ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာပြည်မှာ ကျောက်စိမ်းလုပ်ငန်းအပေါ် အာဏာရှင် အသိုင်းအဝိုင်း၊ မူးယစ်ရာဇာဟောင်းနဲ့ ခရိုနီ လက်တဆုပ်စာ က ကိုယ်ကျိုးအတွက် ရောင်းစားနေကြတာကို ဟန့်တားထိန်းချုပ်ရေးဟာ အစိုးရသစ်သာမက လွှတ်တော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါ ဝိုင်းဝန်းပြီးစနစ်တကျ သတိထားဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ မြန်မာ့စီးပွားရေးသုံးသပ်သူ ဦးစိန်ဌေးက ဆိုပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတကာ နမူနာကို လက်ရှိ မြန်မာ့အခြေအနေနဲ့ ကိုက်ညီအောင် မလုပ်နိုင်ရင် အခက်ကြုံနိုင်တယ်လို့လဲ ဆိုပါတယ်။ ဦးစိန်ဌေး နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ Global Witness က နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်းထွက်တဲ့ ပမာဏနဲ့ တိုင်းတာမယ်ဆိုရင် (၃၁) ဘီလီယံ အမေရိကန်ဒေါ်လာ ရှိတဲ့ဟာကို လူနည်းစု အရင် အာဏာရှင်ဟောင်းနဲ့ သူ့အသိုင်းအဝိုင်း ခရိုနီ လူနည်းစုက လက်ဝါးကြီးအုပ် ရောင်းစားနေတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါဟာ လူတိုင်း မျက်ပြူးဆန်ပြ ဖြစ်ကြတဲ့ကိစ္စ။ အခွန်ငွေသာမက ဒီဟာကို ရောင်းရတဲ့ ပိုက်ဆံတွေကအစ ပြည်သူ့ဘဏ္ဍာ မဖြစ်သင့်ဘူးလို့ ပြောကြပါတယ်။ ကျောက်စိမ်းတင်မကဘူး၊ သဘာဝဓါတ်ငွေ့နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်ကို အချက်အလက်ပိုင်း နည်းနည်းပြောပြပါ။ သယံဇာတတွေ ထုတ်ယူနေတာ ပမာဏအားဖြင့် ဘယ်လောက်လောက်ရှိတယ်လို့ ဆရာ အကြမ်းမျဉ်း လေ့လာတွေ့ရှိရပါလဲ။
ဦးစိန်ဌေး ။ ။ အခု Global Witness က သုတေသနပြုပြီး ထုတ်တဲ့ဟာတွေက (၂) နှစ်စာ ကျောက်စိမ်းတခုပါ။ ၂၀၁၃-၂၀၁၄ ပေါ့။ (၂) နှစ်စာပေါ်ကိုပဲ တိတိကျကျပြောရင် ဦးသန်းရွှေအပါအဝင်၊ သူတို့ မိသားစုတွေပိုင်တဲ့ ကုမ္ပဏီနဲ့ ကြည့်လိုက်ရင် (၂) နှစ်မှာ ဒေါ်လာသန်းပေါင်း (၄၄၂) သန်းခွဲကျော် ရောင်းရတယ်လို့ ပြောပါတယ်။ နောက်တခုကတော့ စီးပွားရေးဦးပိုင်လီမိတက်ကတော့ သန်း (၃၀၀) လောက်။ အေရှားဝေါလ် (Asia World) ခရိုနီကုမ္ပဏီတွေကတော့ ဒေါ်လာသန်း (၃၇၇) ကျော်။ နောက်တခါ မူးယစ်ဆေးဝါးလုပ်တဲ့ Wei Hsueh-kang တို့လို၊ နောက် တိုင်းရင်းသား ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ ပအို့ဝ် လို့အဖွဲ့တွေက (၂၀၆) သန်းကျော် - ဒါက ဘာလဲဆိုရင် (၂) နှစ်စာပဲ ရှိသေးတယ်။ ဒီလောက် ပမာဏဟာ သူတို့ ခိုင်မာတဲ့ အထောက်အထားအရ ပြောတာပေါ့။ ဒါက ကျောက်စိမ်းတခုပါ။ ပြီးတော့ ကျောက်စိမ်းတခုတင်မကဘူး၊ ကျောက်မျက်တွေ - မိုးကုတ်ဘက်ကထွက်တာ ရှိတယ်။ မိုင်းရှုးဘက်ကထွက်တာ ရှိတယ်။ ဒီလို ကျောက်မျက်ရတနာတွေ ရှိပါတယ်။ ဒါတွေက ၁၉၈၈ နောက်ပိုင်း တိုင်းပြည်ကို စီးပွားရေး တံခါးဖွင့်မယ်ဆိုပြီးမှ ဈေးကွက်စီးပွားရေးစနစ် ပြောတာပေါ့။ အဲဒီ စနစ်အရ ပုဂ္ဂလိက ပေးတဲ့အခါမှာ အမည်ခံ ကုမ္ပဏီတွေ ဖွဲ့ကြတာပေါ့။ ဖွဲ့ကြပြီးမှ ဒီ ကုမ္ပဏီတွေနဲ့ အကျိုးတူဆိုပြီးတော့၊ ရှယ်ယာလုပ်တာရှိတယ်။ တချို့ကလဲ ရောင်းစားတာပေါ့။ ဒီလိုနဲ့ လုပ်ခဲ့တာတွေက နှစ်ပေါင်းများစွာကြာခဲ့တော့ ဒါကတော့ ပမာဏအားဖြင့် ပြောမယ်ဆိုရင်တော့ အများကြီး ပြောဖို့တော်တော်ခက်ပါတယ်။ နောက်တခုက Gas လည်း ဒီသဘောပဲ။ Gas ကိုတော့ ပုဂ္ဂလိက မပေးဘူး။ နိုင်ငံပိုင်ကော်ပိုရေးရှင်းက ကိုင်ပြီးတော့မှ တောင်ပိုင်း တနင်္သာရီကနေ ၂၀၀၁ ကနေ ထုတ်ရောင်းတာ။ ပွင့်လင်းမြင်သာမှု မရှိ၊ ပြည်သူကို ချမပြဘဲနဲ့ ဘယ်ပုံစံနဲ့ ဘယ်အချိုးအစားနဲ့ ယူတယ်ဆိုတာတော့ ကျနော်တို့ အသေးစိတ် မသိဘူး။ သို့သော် ရောင်းရငွေနဲ့ အပြည်ပြည်ဆိုင်ရာမှာ ဖြစ်နေတဲ့၊ ပေါ်ပေါက်လာတဲ့ ဂဏန်းတွေအရ ကြည့်ရင် ၂၀၀၁ ကစပြီး ထိုင်းကိုရောင်းတာ ရောင်းရငွေ စုစုပေါင်း Gross (၁) ဘီလီယံဝန်းကျင် ရှိတယ်။ အဲဒီက တက်လာတာက ၂၀၀၃-၀၄ လောက်ဆိုရင် (၂-၃) ဘီလီယံ နဲ့ နောက်ဆို (၄) ဘီလီယံလောက် ရှိလာတယ်။ ဒေါ်လာသန်းပေါင်း (၄) ထောင်လောက်ပေါ့။ ဒါကြောင့်လဲ သူတို့ ဘာလုပ်နိုင်လဲဆိုရင် တဖက်ကလဲ နေပြည်တော်ကြီးကို အဲဒီ ပိုက်ဆံနဲ့ ဆောက်တာလို့ ပြောလို့ရသလို။ တချို့ကြားရတဲ့ သတင်းတွေအရတော့ ခရိုနီကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်တွေပေး၊ နေပြည်တော်ကိုဆောက်။ ဆောက်ပြီးမှ အခွင့်အရေး ပြန်ပေးတယ်။ ကျောက်စိမ်း၊ ကျောက်မျက်လိုပေးတာ ရှိတယ်။ သစ်တောတွေပေးတာ ရှိတယ်။ ရွှေတောတွေပေးတာ ရှိတယ်။ ဒါမျိုးနဲ့ လုပ်တာဆိုတော့ တိတိကျကျပြောဖို့တော့ ခက်တယ်။ အပြည်ပြည်ဆိုင်ရာက အခုလို ထွက်ပေါ်လာတဲ့ ကိန်းဂဏန်း အချက်အလက်ကို ကြည့်မယ်ဆိုရင်တော့ နှစ်စဉ်နှစ်စဉ်က ဘီလီယံချီပြီးတော့ ရှိတယ်ဆိုတာတော့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာက ဒီလို နိုင်ငံခြားကုမ္ပဏီတွေကို သယံဇာတကို ဒီအတိုင်း အစိမ်းအတိုင်း ရောင်းလိုက်တာလား။ ပြည်တွင်းမှာ လာထုတ်တယ်ဆိုရင် ကုမ္ပဏီတွေဆီက ငွေကြေးအပြင်၊ မြန်မာနိုင်ငံသားတွေ၊ မြန်မာလူမျိုးတွေ၊ ကျွမ်းကျင်မှုအတတ်ပညာ၊ မြန်မာတွေကိုရော အသုံးပြုပြီးထုတ်လားဆိုတဲ့ အချက်ကို သိချင်ပါတယ်။ သူတို့ကရော အတတ်ပညာပိုင်း ကျွမ်းကျင်မှု ဘယ်လောက်ရရှိလဲ။ နောက်တခုက CSR လို့ ခေါ်တဲ့ corporate social responsibility ကို သူတို့ စဉ်းစားရဲ့လား။ အခုဆိုကြပါစို့ ကျောက်စိမ်းကိစ္စမှာဆိုရင် မြေစာပုံပြိုလို့ လူတွေ အများအပြား သေရတယ်။ မကြာခဏ ဒါတွေ ဖြစ်နေတယ်။ ဆိုတော့ ဒီဟာကို ရောင်းစားတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အတွက် တာဝန်ကြီးကြီး ယူခဲ့တဲ့လူတွေ။ တိုင်းပြည်ကို ချစ်လှပါတယ်ဆိုတဲ့ လူတွေ။ ဒါတွေကို မစဉ်းစားဘဲနဲ့ ပိုက်ဆံရရင်ပြီးရောဆိုပြီး မျက်ကွယ်ပြုပြီးတော့ မင်းတို့ ထုတ်ကြ၊ သေချင်ရင် သေပါစေ။ ဒီကဟာတွေ ဘာမှ မကြည့်နဲ့ဆိုတဲ့သဘော ပေးထားခဲ့လေသလား။ ဆရာ့အမြင် သိချင်ပါတယ်။
ဦးစိန်ဌေး ။ ။ မပြေးသော်လဲ ကန်ရာရှိ။ ဆရာ အခုနမေးတဲ့ မေးခွန်းထဲမှာ အဖြေအကုန်ပါနေပါပြီ။ ကျနော် ပြောချင်တာ လုံးဝဥဿုံ ဖြစ်တဲ့အခြေအနေပေါ် မူတည်သုံးသပ်ကြည့်မလား။ အဲဒါ ရာနှုန်းပြည့် မှန်နေပါတယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိအောင်လုပ်မယ်ဆိုပြီး အကြီးအကျယ်ပြောတဲ့ ပေါ်လစီကြီးပေါ့။ ဒီပေါ်လစီအောက်မှာ ကိုယ်ကျိုးစီးပွားကို ရှာချင်တဲ့ဆန္ဒ၊ အရပ်သားစကား ပြောရင်တော့ လောဘဇောတိုက်တဲ့ဟာက ဘာဖြစ်လာလဲဆိုတော့ ကုမ္ပဏီတွေ ဖွဲ့မယ်။ စစ်တပ်ကြီးအတွက်ဆိုပြီး ဦးပိုင်လီမိတက် ဖွဲ့တယ်။ စီးပွားရေးကော်ပိုရေးရှင်းဆိုပြီး ဘဏ်တွေထပ်ထုတ်တယ်။ ပြီးတော့မှ သူကနေ လုပ်ပိုင်ခွင့်တွေ ရလာတဲ့အခါ အခုန ပြောတဲ့ ခရိုနီတွေ။ သူတို့နဲ့ အဆင်ပြေတဲ့ ပုဂ္ဂိုလ်များ၊ သားသမီးမြေးမြစ်ကအစ ဘိန်းရာဇာတွေအဆုံး ဒီလူတွေနဲ့ပေါင်းပြီး လုပ်တဲ့အခါကြတော့၊ အခုန ဆရာမေးတဲ့ မေးခွန်းနဲ့ ပြောရရင်တော့ ပြည်သူလူထုအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု လုံးဝမရှိဘူး။ လေလွင့်မှုတွေ များတယ့်အပြင် ဆရာ အခုနပြောသွားသလို ဖားကန်မှာ လူ (၁၀၀) ကျော် သေရပြီ။ မိုးကုတ်၊ မိုင်းရှုးတို့ကို ကျနော်ကိုယ်တိုင် ရောက်ဖူးပါတယ်။ အဲဒီမှာ ကုမ္ပဏီတွေက မျက်နှာလွှဲခဲပစ် လူတွေသေကြတာကို ဘာမှ တာဝန်ခံမှု တာဝန်ယူမှု မရှိဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ စနစ်ကျတဲ့ ထုတ်ယူမှုတွေ မရှိဘူး။ ရဖို့တခုပဲ ကြည့်တယ်။ လူတွေကလည်း ဆင်းရဲတဲ့အခါကြတော့ ဖြစ်သလိုပေါ့။ ဥပမာ တစ်ခုပေးမယ်။ ဒီမှာဆိုရင် Construction လုပ်တယ်ဆိုရင် လက်နက်ကိရိယာ အစုံအလင်နဲ့။ ဟိုမှာ ဘာမှမရှိဘူး။ လက်နဲ့လုပ်ရတယ်။ ခေါင်းမှာ ဘာမှ အကာအကွယ် မရှိဘူး။ ဒီလိုဖြစ်တဲ့အခါကြတော့ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာ လုံးဝမရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒီကိစ္စကို ဘယ်လို ဟန့်တားနိုင်မလဲဆိုတာ မမေးခင်မှာ အရေးကြီးတဲ့ ကိစ္စတခုက အခု NLD ရွေးကောက်ပွဲ နိုင်ပြီးတော့ အစိုးရသစ် ဖွဲ့လိုက်ပြီ ဆိုပါတော့။ ဒီ အစိုးရအနေနဲ့ ဒီ စီးပွားရေး အကျိုးအမြတ်ရနေတဲ့ လူတွေနဲ့ မကင်းရာမကင်းကြောင်း။ သူတို့တွေနဲ့ အာဏာလွှဲပြောင်းရေးကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကို ထောက်ပြလိုက်ရင် ဒီလူတွေက ငါတို့ အာဏာတင်မကဘူး၊ ချမ်းသာကြွယ်ဝမှုပါ လွှဲပေးရမယ့်သဘော ဖြစ်နေပါလားဆိုပြီးတော့ သူတို့ အာဏာလွှဲပြောင်းပေးရေး အတွက်များ အခက်အခဲ ရှိလာလေမလားဆိုတာလဲ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဘယ်လို သဘောရပါလဲ။
ဦးစိန်ဌေး ။ ။ ဟုတ်ပါတယ်။ ဒါကတော့ အမှန်အကန်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူ့သဘာဝအရ ကြည့်လို့ရှိရင် အာဏာလည်း စွန့်လိုက်ရပြီ၊ ဒါတွေလည်း စွန့်ရမယ်ဆိုရင်တော့ ဒါတွေဟာ အဟန့်အတားဖြစ်ဖို့အတွက် စိတ်ကူးကောင်း စိတ်ကူးလာပါလိမ့်မယ်။ ဒါက တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဆိုတော့ ဒါကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ဆိုလို့ရှိရင် တက်လာတဲ့ အစိုးရသည် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရပါလိမ့်မယ်။ တော်တော်လည်း သိမ်မွေ့တဲ့ အနေအထားဖြစ်သလို စီးပွားရေးရှုထောင့်တခုတည်း ကြည့်လို့မရဘူး။ နိုင်ငံရေးနဲ့ ဆက်စပ်လာတဲ့ Political Issue က Major Issue ပါ။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ နိုင်ငံရေးအရ အကဲဆတ်တယ်။ ဒီကိစ္စကို အင်မတန်သိမ်မွေ့တယ်လို့ ဆရာပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျနော် စဉ်းစားမိတာက ဒီလောက်များပြားတဲ့ ပိုက်ဆံဟာ ကျနော်တို့တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တယ် မဟုတ်ဘူးလား။ ဒီလုပ်ငန်းတွေကို အဓိက အခြေခံထားပြီး၊ ဒီလုပ်ငန်းတွေက ရရှိလာတဲ့ ငွေကြေးကို အရင်းမတည်ပြီးတော့ တိုင်းပြည်ကို ပြန်လည်ထူထောင်ကြရမယ် မဟုတ်ဘူးလား။ အဲဒါကြောင့် သူတို့ နိုင်ငံရေးအရ လက်သင့်ခံလာအောင်၊ ခေါင်းညိမ့်လာအောင် ဆိုပြီးတော့ ခင်များ ဆက်ပြီးတော့ ကြိုက်သလိုလုပ်ကြဆိုတော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးက ဘယ်က ရမလဲ။ အဲဒါကြောင့် ကျနော် မေးတာပါ။
ဦးစိန်ဌေး ။ ။ ဒီမိုကရေစီနိုင်ငံ သွားတဲ့အခါမှာ အစိုးရတရပ်တင် မဟုတ်ဘူး၊ ဥပဒေပြုတဲ့ လွှတ်တော်ကြီးက ပါရတော့မယ်။ လွှတ်တော်သည် ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုထားတော့၊ လွှတ်တော်ကြီးက ထုတ်ပြောမှ ဒီကိစ္စကို ပါဝင်ဆောင်ရွက်ပေးဖို့လိုတယ်။ သူက ဥပဒေတွေ ထုတ်ပေးပြီးတဲ့အခါမှာ ဒါကို အစိုးရနဲ့ အပြန်အလှန်ညှိရမယ်။ အစိုးရမူဝါဒနဲ့ အကောင်အထည်ဖော်ရမှာ။ ဒီလိုပဲ ကျနော်တို့ ဒီမိုကရေစီနိုင်ငံတွေမှာ Civil Society ရဲ့ သဘောထားဆိုတော့ အကြမ်းမျဉ်း ပြောမယ်ဆိုရင်တော့ (၃) ဘက်ပေါ့။ အစိုးရ - လွှတ်တော် နဲ့ Civil Society. ဥပမာ မြစ်ဆုံ စီမံကိန်း။ မြစ်ဆုံဆည် ပြဿနာ တက်လာတဲ့အခါမှာ Civil Society ပါလာပြီ။ ဒီလိုပဲ သိမ်မွေ့တယ်ဆိုတာ လက်ပံတောင်းတောင်ကိစ္စမှာ ဖြစ်ခဲ့ပြီးပြီ။ ဒါကြောင့် သိပ်သိမ်မွေ့တယ်။ ထောင့်ပေါင်းစုံကနေ တိုင်းပြည်အကြပ်အတည်းကို ဒီလိုလုပ်မှသာ ပြေလည်မယ်။
ဦးကျော်ဇံသာ ။ ။ တခု မေးချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခရိုနီတချို့ကလည်း အားပေးကြတယ်။ ဘာကြောင့် ပေးသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် နိုင်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာမယ်။ အဲဒီအခါ ကျုပ်တို့ ခရိုနီတွေပဲ အဲဒါတွေနဲ့ ပူးပေါင်းလုပ်ကိုင်တတ်တာဆိုတော့ ကျနော်တို့အတွက် အကျိုးပိုရှိတာပေါ့ ဆိုပြီးတော့ အဲဒီလို ပွင့်ပွင့်လင်းလင်း ပြောတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘောထားကလည်း ခရိုနီတွေဆီမှာ ရောက်ရှိနေတဲ့ ပိုက်ဆံတွေဟာ လက်နက်တို့၊ ဘိန်းတို့ နဲ့ အကြမ်းဖက်ကိစ္စတွေမှာ မသုံးဘဲနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးအတွက်သုံးရင် ကောင်းတာပေါ့လို့ ပြောထားတယ်။ ဆရာ ဒီမှတ်ချက် ဟိုဘက်ဒီဘက် မှတ်ချက်ကို ဘယ်လို သဘောရလဲ။
ဦးစိန်ဌေး ။ ။ ကျနော့်အမြင် နှစ်ချက် ရှိပါတယ်။ တချက်က ဆရာမေးတဲ့ မေးခွန်းမှာ ကျနော်ဖြေဖို့ ကျန်ပါတယ်။ ဒီလောက်များတဲ့ ငွေတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည်သုံးစွဲဖို့ မလိုအပ်ဘူးလား။ ကျနော် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဘယ်ပုံ ဘယ်နည်းဆိုတာ နိုင်ငံရေးအရ ဆုံးဖြတ်ရမယ်။ ဥပဒေတွေ ရှိရမယ်။ ဥပဒေတွေ ပြဌာန်းရမယ်။ ဥပဒေတွေကို အကောင်အထည်ဖော်တဲ့အခါမှာ စီးပွားရေး ရှုထောင့်ကနေ သွားရမှာ။ အဲဒီအခါမှာ ပွင့်လင်းမြင်သာစွာ ပြည်သူတွေကို ချပြရမယ်။ ပွင့်လင်းမြင်သာစွာ ကျလာတဲ့အခါမှာ “ကောင်းပြီ .. ခင်များတို့ ဘယ်လောက် ပိုင်ဆိုင်လဲ။ ပိုင်ဆိုင်မှုထဲက သင့်တော်တဲ့ ဥပဒေအရ အခွန်ကောက်ယူရမှာပေါ့။” ဒါက နိုင်ငံတိုင်းမှာ ကျင့်သုံးတာပဲ။ အခွန်ကောက်စနစ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ပြီး အသုံးချရမယ်။ နောက်တခုက ဗမာပြည်မှာ ၁၉၈၈ ပြီးနောက် ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အမည်ခံပါ။ ကျနော်တို့ စင်္ကာပူစကားနဲ့ ပြောမယ်ဆိုရင်တော့ “Open the door, close the gate” တံခါးပေါက်လေးတော့ ဖွင့်ထားပေမယ့် ဂိတ်ကြီးပိတ်ပြီး၊ ဒီဂိတ်ကြီးထဲမှာ ပိုင်ရာဆိုင်ရာတွေနဲ့ လုပ်ထားတော့ ပြည်သူလူထုက ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ နှစ်အချက် သူ့မှာ အတွေ့အကြုံ မရှိဘူး။ ပြောမယ်ဆိုရင် Level playing field မရှိဘူး။ ဈေးကွက်မှာ မပြိုင်နိုင်တဲ့အခါကြတော့ ပြိုင်နိုင်တဲ့ လူတွေက အခွင့်အရေး ရထားတဲ့လူတွေက ငွေရှိတယ်။ အတိုင်းအတာလေးတခုနဲ့ Resource တွေ ရှိတယ်။ ဒါပေမဲ့ တချက်ရှိတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နံှမှုသွားတဲ့အခါ ဗမာနိုင်ငံလို နိုင်ငံမျိုးမှာသွားရင် အကြမ်းမျဉ်း condition တခု ချထားတယ်။ တစ်အချက်က investor လုပ်မယ့်လူများဟာ criminals တွေ။ ရာဇဝတ်မှု ကျူးလွန်သူတွေ။ မြေသိမ်းယာသိမ်းတာကို criminal လို့ သတ်မှတ်တယ်။ ဒါမျိုးတွေနဲ့ လုပ်မယ်ဆိုရင် အမေရိကန် ဥပဒေနဲ့ ငြိစွန်းနေပြီ။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ စီးပွားရေးဦးပိုင်လီမိတက်လို့ ခေါ်တဲ့ စစ်တပ်ပိုင်တဲ့ ကုမ္ပဏီကြီးက လက်ဝါးကြီး အုပ်ထားတဲ့အခါ သူနဲ့ အလွမ်းသင့်တဲ့လူများဟာ ခရိုနီ ရှိသလို၊ စစ်တပ်ရဲ့ ဦးပိုင်လီမိတက်ရဲ့ သြဇာအာဏာနဲ့ လုပ်တဲ့ ကုမ္ပဏီတွေဟာ နိုင်ငံတကာ၊ အထူးသဖြင့် အမေရိကန် investor တွေနဲ့ dealing လုပ်ဖို့က အတော်ခက်တယ်။ ဒီနှစ်ခုက ဘာလဲဆိုတော့ သူတို့က ဥပဒေ ပြဌာန်းထားတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်ဆိုတာ စီးပွားရေးမလုပ်ဘူး။ မလုပ်တဲ့အခါကြတော့ စစ်တပ်က စီးပွားရေးလုပ်တဲ့ ကုမ္ပဏီနဲ့ ဒီဘက်က investor တွေက သွားပြီး ရင်းနှီးမြှုပ်နံှလုပ်ခွင့် မပေးထားဘူး။ တစ်ခုတော့ ရှိတယ် … အမေရိကန်နိုင်ငံက Exemption ပေးပြီးတော့ ဒါကလဲ သမ္မတ ကျေနပ်တာ ရချင်မှရမှာ။ လွှတ်တော်ကြီးက ဥပဒေ ပြဌာန်းပြီးမှ Lift လုပ်တယ်ဆိုရင်တော့ ဖြစ်ချင်ဖြစ်မယ်။ ဒါကတော့ အိပ်မက်မယ် ဖြစ်ဖို့များတယ်။ လောလောဆယ် ဒီပုံစံသွားဖို့ တော်တော်ခက်ပါတယ်။