ့အခါကြတော့ သတင်းပေးပို့တဲ့နေရာမှာ အားနည်းနေတဲ့သဘော ရှိနေတာပေါ့။