ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူဟာ သမ္မတရာထူး အထက်ကနေမယ်လို့ ပြောကြားလိုက်တာဟာ မြန်မာနိုင်ငံ လက်ရှိ ဖွဲ့စည်းပုံအခြခံဥပဒေရဲ့ အားနည်းညံ့ဖျင်းမှု ကို ဖော်ပြလိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု Carnegie Institute က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru (ဗီကရမ်း နေရူး) က ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲလွန် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေအကြောင်း Mr Nehru နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပါပြီ။ ကျန် ပဋိပက္ခလွန် နိုင်ငံတော်တော်များများလည်း အများကြီး ချောချောမောမော ပြီးဆုံးသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေက စိတ်သက်သာမှု မရသေးပါဘူး။ သက်ပြင်းမချနိုင်ကြသေးပါဘူး။ အာဏာလွှဲဖို့အတွက် ဘယ်လို အခက်အခဲတွေ ကြုံရအုံးမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့ စောင့်စားနေရချိန် ဖြစ်ပါတယ်။ ဒီရေတိုမှာ တွေ့လာရမယ့် စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ ထင်ပါတယ်။ မစ္စတာနေရူး ဒီကိစ္စကို ဘယ်လို သဘောရပါလဲ။
Mr. Nehru ။ ။ ပထမဆုံး သိထားရမှာကတော့ အသွင်ကူးပြောင်းရေးဟာ (၃) လ ကနေ (၄) လ ကြာမြင့်မယ်ဆိုတာပါ။ လွှတ်တော်သစ် ခေါ်ရမယ်။ လွှတ်တော်ဟောင်းကို ဖျက်သိမ်းရပါမယ်။ ဒါက ဇန်နဝါရီမှ ဖြစ်မှာပါ။ သမ္မတ ရွေးချယ်ခွင့် လုပ်ရမယ်။ နောက်ဆုံး မတ်လနှောင်း ဧပြီအစောပိုင်းလောက်ကျမှ အစိုးရသစ်တရပ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဆိုတော့ အချိန်က အကြာကြီးပါ။ ဒီကြားထဲမှာ ဖြစ်လာနိုင်တာတွေ အများကြီးပါ။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုတာ၊ ဒေါ်အောင်ဆန်းစုကြည် က ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းတာတွေက သိပ်အားတတ်စရာ ကောင်းပါတယ်။ စုပေါင်းဆုံးဖြတ်ကြရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတဲ့အတွက် တစ်ခါမက ပုံမှန်တွေ့ကြဖို့ လိုမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည်မှာ ဘာဖြစ်လို့ ဒီလောက်ကြသလဲ။ အာဏာလွှဲပြောင်းပေးရေး။ တခြား ပဋိပက္ခလွန် နိုင်ငံတွေမှာကော ဒီလိုပဲ ကြာမြင့်ခဲ့ပါလား။
Mr. Nehru ။ ။ ဒါကတော့ မြန်မာနိုင်ငံမှာပဲ ထူးထူးခြားခြား ဖြစ်နေတာပါ။ တခြားနိုင်ငံတွေမှာတော့ ကွဲပြားတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ပါ။ ဒါပေမဲ့ အခုအချိန်အထိ ချောချောမွေ့မွေ့ ရှိနေတယ်ဆိုတာကို ကျနော် သဘောတူပါတယ်။ ၁၉၉၀ တုန်းက ဖြစ်သွားသလို မဖြစ်ဖို့။ နှစ်ဘက်စလုံးက စိတ်ကောင်းစေတနာနဲ့ လုပ်ဆောင်ဖို့တော့ ကျနော်တို့ စောင့်စားကြရမှာပါ။ အထင်ကရ ပါတီကြီးရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း မိန့်ခွန်းတွေ ပြောဆိုတဲ့အခါ၊ မီဒီယာတွေကို ပြောတဲ့အခါ အသုံးအနှုန်းတွေကို ဆင်ဆင်ခြင်ခြင် သုံးဖို့လည်း သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြည်သူတရပ်လုံး၊ လူနည်းစုတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ စစ်တပ်ကလူတွေ အားလုံးအကြုံဝင်မယ့် အစိုးရဖြစ်မယ်ဆိုတာ ပြသဖို့ လိုပါလိမ့်မယ်။ အဓိက ပြဿနာတွေကို ယုံကြည်မှုရှိရှိ၊ အရည်အချင်း ပြည့်ပြည့်ဝဝနဲ့ ဖြေရှင်းသွားနိုင်မယ်လို့လဲ လူတွေ ယုံကြည်စိတ်ချဖို့ အရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအသုံးအနှုန်းကိစ္စကို မပြောခင်၊ ကျနော် တစ်ခု မေးချင်တာက အခုလို အာဏာလွှဲပြောင်းရေး ကြန့်ကြာအောင် လုပ်ထားတာဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတယ်လို့များ မထင်နိုင်ဘူးလား။ တချို့က အဲဒီလို စဉ်းစားနေကြတယ်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိ၊ နှေးနှေးကွေးကွေး လုပ်ထားတယ်ဆိုပြီးတော့။
Mr. Nehru ။ ။ ဒါဟာ ဖွဲ့စည်းပုံမှာတင် ပါရှိနေတာပါ။ ဆိုတော့ တနည်းအားဖြင့် တမင်လုပ်ထားတာပါ။ အမေရိကန်ပြည်ထောင်စုမှာလည်း ကြာပါတယ်။ နိုဝင်ဘာမှာ သမ္မတ ရွေးကောက်ပွဲလုပ်တယ်။ သမ္မတသစ် ရယူဖို့အထိ အဆင့်ဆင့်လုပ်တာ၊ ဇန်နဝါရီအထိ ကြာမြင့်ပါတယ်။ မြန်မာပြည်မှာတော့ ဒီထက်နည်းနည်း ပိုကြာပါတယ်။ တဖက်ကကြည့်ရင်လဲ ဒီလိုကြာတာ ကောင်းပါတယ်။ သိတဲ့အတိုင်းပဲ မြန်မာပြည်မှာ အတိုက်ခံဆိုတာ နိုင်ငံရေး Serbia အပို့ခံထားခဲ့ရတာ ဆယ်စုနှစ် (၆) ခု ရှိခဲ့ပါပြီ။ ဆိုတော့ အုပ်ချုပ်ရေးကို လွှဲပြောင်းမရယူခင်၊ လေ့လာချိန်၊ ပြင်ဆင်ချိန် ပိုရတယ်လို့ ယူဆနိုင်ပါတယ်။ NLD ဘက်ကလည်း ဒီ (၃) လကို အကျိုးရှိရှိ အသုံးချပြီး အာဏာလွှဲပြောင်းယူတဲ့အခါ မှန်မှန်ကန်ကန် ဆုံးဖြတ်လာနိုင်မှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုန ခင်များပြောသွားတာကို ပြန်ကောက်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအသုံးအနှုန်း ဆင်ခြင်သင့်တယ်ဆိုတဲ့ကိစ္စ။ ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်က Above the President သူဟာ သမ္မတအထက်ကနေမယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ မပြောသင့်တဲ့စကားလုံး မစ္စတာနေရူး ထင်သလား။ အချိန်စောနေတယ်လို့ ထင်သလား။ သို့တည်မဟုတ် ဒီလိုပြောလိုက်လို့ ဘယ်လို ထိခိုက်နိုင်မယ်လို့ ပြောပါအုံး။
Mr. Nehru ။ ။ သူ ဒါကို ပြောလိုက်တာ လုံးဝဥဿုံ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို ပြသလိုက်တယ်သဘောကို တွေ့ရပါတယ်။ သူဟာ (၈၀) ရာခိုင်နှုန်းလောက် အနိုင်ရတဲ့ ပါတီဥက္ကဋ္ဌ ဖြစ်ပေမယ့် သမ္မတ မဖြစ်နိုင်အောင် ဖွဲ့စည်းပုံက ပိတ်ပင်ထားပါတယ်။ ဆိုတော့ သူ ဒီလို ပြောလိုက်တာဟာ လက်ရှိ ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လောက် အဓိပ္ပါယ်မရှိဘူးဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ခေါင်းဆောင်ဖြစ်တယ်။ ခေါင်းဆောင်အဖြစ် ဆက်နေသွားမယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ပြောပြီးတဲ့နောက် ရှေ့ကိုဆက်ပြီး အလေးအနက် ပြောသင့်တာက သူဟာ လူ့အဖွဲ့အစည်းရဲ့ အလွှာတိုင်းကို ကိုယ်စားပြုမယ်ဆိုတာ။ အရည်အချင်းရှိသူတွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ်ဆိုတာတွေ ပြောသင့်ပါတယ်။ သူတယောက်တည်းလုပ်လို့ မရနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက် ရေတိုစိန်ခေါ်မှု တစ်ရပ်ကတော့ စစ်တပ်က အခုလောလောဆယ်မှာကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်တွေ ဆင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့် လုပ်နေတာလဲ။ ဖွဲ့စည်းပုံကလည်း တိုင်းပြည်အခြေအနေ မတည်ငြိမ်ဘူးလို့ စစ်တပ်က ယူဆခဲ့ရင်၊ ကာချုပ်က ထိန်းသိမ်းထားနိုင်တယ်လို့ ပြဌာန်းပေးထားပါတယ်။ ကိုးကန့်မှာ ဒီနမူနာမျိုး သူတို့ လုပ်ပြခဲ့ပါပြီ။ အခုလောလောဆယ် ထိုးစစ်ဆင်နေတဲ့ကိစ္စတွေက ဒီ စစ်တပ်အနေနဲ့ တစုံတခု ရည်ရွယ်ချက်နဲ့ တမင်တကာ လုပ်နေတာလား။ အကြောင်းပြဖို့၊ ရမယ်ရှာဖို့ လုပ်နေသလားဆိုတာလဲ တချို့က တွေးကြပါတယ်။ မစ္စတာနေရူး ဘယ်လို ဒီကိစ္စကို ထင်ပါလဲ။
Mr. Nehru ။ ။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ သိပ်အရေးကြီးတဲ့ အင်အားတရပ် ဖြစ်ပါတယ်။ လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ယူထားတယ်။ ကာကွယ်ရေး၊ နယ်စပ်ရေးရာ နဲ့ ပြည်ထဲရေးတို့ကို စစ်တပ်က ယူထားပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်ရေးပြဿနာ ရှိလာရင် စစ်တပ်က ထိန်းချုပ်နိုင်တယ်ဆိုပြီး၊ ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။ အခု ရွေးကောက်ပွဲဆိုတာက ဖြစ်စဉ်တရပ်လုံးရဲ့ ပထမအဆင့်ပါ။ ဆက်လုပ်ရမယ့်ဟာတွေ အများကြီး၊ အဝေးကြီး ရှိပါသေးတယ်။ ဒီဖြစ်စဉ်တွေမှာ စစ်တပ်က လွှမ်းမိုးနေမှာပါ။ သူတို့ စိတ်ချလက်ချ မဖြစ်နိုင်ဘူးဆိုရင် အချိန်မရွေး ဝင်ရောက်ထိန်းသိမ်းနိုင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ သဟဇာတဖြစ်အောင် ဆောင်ရွက်ဖို့ သိပ်အရေးကြီးပါတယ်။ စစ်တပ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်လို၊ NLD လိုပဲ ငြိမ်းချမ်းရေး လိုချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကျနော် စောစောက မေးခဲ့တဲ့ မေးခွန်းရဲ့ အဓိက သိချင်တာကတော့ အခုလို လောလောဆယ်မှာ ထိုးစစ်တွေ ဆင်နေတာ ဘာရည်ရွယ်ချက်လဲဆိုတာကို စူးစမ်းချင်တဲ့ သဘောဖြစ်ပါတယ်။
Mr. Nehru ။ ။ ဒီအတွက် အဖြေကို ကျမ တိတိကျကျ ဘာမှမသိပါဘူး။ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်။ တကယ့် အောက်ခြေမှာ ပေါ်ပေါက်လာတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရေးတကြီး သိထားရမယ့် အချက်တချက်က မြန်မာပြည်မှာ ဒေသဆိုင်ရာ တပ်မှူးတိုင်းမှူးတွေက သူတို့သဘောနဲ့ သူတို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ဆောင်ရွက်ကြတာလည်း အများကြီးဆိုတဲ့ အချက်ပါ။ တိုင်းမှူးတွေဟာ သူတို့ ငွေကြေးအင်အားနဲ့ သူတို့ဝင်ငွေ အရင်းအမြစ်နဲ့ပါ။ ဗဟိုနဲ့ အဆက်အသွယ်လည်း သိပ်မလွယ်လှပါဘူး။ ဒီလိုပါပဲ သူတို့သဘောနဲ့ သူတို့ ဆုံးဖြတ်ကြတာတွေ ရှိပါတယ်။ အချိန်ကြာမြင့်လာရင်တော့ ဒါကိုလဲ ပြောင်းလဲရမှာပါ။ တချိန်တည်းမှာပဲ အခုအချိန်ဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အတိမ်အစောင်း မခံနိုင်တဲ့ အချိန်ပါ။ သိပ်အကဲဆတ်တဲ့ အချိန်ပါ။ ဒါကို နှစ်ဘက်စလုံးက နားလည်သဘောပေါက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ရေရှည်စိန်ခေါ်မှုထဲက မေးခွန်းတခုကိုလည်း မေးချင်ပါတယ်။ ရေရှည်မှာ အခုလောလောဆယ် ဖွဲ့စည်းပုံအရ အနိုင်ရတဲ့ အတိုက်အခံပါတီ အာဏာလွှဲပြောင်း ရယူပြီးသည့်တိုင်အောင် စစ်တပ်ဟာ အုပ်ချုပ်ရေးယန္တရားမှာ နေရာတော်တော်များများ ကြီးစိုးထားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အစောက ဆွေးနွေးခဲ့သလို။ ဆိုတော့ စစ်တပ်ဟာ ဒီလိုလွှမ်းမိုးမှုကနေ တဖြည်းဖြည်း နောက်ဆုတ်သွားအောင် ဆောင်ရွက်ဖို့ ကိစ္စ။ NLD အနေနဲ့ အနာဂတ်မှာ လွယ်လင့်တကူ ဆောင်ရွက်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါလား။
Mr. Nehru ။ ။ အချိန်ယူရလိမ့်မယ် ထင်ပါတယ်။ စစ်တပ်အနေနဲ့ စိတ်ချလက်ချဖြစ်ဖို့ လိုအပ်ပါတယ်။ အရပ်သားအစိုးရဟာ သူတို့ စစ်တပ်အကျိုးကို ကာကွယ်လိမ့်မယ်ဆိုတာကို ယုံကြည်သွားဖို့ လိုပါတယ်။ နိုင်ငံတော်ဘတ်ဂျက်မှာ စစ်တပ်အတွက် ခွဲဝေပေးမှုကို အနီးကပ် စောင့်ကြည့်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့နယ်မြေ တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ ကာကွယ်ရေးကို သူတို့ပဲ လုပ်နိုင်တယ်လို့ စစ်တပ်က ခံယူလာတာပါ။ ဆိုတော့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှုတွေ တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်လာနိုင်တာနဲ့အမျှ စစ်တပ်ရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်လို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘယ်တိုင်းရင်းသားအင်အားစုကမှ ခွဲထွက်မယ့်စကားကို မပြောကြပါဘူး။ ပြည်ထောင်စု ပြိုကွဲရေးဆိုတာလဲ စဉ်းစားစရာ မလိုတော့ဘူး။ ဒါကို စိုးရိမ်နေတယ်ဆိုတာလဲ အခြေအမြစ်မရှိတဲ့ စိုးရိမ်မှုပါ။ မြန်မာပြည်သူတွေသာမက သုံးသပ်သူတွေကလည်း ဒီအတိုင်းပဲ ပြောနေကြပါပြီ။ ဒါကိုမှ ပြည်ထောင်စု ပြိုကွဲမှာ စိုးရိမ်လို့ ငါတို့ ဆက်လက်ပြီး ရှိနေမယ်ဆိုတာကတော့ သက်သက်မဲ့ အာဏာယူထားချင်လို့ ရမယ်ရှာတာ၊ အကြောင်းပြတာဆိုပြီး လူတွေက သုံးသပ်ကြပါတယ်။ ဒါကို ဘာပြောချင်ပါလဲ။
Mr. Nehru ။ ။ ကျနော့်သဘော ပြောရရင်တော့ ဒီအချက်မှာ ကောင်းတာတချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စေ့စပ်မှုကို အရှိန်မပြတ် ဆက်လုပ်ဖို့ကိစ္စ။ စစ်မှန်တဲ့ သဘောတူညီချက်။ ပြည်လုံးကျွတ် အကြုံဝင်တဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်ဖြစ်အောင် ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာကို ထိပ်တန်းဦးစားပေးပြီး လုပ်ဆောင်ရတော့မယ်ဆိုတဲ့ အချက်ပါ။ အဲဒီကတဆင့် ရေရှည်တည်တန့် ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဗဟိုအစိုးရနဲ့ တိုင်းရင်းသားတွေကြား ရရှိအောင် အစောတလင်း ဆက်လက်လုပ်ဆောင်ရပါလိမ့်မယ်။ ဒါကို လုပ်ဆောင်ရာမှာ စစ်တပ်ကိုလည်း ပါဝင်စေဖို့ လိုအပ်ပါတယ်။ စစ်တပ်ဟာ ဒီကိစ္စမှာ သိပ်အရေးကြီးပါတယ်။ အစိုးရသစ်အတွက် ဒီကိစ္စဟာ အရေးအကြီးဆုံးပါ။ ဒါကို မလုပ်ဆောင်နိုင်ရင် တိုးတက်ဖွံ့ဖြိုးမှု သိပ်ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေ ပြေလည်မှ ပြည်သူလူထုဘဝ အခက်အခဲတွေ ပြေလျော့ပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။