မေလ ၁၄ ရက်နေ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ပြင်ဆင်နေပြီး ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အခြေခိုင်လာအောင် ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းတခု ဖြစ်မယ်လို့ ထိုင်းနိုင်ငံရေးလှုပ်ရှားသူတွေနဲ့ သုံးသပ်သူတွေက မျှော်လင့်နေကြပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံမှာလို စစ်တပ်က နောက်ထပ် အာဏာသိမ်းမှု ထပ်ဖြစ်လာနိုင်ခြေ အပေါ်မှာတော့ စိုးရိမ်စရာမရှိဘူးလို့ လျှော့ပေါ့တွက်ဆထားကြပါတယ်။ ထိုင်းရွေးကောက်ပွဲနဲ့ နိုင်ငံရေးအခြေအနေ Reuters သတင်းကို အခြေခံပြီး ကိုသိန်းထိုက်ဦးပြောပြပါလိမ့်မယ်။
မေလ၁၄ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်ဒုတိယအကြိမ်ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ကထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကိုပဲ ရွေးကောက်ပွဲမှာ အနိုင်ရစေဖို့ ရည်ရွယ်တဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မှာပထမတကြိမ် ကျင်းပခဲ့တာပါ။
အဲဒီကတည်းကပဲအာဏာသိမ်းခဲ့တဲ့ စစ်တပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ ထိုင်း မဲဆန္ဒရှင် အများစုဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေကို ထောက်ခံကြတော့မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေ ခန့်မှန်းနေကြပါတယ်။
တချိန်တည်းမှာမြန်မာနိုင်ငံလို စစ်တပ်က အာဏာသိမ်းမှုတွေ ထပ်ဖြစ်လာမလားဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပြီး အလားတူ ဖြစ်နိုင်ခြေကိုတော့ ထိုင်း နိုင်ငံရေး လေ့လာသူတွေ လျှော့ပေါ့ တွက်ဆထားပါတယ်။
"ဒေသတွင်းမှာ ထိုင်းဟာနောက်ထပ်မြန်မာနိုင်ငံတော့ဖြစ်လာနိုင်ဖို့အခြေအနေမရှိပါဘူး၊တကမ္ဘာလုံးကလည်းဒီရွေးကောက်ပွဲကိုစောင့်ကြည့်နေပါတယ်၊လက်ရှိအခြေအနေမှာထိုင်းစစ်တပ်ကလည်းဒီလောက်ဩဇာလွှမ်းမိုးမှုမရှိပါဘူး။"
-- Thammasat University ရဲ့ ပါမောက္ခ Prajak Kongkirati ကပြောသွားတာပါ။
ပြီးခဲ့တဲ့ လေးနှစ်အတွင်းထိုင်းစစ်တပ်ရဲ့လဘ်စားမှု၊အာဏာအလွဲသုံးစားမှုနဲ့ အရှုတ်အထွေးတွေအပေါ် လူထုကြားမှာဝေဖန်မှုတွေအများအပြားရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးတဲ့ စနစ်လည်း ပြောင်းလဲသွားပြီး အတိုက်အခံ ဖူးယာ့ထိုင်း ပါတီအနေနဲ့ လွှတ်တော်အမတ်နေရာ အများအပြား ရမယ်လို့ ပါမောက္ခ Prajak Kongkirati မျှော်လင့်ထားပါတယ်။
"ထိုင်းနိုင်ငံဟာဒေသတွင်းမှာ စစ်တပ်က အာဏာသိမ်းမှု အများဆုံး ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ သမိုင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ အနည်းဆုံး ၁၃ ကြိမ် ရှိတယ်လို့သမိုင်းမှတ်တမ်းတွေမှာဖေါ်ပြပါတယ်။ ဒါကြောင့်လည်း နောက်တကြိမ် အာဏာသိမ်းမှာ မဟုတ်ပါဘူးဆိုတဲ့ ခန့်မှန်းချက်က စိတ်ကူးယာဉ် အိမ်မက် သက်သက် မဖြစ်ဘူးလို့ တော့ အတတ်မပြောနိုင်သေးပါဘူး။ "
ဘာပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲဟာ ထိုင်းပြည်သူတွေ လိုလားတဲ့ အပြောင်းအလဲတွေကို မြင်ခွင့်ရမယ့် ရွေးကောက်ပွဲလို မျှော်လင့်နေကြပါတယ်။
"ကျမကတော့ ပြည်သူတွေရဲ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေကိုပေးတဲ့ အစိုးရမျိုးကိုပဲလိုချင်ပါတယ်။ပြီးခဲ့တဲ့၈နှစ်ကြုံခဲ့ရတဲ့စံသတ်မှတ်ချက်တွေလို ပြည်သူတွေရဲ့အခွင့်အရေးကိုကန့်သတ်တဲ့အစိုးရမျိုးမဖြစ်ဖို့လိုပါတယ်။ထိုင်းလူ့အဖွဲ့အစည်းအတွင်းမှာမတူညီမှုတွေ၊ကွဲပြားမှုတွေကိုလက်ခံတဲ့ အစိုးရမျိုးကိုလိုချင်တာပါ။" -- အသက် ၆၈ နှစ်အရွယ် အမျိုးသမီးကြီး Prapimpun Sudchukiat က ထိုင်းဘာသာနဲ့ပြောသွားတာပါ။
ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ Siripan Nogsuan Sawasdee ကတော့ -- "၂၀၁၉ ရွေးကောက်ပွဲတုန်းကတော့ လူတွေ ဘယ်လိုပဲမဲပေးပေး ဗိုလ်ချုပ်ကြီး ပရာရွတ်ပဲ ဝန်ကြီးချုပ် ဖြစ်မယ်ဆိုတာ သေချာပါတယ်။တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ ဒီတချိန်မှာတော့သေချာပေါက်လို့ပြောလို့မရတဲ့ အနေအထားတွေအများကြီးရှိသွားပါပြီ၊ ဗိုလ်ချုပ်ကြီး Prayut ဘေးရောက်သွားဖို့ ဖြစ်နိုင်ခြေများပါတယ်။"
အသက်၆၉ နှစ်ရှိပြီဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဟာ ညီညွတ်သောထိုင်းနိုင်ငံဆိုတဲ့ပါတီသစ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်သာလုပ်ဆောင်ခွင့်ရှိလို့၊ ရွေးကောက်ပွဲ နိုင်ရင်တောင် ဗိုလ်ချုပ်ကြီး ပရာရွတ် အနေနဲ့နောက်ထပ် ၂ နှစ်ပဲဝန်ကြီးချုပ် ဆက်လုပ်ပိုင်ခွင့်ရှိပါတယ်။
အခုတကြိမ်သူ အဓိက ယှဉ်ပြိုင်ရမယ့် အတိုက်အခံက ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ဘီလျံနာ သူဌေးကြီး Thaksin Shinawatra ရဲ့ သမီး ဖူးယာ့ထိုင်း ပါတီ ခေါင်းဆောင် Paetongtarn Shinawatra (ပေထုံထန် ရှင်နာဝပ်) ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၇၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။စုစုပေါင်းလွှတ်တော်နေရာ ၅၀၀ အတွက် ကိုယ်စားလှယ်လောင်း ၆,၆၇၉ ဦးစာရင်းပေးထားပါတယ်။
ဝန်ကြီးချုပ် ပရာရွတ် ရဲ့ ပါတီက ဘုရင်စနစ်နဲ့ စစ်တပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ပါတီဖြစ်ပြီး သက်ဆင် ရဲ့ သမီး ဦးဆောင်တဲ့ ဖူးယာ့ထိုင်း ပါတီ ကတော့ ပဒေသရာဇ် အသိုင်းအဝိုင်း၊ စစ်တပ်အသိုင်းအဝိုင်းရဲ့ ဆန့်ကျင်မှုကို ခံခဲ့ရပေမဲ့ ပြည်သူအများအပြား ထောက်ခံမှုရထားတဲ့ လူထုထောက်ခံမှုအားကောင်းတဲ့ပါတီဖြစ်ပါတယ်။
ရွေးကောက်ပွဲကာလအတွင်းမှာပဲထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရမယ်ဆိုပြီးတောင်းဆိုနေကြတဲ့ တက်ကြွလှုပ်ရှားသူ တချို့က ဒီ ထိုင်းပြည်သူတွေအနေနဲ့ မဲပေးတဲ့အခါမှာ ဒီအကြောင်းအရာ ကိုပါ ထည့်စဉ်းစားဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
ဒါကြောင့်လည်းထိုင်းနိုင်ငံ ရွေးကောက်ပွဲဟာ ကွန်ဆာဗေးတစ်အတွေးအခေါ်၊ ဘုရင်စနစ်နဲ့ စစ်တပ်ကို ကြားကန်ထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့လူထုအခွင့်အရေးနဲ့ ဆန္ဒအခြေခံ ပြုပြင်ပြောင်းလဲလိုသူတွေအကြားအားပြိုင်ကြတဲ့ ရွေးကောက်ပွဲလဲ ဖြစ်နေကြောင်းပါခင်ဗျာ။