သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဗြိတိန်နဲ့ ဩစတြေးလျ တောင်းဆို


စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာစရာ အခြေအနေတွေ ယိုယွင်းလာနေတာ၊ မြန်မာပြည်သူတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ခံစားနေရတဲ့အပေါ် အင်မတန် စိုးရိမ်စရာဖြစ်တယ်လို့ ဗြိတိန်နဲ့ ဩစတြေးလျ ၂ နိုင်ငံက ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်မှုအားလုံးကို ရပ်ဖို့၊ မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ဘေးအန္တရာယ်ကင်းကင်း ပေးနိုင်မယ့် လမ်းကြောင်းတွေ ဖွင့်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ တိုက်တွန်းတယ်လို့ ဗြိတိန်-ဩစတြေးလျ ၂ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံသဘောတူညီမှုကို အကောင်အထည်ဖော်ဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron ၊ ကာကွယ်ရေးဝန်ကြီး Grant Shapps ၊ ဩစတြေးလျ ဒုဝန်ကြီးချုပ် Richard Marles နဲ့ နိုင်ငံခြားရေးဝန်ကြီး Penny Wong တို့ဟာ ဩစတြေးလျနိုင်ငံ Adelaide မြို့မှာ ၂ နိုင်ငံ နှစ်ပတ်လည် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြပြီး ဒီနေ့ သောကြာနေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေ ကြိုးပမ်းနေမှုအပေါ် ထောက်ခံတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာအရေးနဲ့ပတ်သက်လို့လည်း ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ အမြန်ဆုံး ပြန်လွှတ်ပေးရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုထားကြပါတယ်။ ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖိနှိပ်နေတဲ့ ကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ရုရှားအပေါ်ထောက်ခံနေမှုအပေါ်လည်း ဗြိတိန်နဲ့ ဩစတြေးလျ ၂ နိုင်ငံက ဝေဖန်ပြစ်တင်ပါတယ်။

ဟောင်ကောင်မှာ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေသစ်၊ ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ပိုပြီးယိုယွင်းလာနေတဲ့ အခြေအနေနဲ့ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စိုးရိမ်စရာဖြစ်တယ်လို့ ဝန်ကြီးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟောင်ကောင်ကို ဗြိတိန်အုပ်ချုပ်မှုကနေ တရုတ်ပြည်မကြီးလက် ပြန်အပ်ခဲ့ပြီးချိန်ထဲက ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးအောင် စနစ်တကျ လုပ်နေတဲ့အပေါ် အင်မတန် စိုးရိမ်တယ်လို့ ပြောထားပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်တိုက်ခိုက်နေတဲ့အပေါ်လဲ ၂ နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒီစစ်ပွဲအဆုံးသတ်အောင် တရုတ်နိုင်ငံက ကြိုးစားသင့်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ တရုတ်အနေနဲ့ ရုရှားကို အကူအညီတွေ မပေးသင့်သလို၊ တရားမဝင် စစ်တိုက်နေတာရပ်အောင် နားချစွဲဆောင်သင့်တယ်လို့ ဗြိတိန်နဲ့ ဩစတြေးလျ တို့က တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG