သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက် ရွှေ့ပြောင်းမြန်မာ ဆယ်တန်းကျောင်း အောင်ချက် တိုးမြင့်လာ


ကရင်ပြည်နယ်စာစစ်ဌာနမှာ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ရွှေ့ပြောင်း ကျောင်းသားကျောင်းသူများ
ကရင်ပြည်နယ်စာစစ်ဌာနမှာ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ရွှေ့ပြောင်း ကျောင်းသားကျောင်းသူများ

ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်းလုပ်သားမိသားစုဝင် ကလေးတွေကို မြန်မာအတန်းပညာသင်ကြားပေးတဲ့ ကျောင်းတွေမှာ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပေမယ့်မြန်မာနိုင်ငံက တက္ကလိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့ အရည်အတွက်တော့ ပိုများလာတယ်လို့ မဲဆောက်မြို့မှာ ဖွင့်ထားတဲ့ မြန်မာကျောင်းက တာဝန်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ခြမ်းမှာ အလုပ်သွားလုပ်နေကြတဲ့ မိသားစုဝင်တွေအတွက်ဖွင့်ထားတဲ့ ရွှေ့ပြောင်းအထက်တန်းကျောင်း ၃ ကျောင်း ကနေ မြန်မာအစိုးရစစ် ၁၀ တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့တာမှာ ၂၀ % ကျော် စာမေးပွဲ အောင်မြင်တာပါ။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းအထက်တန်းကျောင်းတွေက ကျောင်းသားကျောင်းသူတွေဟာ မြန်မာအစိုးရစစ်ရဲ့စာမေးပွဲတွေဖြစ်တဲ့ ၄ တန်း ၈ တန်းနဲ့ ၁၀ တန်းစာမေးပွဲတွေကို ကရင်ပြည်နယ်စာစစ်ဌာနတွေက ဝင်ရောက်ဖြေဆိုခဲ့ကြတာပါ။ ၂၀၁၇ ၊၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုခဲ့ရာမှာတော့ ပြီးခဲ့တဲ့နှစ်ကထက် အောင်မြင်မူ % အနည်းငယ်ပိုလာတယ် ဆိုပြီး ရွှေ့ပြောင်း ကျောင်းအုပ်ဖြစ်တဲ့ ဦးကျော်သူက ပြောပါတယ်။

“ကျောင်းသုံးကျောင်းပေါင်း ၁၂၁ ယောက်ဖြေတယ်။ အောင်တာက ၂၅ ယောက်။ ရာခိုင်နှုန်းအနေနဲ့ကတော့ ၂၀.၆၆ % ပေါ့။ ပြီးခဲ့တဲ့နှစ်ကထက် ရာခိုင်နှုန်း များလာတယ်။ ကရင်ပြည်နယ်အနေနဲ့ကတော့နည်းသွားတာပေါ့။ ကျနော်တို့ရွှေ့ပြောင်းကျောင်းတွေကတော့ နည်းနည်းအောင်မြင်မှု ရရှိလာတယ်ပေါ့။ ကျနော်တို့မှာက မလုံလောက်မှု အခက်အခဲတွေကတော့ ဆရာမလုံလောက်မူနဲ့ ကျနော်တို့ရဲ့နေရေးထိုင်ရေး၊ စာသင်မူ တခြားအခက်အခဲတွေတော့ အများကြီးရှိတာပေါ့။”

ဇွန်လ ၂ ရက်နေ့ကထွက်တဲ့ အောင်စာရင်းမှာ သိပ္ပံဘာသာတွဲနဲ့ အောင်မြင်ခဲ့တဲ့ ရွှေ့ပြောင်းကျောင်းသား မောင်ရဲဇော်ဇော်ကတော့ အဝေးသင်တက္ကသိုလ် ဆက်တက်ဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။

“ကျောင်းသွားတက်ဖို့အတွက် ပိုက်ဆံဆုမယ်။ ကျနော်က အဝေးသင်ပဲတက်ဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ရဲ့ စီးပွားရေးကလည်းရှိတယ်။ ကျနော် စီးပွားရှာရင်းနဲ့ ကျနော်ပညာရေးအတွက်လည်း ဘွဲ လေးတခုရဖို့ အဝေးသင်ပဲတက်တော့မယ်။ ကျနော်က ထိုင်းကိုဂောက်တာ ၁၀ နှစ်လောက်ရှိပြီခင်ဗျ။ ကျနော် SAW ကျောင်းမှာပဲ စာသင်ပြီး ကြီးလာတယ်။ တက္ကသိုလ်ဝင်ခွင့်ဖြေရမယ်ဆိုတော့ SAW ကျောင်းကနေပဲ ဖြေပြီး ဒီနှစ်အောင်မြင်ခဲ့တယ်။ ကျနော်က ကလေးတွေအတွက် စာသင်ပေးတဲ့အလုပ်လည်းလုပ်တယ်။ ကျနော့်ပညာရေးလည်း အောင်မြင်အောင် အလုပ်နှစ်ခု မျှလုပ်ပြီး အောင်အောင်ဖြေနိုင်ခဲ့တာပေါ့။”

ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအစိုးရက အသိမှတ်ပြုထားတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၅၉ ကျောင်း နဲ့ကျောင်းခွဲပေါင်း ၁၄ ကျောင်းက ကျောင်းသားကျောင်းသူပေါင်း ၁၃,၀၀၀ ကျော်ရှိရာမှာ မြန်မာအစိုးရစစ်စာမေးပွဲတွေကိုလွန်ခဲ့တဲ့ ၄ နှစ်ခန့်ကစပြီး စတင်ဖြေဆိုခွင့်တွေ ရခဲ့ပါတယ်။ အခုဆိုရင် ရွှေ့ပြောင်းစာသင်ကျောင်းတွေက အောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ မြန်မာပြည်တွင်းက တက္ကသိုလ်တွေမှာ ပညာသင်ကြားနေကြတာတွေလည်း ရှိနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG