သုံးရလွယ်ကူစေသည့် Link များ

နာဂစ်ဒဏ်သင့် ဒေသအတွက် စိုက်ပျိုးရေး


ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက လယ်ယာစိုက်ခင်း
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက လယ်ယာစိုက်ခင်း

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီနေ့အထိ ရာသီဥတု ဖေါက်ပြန်မှုတွေနဲ့ ဆက်တိုက် ကြုံနေရတာမို့ နိုင်ငံတွင်း စားဝတ်နေရေးအတွက် အဓိက ဖြည့်တင်းပေးနေတဲ့ စိုက်ပျိုးရေးလုပ်ငန်း အတွက်ပါ စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတာပါ။

ပဲခူးရိုးမက သစ်တောတွေ ပြုန်းကုန်တာဟာ မြန်မာနိုင်ငံ့ စိုက်ပျိုးရေးမှာ အရေးပါတဲ့ မုတ်သုန်မိုး အပြောင်းအလဲတွေ ဖြစ်စေသလို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ အနောက် ရိုးမက သစ်ကြီးဝါးကြီးတွေ ဒီရေတောတွေ ပါးကုန် ပျောက်ကုန်တာကလည်း မုတ်သုန်လေပြင်း မုန်တိုင်းကို အကာကွယ် ကောင်းကောင်း မပေးနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီကြားထဲ မြန်မာပြည် မြောက်ပိုင်းက သစ်တောကြီးတွေ ပြုန်းကုန်တာကလည်း ရေဝေ ဒေသကို ထိခိုက်စေတာမို့ မြစ်ကြောင်းတွေက ရတဲ့ ရေနဲ့ ရှင်သန်ကြရတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ဒဏ်ခံနေကြရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟိုးအရင်ကတည်းက ဆန်တင်ပို့မှုနဲ့ နံမယ် ကျော်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ပြည်တွင်း ဖူလုံမှုနဲ့အတူ နိုင်ငံရပ်ခြားကို ဆန်တင်ပို့ နိုင်လောက်အောင် မြန်မာနိုင်ငံရဲ့ အနေထားက တည်ရှိနေတယ်လို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာ ထွန်းဝင်းက ပြောပါတယ်။

အခုလို ပြည့်စုံရက်နဲ့ ဆန်စပါးထုတ်လုပ်မှုမှာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် နိမ့်ကျ နေရတာမို့ ပြန်လည် သုံးသပ်ဖို့လည်း အကြံပေးပါတယ်။

နွေရာသီမှာဆို စိုက်ပျိုးမှု မရှိသလောက်ဖြစ်နေတဲ့ ဧရာဝတီတိုင်းမှာ မိုးအခါ ပေါ်ဆန်း စိုက်ပြီး နွေမှာ ဧည့်မထစိုက်ဖို့ အဆင်ပြေပေမယ့် ဒီ နွေစပါးအတွက် ရေလိုအပ်ပါတယ်။ မြစ်ချောင်းတွေ ပေါတဲ့ ဒေသမှာ ရေကိုမြင်နေရပေမယ့် ဒီရေကိုလယ်ထဲ ရောက်အောင် မတတ်နိုင်တဲ့ ဒေသခံတွေအတွက် အစိုးရက ရေတင်စီမံကိန်းတွေ ချပေးပြီး ပံ့ပိုးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ မိုးစပါးနဲ့ ပြည်တွင်းဝမ်းစာဖူလုံစေနိုင်ပြီး နွေစပါးနဲ့ ပြည်ပ တင်ပို့ နိုင်တဲ့အထိ ဖြစ်လာနိုင်တာမို့ ဒီမြစ်ရေ ချောင်းရေတင် စီမံကိန်းတွေကို အထူး အလေးပေးပြီး လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် သင့်တော်တဲ့ ဆန်မျိုးကို ရွေးဖို့လည်း အကြံပေးပါတယ်။ အကောင်းဆုံး ဆန်အဖြစ် ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ပေါ်ဆန်းဟာ ရနံ့မွှေးပြီး နူးညံ့ပျော့ပြောင်းတဲ့အပြင် အိုးတိုးတဲ့ ဆန်မျိုးပါ။ မြန်မာ့ ရေမြေနဲ့ ကိုက်တဲ့ ဒီဆန်မျိုးကို စံနစ်တကျ စိုက်ပျိုး လာအောင် ပံ့ပိုးဖို့လိုအပ်သလို မျိုးကောင်း မျိုးသန့် အတွက်ပါ အစီအစဉ်တွေ ချဖို့ လိုအပ်နေတာပါ။

XS
SM
MD
LG