အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း မီရှီဂန် ပြည်နယ်ထဲမှာ ရှိတဲ့ Flint မြို့ကလေးမှာ သောက်သုံးရေတွေ ခဲဆိပ်သင့်နေတာမို့ ဒေသခံ တသိန်းလောက်အတွက် ရေးသန့်ဘူးတွေ၊ ရေစစ်နဲ့ ရေသန့်စစ်ဆေးတဲ့ ကရိယာတွေ ဖြန့်ဝေဖို့ ဇန်နဝါရီလဆန်းမှာ အမျိုးသား ကာကွယ်ရေးဌာနက တပ်ဖွဲ့ဝင် ၇၀ လောက် စေလွှတ်ပေးခဲ့ရပါတယ်။ ရေပိုက်ကလာနေတဲ့ ရေရဲ့ အရောင်နဲ့ အနံ့အသက် ထူးခြားတာ သတိထားမိလို့ တိုင်တန်းခဲ့ပေမယ့် တာဝန်ရှိသူတွေ အရေးတယူ မလုပ်ခဲ့တဲ့ အတွက် တနှစ်လောက် အကြာမှာ မြို့ခံ ကလေးငယ်တွေရဲ့ သွေးထဲ ခဲဆိပ် မြင့်မားနေတာ တွေ့ခဲ့ရတာပါ။
အရင်က Detroit ကရေ ပေးဝေနေရာကနေ နောက်ပိုင်း မှာ Flint မြစ်ထဲက ရေကို ပြောင်းပြီး ပေးရာကနေ အခုလို ဖြစ်ပွါးခဲ့တာပါ။ ခဲပိုက် ကြေးပိုက်တွေအတွက် ortho phosphate လို့ခေါ်တဲ့ ပိုက်ကို မစားစေတဲ့ ဆေး မထည့်ပဲ မြစ်ရေကို ဝေမိသလို မြစ်ရေထဲမှာ Coliform ဘက်တီးရီးယားတွေ ရှိနေတာမို့ ရေသန့်ဖို့ ကလိုရင်း ထည့်ပေးရာကနေ ပိုက်တွေကို တိုက်စားမှု ပိုဖြစ်လာစေတယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့တာပါ။
ဖလင့်မြစ်ရေကို သန့်စင်အောင် ကလိုရင်းထည့်ရာမှာ ဓါတ်ပြုု ပြီး အပိုပစ္စည်းအဖြစ်Total Trihalomethane (TTHMs) ကိုရပါတယ်။ TTHMs ဟာ အသဲ၊ ကျောက်ကပ်နဲ့ အာရုံကြောစံနစ်တွေအတွက် အန္တရာယ်ရှိတာမို့ သူ့ကို လျှော့ချဖို့ ferric chloride ကိုထည့်ပေးတဲ့အခါ ပိုက်ထဲကခဲ အရည်ပျော်ထွက်နှုံးကို များစေတာ ဖြစ်ပါတယ်။
ရေပိုက်တွေကို ခဲနဲ့ဖြစ်စေ ကြေးနဲ့ ဖြစ်စေ ပြုလုပ်ထားတာမို့ ဒီပိုက်တွေ အတိုက်စားခံရရင် သောက်သုံးသူ တွေအတွက် ရေကနေတဆင့် ခဲနဲ့ ကြေးနီ ဓါတ်တွေကိုပါ ရနိုင်တာမို့ ခဲဆိပ် ကြေးဆိပ်သင့်မယ့် အန္တရာယ်ရှိတယ်လို့ သဘာဝ ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။
ခဲတွေကို ရေပိုက်အဖြစ် သုံးစွဲလာတာ နှစ်ပေါင်း ရာနဲ့ချီနေပါပြီ။ ရေထဲမှာ အက်ဆစ်ဓါတ်များနေရင် အက်ဆစ်နဲ့ ခဲတွေ တိုက်စားပြီး ရေထဲကို ခဲတွေ ရောက်သွားတတ်ပါတယ်။ ခဲပိုက်အစား ကြေးပိုက်တွေ အစားထိုး သုံးလာကြတဲ့ အခါမှာလည်း အလားတူ အဆိပ်သင့်တာ တွေ့ရ ပါတယ်။ ခဲဆိပ်ပါတဲ့ ရေကိုသောက်သုံးမိတဲ့ ကလေးငယ်တွေမှာ ကာယပိုင်းရော၊ ဉာဏပိုင်းမှာပါ ဖွံ့ဖြိုးမှု နှေးသွားပြီး အာရုံ သိပ်မစိုက်နိုင်ပဲ ပညာသင်ကြားရာမှာ ဉာဏ်ရည် နိမ့်ပါးသွားတာ တွေ့ရပါတယ်။ ကြေးပါတဲ့ ရေကို တာရှည်သုံးစွဲမိရင်လည်း ကြေးဆိပ်သင့်ပြီး အသဲတို့ ကျောက်ကပ်တို့ကို ထိခိုက်နိုင်တာပါ။
ရေထဲမှာ PH လို့ခေါ်တဲ့ အက်စစ်ပါဝင်မှု ကိုပြတဲ့ ကိန်းဂဏန်း ၁၄ မှတ်ထဲမှာ ၇ မှတ်ဆိုရင် ရေထဲမှာ အက်ဆစ်ဓါတ်မရှိဘူးလို့ သတ်မှတ်ပါတယ် ၇ မှတ် အောက် လျော့နဲနေရင် အက်ဆစ်ဓါတ်များနေတာ ဖြစ်ပြီး အယ်လ်ကာလီလို့ခေါ်တဲ့ ဆားဓါတ်များနေရင်တော့ ၇ မှတ် အထက်မှာ ရှိနေတာပါ။ အက်ဆစ်တင်မကပဲ အယ်လ်ကာလီများရင်လည်း အန္တရာယ် ရှိပါတယ်။
ဒါ့ကြောင့် ကိုယ် သောက်သုံးသုံးမယ့် ရေရဲ့ အရည်အသွေးကို သိအောင် လုပ်ထားဖို့ လိုပါတယ်။ သောက်သုံးရေထဲမှာ ခဲဓါတ်လုံးဝ ပါခွင့် မပြုပဲ ကြေးပါဝင်နှုံးကတော့ ရေတလီတာမှာ ၁.၃ မီလီဂရမ်ထက် လုံးဝမပိုသင့်ပါဘူး။ ဒါ့အပြင် ရေရဲ့ အရောင်အသွေး အနံ့အသက် အပြောင်းအလဲကို အမြဲ သတိပြုဖို့ လိုပါတယ်။ အပြောင်းအလဲ ဖြစ်လာရင် ချက်ချင်းစစ်ဆေးရမှာပါ။
ရေပေးဝေတဲ့ စံနစ်အတွက် သတိပြုသင့်တာတွေထဲမှာ သောက်သုံးရေတင်မကပဲ ကိုယ်သုံးနေတဲ့ ရေကို သွယ်ယူတဲ့ ပိုက်ဟာ ဘာအမျိုးအစားဆိုတာကို သိထားဖို့ လိုအပ်သလို ပိုက်အဆက်တွေ မှာ ရှိတဲ့ ခဲတို့ ကြေးတို့ အတိုက်စာ ခံနေရမှု ရှိမရှိလည်း သတိထားဖို့ လိုပါတယ်။
အထူးသဖြင့် ကလေးငယ် ရှိသူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သက်ကြီး ရွယ်အို ရှိတွေ ရှိတဲ့ အိမ်တွေအတွက် အထူးသတိထားဖို့ လိုတာပါ။