အစ္စရေးနဲ့ Hamas စစ်သွေးကြွတို့ကြား ဖြစ်နေတဲ့ ပဋိပက္ခက အရှေ့အလယ်ပိုင်းဒေသကိုကျော်လွန်ပြီး တင်းမာမှုတွေဖြစ်နေတာကြောင့် အမေရိကန်နိုင်ငံသားတွေ နိုင်ငံခြားခရီးသွားလာတဲ့အခါ ပိုပြီးသတိရှိကြဖို့ နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံသားတွေအတွက် သင့်တော်တဲ့ ခရီးသွားသတိပေးမှုတွေလုပ်နိုင်အောင် အခြေအနေတွေကို အမြဲမပြတ်သုံးသပ်နေတာကြောင့် ခုလိုသတိပေးချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller ကပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝန်းနေရာစုံမှာ တင်းမာမှုတွေ တိုးလာနေတာနဲ့အတူ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်အကျိုးစီးပွားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဆန္ဒပြမှုတွေ လုပ်လာနိုင်တဲ့ အန္တရာယ်ရှိလာနိုင်တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller က ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။ နိုင်ငံခြားမှာရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း ပိုပြီးသတိရှိနေကြဖို့ နိုင်ငံခြားရေးဌာနက အကြံပြုထားပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေး ၁၄၀၀ နီးပါး သေဆုံးခဲ့တဲ့ Hamas စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် အစ္စရေးတို့ဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာဒေသမှာ အကြီးအကျယ် ပြန်လည် တိုက်ခိုက်နေပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေတာကြောင့် ပါလက်စတိုင်းတွေဘက်က ထောက်ခံဆန္ဒပြမှု နိုင်ငံတော်တော်များများမှာ လုပ်နေကြပါတယ်။ တချိန်ထဲမှာပဲ အစ္စရေးတို့အပေါ် ထောက်ခံအားပေးတဲ့ ဆန္ဒပြပွဲတွေလည်း ရှိနေပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကဆိုရင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်က အမေရိကန်သံရုံးနားမှာ ဆန္ဒပြကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ လက်ဘနွန်လုံခြုံရေးတွေ ထိပ်တိုက်တွေ့ခဲ့ကြတဲ့အတွက် မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ရပါတယ်။