သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွေထိုင်းနဲ့ ပရာယွတ်ရဲ့မိတ်ဖက်ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့မည် 


Bhumjaithai Party ခေါင်းဆောင် Anutin Charnvirakul (ဝဲ) နဲ့ Pheu Thai Party ခေါင်းဆောင် Chonlanan Srikaew တို့ မဟာမိတ်ဖွဲ့ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (သြဂုတ်လ ၇၊ ၂၀၂၃)
Bhumjaithai Party ခေါင်းဆောင် Anutin Charnvirakul (ဝဲ) နဲ့ Pheu Thai Party ခေါင်းဆောင် Chonlanan Srikaew တို့ မဟာမိတ်ဖွဲ့ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (သြဂုတ်လ ၇၊ ၂၀၂၃)

ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်နဲ့လက်တွဲခဲ့တဲ့ပါတီနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့မယ်လို့ ဖွေထိုင်းပါတီက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ဘွမ်ဂျာထိုင်းပါတီ (Bhumjaithai Party) ဟာ နောက်ဆုံး ရွေးကောက်ပွဲအရ၊ အမတ်နေရာ ၇၁ နေရာရရှိထားပြီး ဖွေထိုင်းပါတီ က ၁၄၁ နေရာရရှိထားတာမို့ စုစုပေါင်း ၂၁၂ နေရာ ရှိနေပြီ ဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်အောင် အခြားပါတီတွေကိုပါဝင်ဖို့ ကမ်းလှမ်းသွားမယ်လို့ ဖွေထိုင်းပါတီက ကြေညာချက် ထုတ်ပြန်ပါတယ်။

တော်ဝင် အသရေဖျက်မှုဥပဒေကို မပြင်ဆင်တဲ့အပြင် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးရခဲ့တဲ့ ရှေ့သို့ချီ အဓိပ္ပါယ်ရ Move Forward Party ညွန့်ပေါင်းအစိုးရမှာမပါဝင်ဖို့ သတ်မှတ်ချက် ၂ ချက်နဲ့ ဘွမ်ဂျာထိုင်းပါတီ Bhumjaithai Party က ဖွေထိုင်းပါတီနဲ့ လက်တွဲလိုက်တာဖြစ်တယ်လို့ တနင်္လာနေ့မှာလုပ်ခဲ့တဲ့ ၂ ပါတီ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘွမ်ဂျာထိုင်းပါတီ ခေါင်းဆောင် အနုတင် ချန်ဝီလာကူး (Anutin Charnvirakul) က ပြောပါတယ်။ သူဟာ ပရာယွတ်အစိုးရအဖွဲ့မှာ ဒုဝန်ကြီးချုပ်တာဝန်အပြင် ကျန်းမာရေးဝန်ကြီး အဖြစ်ပါ ဆောင်ရွက်ခဲ့သူပါ။

ဖွေထိုင်းပါတီက ဦးဆောင်မယ့်အစိုးရအဖွဲ့ဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ် မူကြမ်းကိုအဆိုပြုမယ်လို့ ဖွေထိုင်းပါတီရဲ့ခေါင်းဆောင် ချိုလာနန်း ဆရီကော (Chonlanan Srikaew) က ပြောပါတယ်။ လက်ရှိဖွဲ့စည်းပုံဟာ နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တာကြောင့် အဆိုပြုတာဖြစ်ကြောင်း ချိုလာနန်း က ပြောကြားပါတယ်။

ရွေးကောက်ပွဲမှာ အမတ်ဦးရေအများဆုံးရခဲ့တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ဖိတ လင်မ်ဂျာလောင်လတ်ဟာ အောက်လွှတ်တော်မှာ အမတ်ဦးရေ ၃၁၂ ယောက်နဲ့ အများစု မဟာမိတ်အဖွဲ့ကို ဖွဲ့နိုင်ခဲ့ပေမဲ့ ဖွဲ့စည်းပုံအရ စစ်တပ်ခန့် အထက်လွှတ်တော်ကြောင့် အစိုးရမဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG