မြန်မာနိုင်ငံ ကျေးလက်ဒေသတွေဟာ အများအားဖြင့် အစိုးရက ဖြန့်ဝေပေးနေတဲ့ လျှပ်စစ်မီးနဲ့ လက်လှမ်း မမှီကြပါဘူး။
အခု နေရောင်ခြည်သုံး ဆိုလာ လျှပ်စစ်မီးအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ တအိမ်ချင်းသုံးနိုင်အောင် ရံပုံငွေ အများအပြား သုံးဖို့ စီစဉ်နေတာတွေ့ရပြီး ဒီလိုအိမ်သုံးစံနစ်ကို သုံးတာဟာ ရေရှည်အတွက် အကျိုးမရှိ ဘူးလို့ ထိမ်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော်က မြင်ပါတယ်။
အခုလို တအိမ်ချင်းအတွက် လုပ်ပေးတဲ့အတွက် အိမ်ပေါင်း ဘယ်နှစ်လုံးမှာ ဆိုလာမီးရပြီလို့ ပြောနိုင်တာသာ ရှိပြီး တကယ်တမ်း ရေရှည်ကိုကြည့်ရင် သုံးမယ့် အိမ်တိုင်း အတွက် ဝန်ထုပ်ဝန်ပိုး ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အိမ်သုံးစံနစ်တခု အတွက် အိမ်ရှင်က ဆိုလာ စံနစ်ကို သေသေချာချာ နားလည်အောင် လုပ်ဖို့ လိုအပ်ပြီး စံနစ်တကျ ထိမ်းသိမ်းနိုင်မှ တာရှည် မီးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာမီးသုံးမယ့် ကျေးလက်ဒေသခံတွေဟာ စံနစ်တကျ ထိမ်းသိမ်းတဲ့ နည်းတွေကို သိဖို့ လိုအပ်ပါတယ်။
လက်ရှိမှာ အသိပညာ သိပ်မကြွယ်ဝသေးတဲ့ မြန်မာနိုင်ငံ ကျေးလက်ဒေသတွေ အတွက် အများသုံးစံနစ်တခု ချပေးနိုင်ရင်တော့အဆင်ပြေနိုင် မှာ ဖြစ်ပါတယ်။ အများသုံး စံနစ်မှာ ဆိုရင် ဒီဆိုလာစံနစ်ကို ထိမ်းသိမ်းဖို့ တာဝန်ခံပါ ထားပေးရမှာမို့ ဒေသခံတွေအတွက် စိတ်ပူစရာ လျော့ပါးသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီလို အများသုံးစံနစ်ချပေးတာဟာ နောင်တချိန်မှာ အစိုးရဖြန့်ဝေတဲ့ ဓါတ်အားလိုင်းနဲ့ ဆက်သွယ်ဖို့ပါ အဆင်သင့် ဖြစ်စေတာမို့ ရေရှည်အတွက် အကျိုးရှိတယ်လို့ လည်း ပြောပါတယ်။
ကမ္ဘာ့ဘဏ်လို ငွေကြေးအပြင် အသိပညာ အတတ်ပညာရှင်တွေပါ သုံးနိုင်တဲ့ အထောက်အကူပြု အဖွဲ့တွေ ဆီက အကူအညီတွေ တောင်းခံမယ်ဆိုရင် တောင်းခံမယ့် အိမ်ရှင်နိုင်ငံ အနေနဲ့ ရေရှည် အကျိုးရှိဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီလို အကျိုး ရှိမရှိ စဉ်းစားနိုင်ဖို့ နားလည် တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်တွေကို ယူသင့်တယ်လို့လည်း ဦးသိန်းမော်က အကြံပေးပါတယ်။