ထိုင်းနိုင်ငံ၊ မဲဆိုင်မြို့နယ်၊ ကျောက်လှိုင်ဂူအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြတဲ့ နိုင်ငံမဲ့ တောဝက် ဘောလုံးအသင်းဝင်တွေကို နိုင်ငံသားအဖြစ်ပေးခဲ့ပြီးတဲ့နောက်၊ ယခု ထိုင်း- မြန်မာနယ်စပ် မဲဆောက်အခြေစိုက်(SAW) ကလေးနဲ့အမျိုးသမီးကူညီစောင့်ရှောက်ရေး အဖွဲ့ စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ မိဘမဲ့ကလေးတွေကို ရက်ပေါင်း ၉၀အတွင်း နိုင်ငံသားပေးဖို့ ထိုင်းအာဏာပိုင်တွေ စီစဉ်ဆောင်ရွက်နေကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်အခြေစိုက်ပြီး ၁၈ နှစ်ကြာ မိဘမဲ့ကလေးတွေကို စောင့်ရှောက်မူ ပေးခဲ့တဲ့ (SAW) အဖွဲ့အစည်းဟာ အခုအခါ ထိုင်းနိုင်ငံတွင်း တရားဝင် ဖောင်ဒေးရှင်း တခုဖြစ်လာပါပြီ။
ထိုင်းလူမူကယ်ဆယ်ရေး ဝန်ကြီးဌာန ထောက်ခံချက်တွေနဲ့ ထိုင်းဥပဒေကြောင်းအရရော၊ ဒီကလေးတွေဟာ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ မိဘမဲ့ ကလေးတွေ ဖြစ်တာကြောင့်ပါ သူတို့ကို ထိုင်းနိုင်ငံသားပေးဖို့ လူအခွင့်အရေး ရှေ့နေကြီး မစ္စတာ ဆူလဖုန်ကောင်းကျန်ထွတ် က ထိုင်းအစိုးရ ကို တင်ပြခဲ့တာပါ။
SAW အဖွဲ့စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ မိဘမဲ့ ကလေးတွေထဲက ၁၁နှစ် ကနေ အသက် ၁၈ နှစ်ပြည့်သူ ကလေးငယ် ၅၅ ဦးကို ပထမဦးဆုံး အသုတ် အနေနဲ့ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး အတွက် မဲဆောက်မြို့ပိုင်ရုံး က သူတို့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စက်တင်ဘာလ ၁၈ ရက်နေ့က စတင်လက်ခံပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံသားပေးဖို့ ဆုံးဖြတ်ချက် ချပေးတော့မှာ ဖြစ်ပါတယ်။
SAW အဖွဲ့ ဥက္ကဌ လည်းဖြစ်၊ ထိုင်းရှေ့နေများကောင်စီ ကလေးသူငယ်နဲ့ နိုင်ငံမဲ့များ အရေး ရွှေ့ပြောင်းအလုပ်သမားအရေး ဆပ်ကော်မတီ ဥက္ကဌ လူအခွင့်အရေး ရှေ့နေကြီး ဆူလဖုန်ကောင်းကျန်ထွတ် ကတော့ ကလေးအားလုံးဟာ ထိုင်းနိုင်ငံအတွင်းမွေးခဲ့တဲ့ သက်သေ အထောက်အထားတွေ ဆေးရုံမှတ်တမ်းတွေ တာဝန်ခံတဲ့သူတွေ ရှိတာကြောင့် ဥပဒေကြောင်းအရ နိုင်ငံသားပေးဖို့ အစိုးရ တာဝန်ရှိသူတွေ လုပ်ဆောင်ပေးရတော့မှာ ဖြစ်တယ်လို့ဆိုပါတယ်။
"လိုအပ်တဲ့သက်သေ အထောက်အထား စာရွတ်စာတမ်း ပြည့်စုံနေတာမို့ ပြဿနာမရှိပါဘူး၊ ခုလိုပဲ နိုင်ငံမဲ့ ကလေးတွေ နယ်စပ်တလေ ျှာက် အများကြီး ရှိနေပါတယ်၊ သူတို့လေးတွေ အနာဂတ်မှာ နိုင်ငံမဲ့ ဘဝနဲ့ ဖြစ်မနေဖို့ ကျွန်တော်တို့ ဝိုင်း ကြိုးစားပေးရမယ်" လို ့ပြောဆိုသွားတာပါ။
SAW အဖွဲ့က ထိန်းသိမ်းစောင့်ရှောက် ပေးထားတဲ့ ကလေးတဦးကတော့ သူမအနေနဲ့ ထိုင်းမှာမွေးပြီး SAW အဖွဲ့မှာကြီးပြင်းလာခဲ့တယ် ၊ထိုင်းကျောင်းတွေမှာ ပညာသင်နေပါတယ် ၊ ပညာရေးမှာ ရော အလုပ်အကိုင်လုပ်တဲ့အခါမှာရော နိုင်ငံသား မဟုတ်တဲ့သူတွေ အတွက် နိုင်ငံသားတွေသားတွေနဲ့ယှဉ်ရင် မျက်နှာငယ်ရပါတယ်၊ သူမအနေနဲ့ ခုလို ထိုင်းအစိုးရကနိုင်ငံသားအဖြစ် ပေးတော့မှာကြောင့် ထိုင်းနိုင်ငံသားတွေနည်းတူ အခွင့်အလမ်းတွေ ရတော့မှာဖြစ်တာကြောင့် ဝမ်းသာမိပါတယ်လို့ ပြောသွားပါတယ်။
ထိုင်းနိုင်ငံထဲမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးပေါင်း ၉သောင်းကျော်ရှိနေပြီး၊ အဲဒီကလေးတွေ အတွက် နိုင်ငံသား အခွင့်ရေးရအောင်လည်း ဆက်ပြီး အဆင့်လိုက် ကြိုးစားဆောင်ရွက်နေတဲ့ အကြောင်းရှေ့နေကြီးက ေ့ပြာဆိုသွားပါတယ်။ ပြီးခဲတဲ့ လပိုင်းကပဲ မဲဆိုင်လှိုင်ဂူအတွင်းမှာ ပိတ်မိနေတဲ့ နိုင်ငံမဲ့ကလေးတွေထဲက ၄ဦး ထိုင်းနိုင်ငံသား ရရှိခဲ့သလို၊ စက္ကူစွန်လေးလုပ်ပြီး ဂျပန်နိုင်ငံအထိ သွားရောက် ပြိုင်ပွဲဝင်ခဲ့သူ မြန်မာနိုင်ငံသားလေး မောင်ထောင်းဒီလည်း နိုင်ငံသားရရှိခဲ့ပါတယ်။