(Zawgyi / Unicode)
ယူကရိန်းနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံလာသူ ၂ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားတို့ ကျူးကျော်ဝင်ရောက်နေတဲ့အတွက် ထွက်ပြေးလာသူ ဆက်တိုက်တိုးလာနေပြီး ဒီကနေ့နှောင်းပိုင်းမှာ စာရင်းအသစ် ထုတ်ပြန်မယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံး UNHCR က တွစ်တာစာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးထားပါတယ်။
မနေ့ စနေနေ့ကတော့ ပိုလန်၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားနိုင်ငံထဲ ထွက်ပြေးလာသူ ၁ သိန်းခွဲထက်မနည်း ရှိတယ်လို့လည်း ခန့်မှန်းထားတာပါ။ ပိုလန်အစိုးရကလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သူ့နိုင်ငံထဲရောက်လာသူ ၁ သိန်းကျော်ရှိတယ်လို့ စနေနေ့က ပြောပါတယ်။
ယူကရိန်းသမ္မတကလည်း ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်ဆိုပေမယ့် ကျူးကျော်နေတဲ့ ရုရှားတပ်တွေ အခြေစိုက်ခွင့်ပေးထားတဲ့ ဘယ်လာရုစ်နိုင်ငံမှာတော့ မလုပ်နိုင်ဘူးလို့ ပြောထားတာပါ။
ဝါဆော၊ Bratislava၊ အစ္စတန်ဘူလ်၊ ဘူဒါပက်စ် ဒါမှမဟုတ် Baku မြို့တွေမှာတော့ ဆွေးနွေးနိုင်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဗွီဒီယိုဖိုင်နဲ့ ပြောထားပါတယ်။
ဒါပေမယ့်လည်း ရုရှားကတော့ တွေ့ဆုံဆွေးနွေးမယ့် သူ့ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ Homel မြို့ကို ရောက်နေပြီလို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ကိုယ်စားလှယ်အဖွဲ့မှာ သံတမန်တွေပါဝင်ပြီး ယူကရိန်းကိုယ်စားလှယ်တွေကို စောင့်နေတယ်လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ပြောပါတယ်။
ဒီလို ကျူးကျော်မှုကြောင့် ထွက်ပြေးလာသူထဲမှာ ယူကရိန်းနိုင်ငံသူ Nataliya Ableyeva ကတော့ သူ့အိမ်နီးချင်းက အပ်လိုက်တဲ့ ကလေးတွေရဲ့လက်ကိုဆွဲပြီး ဟန်ဂေရီနိုင်ငံထဲ ဝင်လာပါတယ်။ အသက် ၁၈ နှစ်နဲ့ ၆၀ ကြား အမျိုးသားတွေ တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်ပထွက်ခွါခွင့် မရတဲ့အတွက် အီတလီနိုင်ငံကနေ လာခေါ်မယ့် သူ့အမေလက်ထဲ ကလေးတွေကို အပ်ပေးဖို့ ခုလိုခေါ်လာပေးတာပါ။ Ableyeva ကိုယ်တိုင်လည်း ရဲဝန်ထမ်းနဲ့ သူနာပြုလုပ်နေတဲ့ သားသမီး ၂ ယောက်ကို ယူကရိန်းနိုင်ငံထဲ ချန်ခဲ့ရပါတယ်။
---------------------
(Unicode)