သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ မိုးများရေကြီးနိုင်တဲ့ အန္တရာယ် မိုးလေဝသဌာန သတိပေး


ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ခတ္ထိယရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ Myanmar Fire Services Department - ဇူလိုင် ၂၈၊ ၂၀၂၀)
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ခတ္ထိယရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ Myanmar Fire Services Department - ဇူလိုင် ၂၈၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ မိုးများရေကြီးနိုင်တဲ့ အန္တရာယ် မိုးလေဝသဌာန သတိပေး

{{Zawgyi/Unicode}}
ဇူလိုင်လထဲမှာ မြို့အသီးသီးရဲ့ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နိုင်ပြီး မိုးလယ်ကာလ မုတ်သုံလေအားကောင်းတာရဲ့ နောက်ဆက်တွဲ မိုးကြီးလေပြင်းတိုက်နိုင်တဲ့ အခြေအနေတွေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်း ကိုရဲမွန် ပြောပြမှာပါ။

မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်လထဲမှာ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူနဲ့ ပခုက္ကူ အပါအဝင် ညောင်ဦး၊ ဆိပ်သာနဲ့ ဟင်္သာတ၊ ဇလွန် အဲဒီမြို့တွေမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်း၊ ကနီ၊ မုံရွာမြို့မှာလည်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်တယ်လို့ သတိပေးထားပါတယ်။ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်လာနိုင်လို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားကြဖို့ကို မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"မိုးလယ်ကာလကတော့ ၂ လရှိတာပေါ့။ ဇူလိုင်ရယ်၊ ဩဂုတ်ရယ်ပေါ့နော်။ အဲဒီတော့ မိုးလယ်ကာလ တခုလုံးအတွက်ကော၊ ဇူလိုင်လသီးသန့် တလတည်းအတွက်ကော လပတ်ခန့်မှန်းချက်တွေကို ထုတ်ပြန်ပေးထားတဲ့အထဲမှာ စိုးရိမ်ရေမှတ်ကိုရောက်နိုင်တဲ့ အခြေအနေတွေ ထည့်သွင်းထုတ်ပြန်ပေးထားပါတယ်။"

မြစ်ငယ်၊ မဒေါက်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ ငါးသိုင်းချောင်းနဲ့ သာပေါင်း၊ မအူပင် အပါအဝင် ကျောက်တော်နဲ့ မြောက်ဦး အဲဒီမြို့တွေရဲ့ မြစ်ရေအသီးသီးလည်း ဇူလိုင်လထဲမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နိုင်တယ်လို့ ပြောပါတယ်။ မုတ်သုံလေအားကောင်းလာနိုင်တဲ့ အခြေအနေကြောင့်လည်း မိုးကြီးလေပြင်းတိုက်တာနဲ့အတူ ရေကြီးတာနဲ့ မြေပြိုမယ့် သဘာဝဘေးအန္တရာယ် သတိရှိကြဖို့ ဦးလှထွန်းက ပြောပါတယ်။

"အခုလောလောဆယ်ကလည်း မုတ်သုံအားကောင်းရမယ့် အခြေအနေတွေ ရှိလာတာပေါ့လေ။ ဟောင်ကောင်ကျွန်းရဲ့ အရှေ့တောင်ဘက်လောက် ကျမှာပေါ့၊ အဲဒီမှာ မုန်တိုင်းတလုံးဖြစ်နေတာ ရှိတယ်။ အဲတော့ သူ့ရဲ့အရှိန်ကြောင့် ဒီဘက်က မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ပြင်တို့၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့ဘက်မှာ မုတ်သုံလေအားကောင်းလာတာရှိတယ်။ မုတ်သုံလေအားကောင်းရင်တော့ ထုံးစံအတိုင်း ကမ်းရိုးတန်းဒေသတွေကတော့ မိုးများတတ်တာပေါ့နော်။"

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီအပါအဝင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ ရက်အတွင်း မိုးပိုလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အခုလ ဇူလိုင် ပထမ ၁၀ ရက်အတွင်း မြန်မာတပြည်လုံးအတိုင်းအတာ မိုးလေဝသအခြေအနေကို ဦးလှထွန်းက အခုလိုခန့်မှန်းထားပါတယ်။

"ဇူလိုင်လ ပထမပတ်မှာတော့ တနိုင်ငံလုံးခြုံလိုက်ရင် မိုးကတော့ အသင့်အတင့်ကနေ မိုးကောင်းမယ့်အနေအထားရှိတယ်။ မိုးအသင့်အတင့်ကတော့ အလယ်ပိုင်းဒေသတွေပေါ့နော်။ မိုးကောင်းမှာကတော့ ကမ်းရိုးတန်းဒေသတွေပေါ့နော်။ ပြီးတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဘက်လည်း ဒီလိုကာလတွေမှာ မိုးကောင်းလေ့ရှိတာပေါ့နော်။ အဲတော့ တနိုင်ငံလုံးခြုံပြီး ပြောရရင်တော့ ဇူလိုင်လ ပထမ ၁၀ ရက်ပတ်မှာတော့ မိုးအသင့်အတင့်ကနေ ကောင်းနိုင်တယ်ပေါ့လေ။ ရွာသွန်းမြဲမိုးရေချိန်နဲ့ ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမယ့်အနေအထားကတော့ ရှိတာပေါ့နော်။"

မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်လအစပိုင်းထဲ မိုးများလေကြီးတာနဲ့ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နိုင်တဲ့ အခြေအနေတွေကြောင့် ကုန်းမြင့်နဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေအပြင် လေကြောင်း၊ ရေကြောင်းခရီးထွက်မယ့်သူတွေလည်း သတိထားဖို့ကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

...............................................................


{{Zawgyi/Unicode}}








XS
SM
MD
LG