နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်မှာ လုပ်ငန်းခွင်တွေမှာ မရှိမဖြစ်သုံးရမယ့်၊ တ ကိုယ်ရေ ကာကွယ်ရေး ပစ္စည်း PPE တွေလည်း ခေတ်နဲ့အညီ ထုတ်နေကြတာဖြစ်ပြီး ဒါကို မြန်မာနိုင်ငံက အလုပ်သမားတွေ မှန်မှန်ကန်ကန် သုံးနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။
တကိုယ်ရေ ကာကွယ်ရေး ပစ္စည်း Personal Protective Equipments တွေကို သူ့ နေရာနဲ့သူ စံနစ်ကျ အသုံးချတတ်ဖို့အရေး ပါပါတယ်။
ဦးခေါင်းကို အကာကွယ်ပေးဖို့ သုံးရမယ့် ပစ္စညိးက ဦးထုပ်အမာ safety helmet ဖြစ်ပါတယ်။ မျက်လုံးကို အကာကွယ်ပေးဖို့ အန္တရာယ်ကင်း မျက်မှန် safety glasses လိုအပ်သလို မျက်နှာ တခုလုံးကို အကာကွယ်ပေးဖို့ မျက်နှာအကာ face shield ၊ နားအတွက် နားကြပ်၊ နားအဆို့ ear plug/ear muff ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ အကာကွယ်အတွက် ဖုံကာ၊ နှာခေါင်းစွပ် dust mask/respirator ၊ လက်ကို အကာကွယ်ပေးမယ့် လက်အိပ် hand gloves ၊ ခြေထောက်ကို အကာကွယ်ပေး နိုင်တဲ့ အန္တရာယ်ကင်း ဘွတ်ဖိနပ် safety shoe / safety boots ၊ အမြင့်ကနေ ပြုတ်ကျမယ့် အန္တရာယ် ကို အကာကွယ်ပေးနိုင်တဲ့ ကိုယ်သိုင်းကြိုး safety harness၊ ဓါတုဆေးရည်တွေ ထိမယ့် အန္တရာယ်ကို အကာကွယ်ပေးနိုင်မယ့် အဝတ် Apron နဲ့ တကိုယ်လုံးကို အကာကွယ်ပေးတဲ့ အဝတ် coverall တို့ ဖြစ်ပါတယ်။
တကိုယ်ရေ အတွက် အကာကွယ်ပေးတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ သုံးရပါတယ်။ safety helmet ကို ဆိုင်ကယ်စီးရာမှာ ဆောင်းလို့ မရသလို ဆိုင်ကယ်ဦးထုပ်ကိုလည်း safety helmet အနေနဲ့ သုံးလို့မရပါဘူး။ ဂဟေဆော်တဲ့ နေရာမှာ welding hand glove ကို သုံးရမှာ ဖြစ်ပြီး ရိုးရိုးချည်လက်အိတ် သုံးလို့မရပါဘူး။
အလုပ်လုပ်သူတွေ အတွက် တကိုယ်ရေ ကာကွယ်ရေး ပစ္စည်းတွေ ဝတ်ဖို့ ဘာ့ကြောင့် အရေးကြီး ရတာပါလဲ။
အလုပ်လုပ်တဲ့အခါ လုပ်နေတဲ့ သူကို ထိခိုက်ရှနာဖြစ်ဖို့ အလွန်အခွင့်အလန်း များတာ ကြောင့်ပါ။ ပစ္စည်းတွေ ကိုင်တွယ်တဲ့ နေရာမှာ ထိခိုက်ရှနာ ဖြစ်နိုင်သလို ကျောက်စက် တိုက်တဲ့ အလုပ်ဆို မျက်စိကို ထိခိုက်စေနိုင်တာမျိုးပါ။ တကယ်လို့ ဓါတုဆေးတွေ နဲ့ အလုပ်လုပ်ရသူတွေ အတွက်ဆိုရင် ကိုင်တွယ်ထိတွေ့တဲ့ နေရာမှာရော ရှုရှိုက်မိရင်ပါ အန္တရာယ်ပေးနိုင် ပါတယ်။
မြန်မာနိုင်ငံအတွက် ထင်သာမြင်သာ ဥပမာ တခုက ပိုးသတ်ဆေးဖြန်းတဲ့ နေရာမှာ ကြည့်နိုင်ပါတယ်။ အခုအချိန်အထိ ဘယ်လယ်သမားမှ ပိုးသတ်ဆေး ဖြန်းတဲ့ နေရာမှာ တကိုယ်ရေ ကာကွယ်ရေး ပစ္စည်းတွေ သုံးတာ မတွေ့ရသေးပါဘူး။
ပိုးသတ်ဆေးဟာ အဆိပ်ဖြစ်ပါတယ်။ ပိုးသတ်ဆေး ဖြန်းတဲ့အခါ ဒီအဆိပ်တွေက လူ့ကိုယ်ခန္ဒာထဲကို နည်းလမ်း ၃ သွယ်နဲ့ဝင်နိုင်ပါတယ်။ နှခေါင်း၊ ပါးစပ်နဲ့ အရေပြားကနေ တဆင့် ဝင်နိုင်တာပါ။ ပိုးသတ်ဆေးဖြန်းတဲ့အခါ လူ့ကိုယ်ထဲကို နည်းနည်းချင်း ဝင်တာမို့ ချက်ချင်း မသိသာပါဘူး။ ဒီလို မသိသာတဲ့ အတွက်လည်း လူတွေက ဂရုမစိုက်ကြတာပါ။ နှစ်ရှည်လများ ပိုးသတ်ဆေး ဖြန်းလာတဲ့ အခါ ကိုယ်ထဲရောက်သွားတဲ့ အဆိပ်တွေစုပြီး ကျန်းမာရေးကို ဒုက္ခပေးလာတာ ဖြစ်ပါတယ်။
ပိုးသတ်ဆေး ဖြန်းတဲ့ အခါ နားရွက်အုပ်တဲ့အထိ ဆောင်းလို့ရတဲ့ ဦးထုပ် - ပုခုံးအထိအုပ်ထားလို့ရတဲ့ အကာအကွယ်နဲ့ အသားမပေါ်အောင် ဖုံးထားရမှာပါ။ မျက်နှာမှာ မျက်လုံးပဲ ချန်ထားပြီး အဝတ်စည်းတာ ဒါမှမဟုတ် face shield ကို ဝတ်ရပါတယ်။ မျက်လုံး အတွက် မျက်မှန် safety glasses တပ်ဖို့လိုပါတယ်။ ဆေးဖြန်းတဲ့ အခါမှာ ဘယ်တော့မှ အကျီချွတ်ပြီး မဖြန်းရပါဘူး။ အကျီထူထူ လက်ရှည်ဝတ်ဖို့ လိုသလို ဘောင်းဘီရှည် ဝတ်ဖို့လိုပါတယ်။ ပုဆိုး ခပ်တိုတို ဝတ်လေ့ရှိတဲ့ တောသူတောင်သားတွေအတွက် အဲဒီပုံစံနဲ့ ဆေးဖြန်း တဲ့အခါ အောက်ပိုင်း လွတ်နေတဲ့ နေရာမှာ ပိုးသတ်ဆေးတွေ ထိနိုင်တာမို့ မသင့်တော်ပါဘူး။
နောက် ရာဘာလက်အိတ် ဝတ်ဖို့ လိုပါတယ်။ အရေးအကြီးဆုံးကတော့ respirator လို့ ခေါ်တဲ့ နှာခေါင်းစွပ်ပါ။ သူက အပြင်ကလာတဲ့ မကောင်းတဲ့ လေတွေကို စစ်ပေးပါတယ်။ ဒါ့ကြောင့် သူ့ကို တပ်ပြီး အသက်ရှုရင် လေကောင်းလေသန့်ကိုပဲ ရှုနိုင်မှာပါ။ ဒါ့အပြင် ဖြစ်နိုင်ရင် safety shoe ဝတ်ဖို့လိုပါတယ်။ မရနိုင်ရင်တော့ ကင်းဘတ်ဖိနပ်မျိုး ခြေထောက်မပေါ်အောင် ဝတ်ရမှာပါ။ ဆေးဖြန်းပြီးတဲ့ အခါမှာလည်း ဆေးဖြန်းစဉ်က သုံးတဲ့ အဝတ်အစား အသုံးအဆောင်တွေကို ပြန်မဝတ်ပဲ အားလုံး လေ ျှာ်ဖွတ်ဖို့ လိုပါတယ်။ ခေါင်းကို သေသေချာချာ လေ ျှာ်ဖို့ ခြေသည်းလက်သည်းတွေ အတိုညှပ်ထားဖို့လိုပါတယ်။
တကိုယ်ရေ ကာကွယ်ရေး ပစ္စည်းတွေကို ထုတ်ချင်တိုင်း ထုတ်လို့ ရပါသလား၊ ဘယ်လိုစံနှုန်းသတ်မှတ်မှုတွေ ရှိပါသလဲ။
တကိုယ်ရေ ကာကွယ်ရေး ပစ္စည်းတွေဟာ လူကို အန္တရာယ်တွေကနေ အကာကွယ်ပေး ဖို့ ဖြစ်တဲ့အတွက် ထုတ်ချင်တိုင်း ထုတ်လို့ မရပါဘူး။ ဒီပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စံတွေရှိပါတယ်။ ဒီစံနှုန်းတွေနဲ့ စစ်ဆေးရတာ ဖြစ်ပြီး ဒီစစ်ဆေးမှု အောင်မှ စစ်ဆေးပြီးကြောင်း တံဆိပ် ကပ်ပေးပါတယ်။ ဒီလို တံဆိပ်ပါတဲ့ ပစ္စည်းမှသာ ဈေးကွက်ထဲ တင်ရောင်း ခွင့်ရှိပါတယ်။ တံဆိပ်မပါပဲ ဈေးကွက်ထဲ ရောင်းမယ် ဆိုရင် သူ့ကို ဖမ်းဆီး အရေးယူလို့ ရပါတယ်။
အခု မြန်မာပြည်ထဲကို ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှား၊ စင်္ကာပူလို နိုင်ငံတွေက PPE ပစ္စည်းတွေ တင်သွင်းနေတာဖြစ်ပြီး တရုတ်က သွင်းတဲ့ ပစ္စည်းတွေဟာ တော်တော်ကို အရည်သွေး ညံ့တာ တွေ့ရတယ်လို့ ဦးအေးငြိမ်းက ပြောပါတယ်။ ထိုင်းကလာတဲ့ ပစ္စည်းတွေမှာ စစ်ဆေးပြီးကြောင်း လက်မှတ်တွေ ပါလာတာမျိုး တွေ့ရပါတယ်။ ဒါ့အပြင် ဘယ်စံနှုန်းနဲ့ စစ်ဆေးထားကြောင်း တံဆိပ်တွေ ကပ်ထားတာ တွေ့ရတယ်လို့ ပြောပါတယ်။
တရုတ်ပစ္စည်းက စင်္ကာပူပစ္စည်းနဲ့ ယှဉ်ရင် ဈေးက အဆ ၆၀ ကျော် ကွာသလို အရည်အသွေးကလည်း သိပ်ကို ကွာပါတယ်။ သိပ်ကို ဈေးသက်သာတာမို့ အလုပ်ရှင်တွေက တရုတ်ပစ္စည်းပဲ ဝယ်ပြီး အလုပ်သမားကို သုံးစေမယ် ဆိုရင် အန္တရာယ် ကနေ တကယ်တမ်း အကာကွယ် မပေးနိုင်ပါဘူး။ ဒါ့ထက်ဆိုးတာက ပြည်တွင်းမှာပါ ကလေးကစားသလို ထုတ်ပြီး ရောင်းနေတာလို့ လည်း ပြောပါတယ်။
PPE ပစ္စည်းဆိုတာဟာ အလုပ်လုပ်တဲ့ သူတွေကို အန္တရာယ် မဖြစ်အောင် အကာကွယ်ပေးတဲ့ ပစ္စည်း ဖြစ်တာမို့ ကိုယ် ထုတ်ချင်သလို ထုတ်လို့ မရပါဘူး။ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ထုတ်လုပ်ရတာ ဖြစ်သလို ထုတ်လုပ်တဲ့ ကုန်ကြမ်းကလည်း သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို သုံးရပါတယ်။ ဒါ့ကြောင့် ဖြစ်သလို လုပ်နေကြတာ တွေကို မလုပ်အောင် ဥပဒေ ပြဌာန်း တားဆီး အရေးယူဖို့ လိုအပ်ပါတယ်။
ဒီတကိုယ်ရေ ကာကွယ်ရေး ပစ္စည်းတွေနဲ့ ပါတ်သက်ပြီး အန္တရာယ် တကယ် အကာကွယ် မပေးနိုင်ပဲ တစုံတခု ဖြစ်လာပြီ ဆိုရင် ဘယ်သူတွေမှာ တာဝန် ရှိပါသလဲ။
သုံးဦး သုံးဖလှယ် တာဝန်ရှိတယ်လို့ ဦးအေးငြိမ်းက ပြောပါတယ်။ အစိုးရမှာတာဝန်ရှိသလို အလုပ်ရှင်မှာလည်း တာဝန်ရှိပြီး အလုပ်သမားမှာလည်း တာဝန်ရှိပါတယ်။
မြန်မာပြည်ထဲကို အရည်အသွေးမမှှီတဲ့ ပစ္စည်းတွေ တင်သွင်းတာ၊ ရောင်းချင်သလို ရောင်းနေတာ၊ မြန်မာပြည်ထဲမှာ ဖြစ်သလို လုပ်ပြီး ရောင်းနေတာမျိုးကို အစိုးရက ကန့်သတ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွက် PPE ပစ္စည်းတွေကို စစ်ဆေးဖို့ စံချိန်စံညွှန်း တွေ မရှိသေးရင် ဗြိတိသ ျှ စံချိန်စံညွှန်း၊ စင်္ကာပူ စံချိန်စံညွှန်းတွေကို ယူပြီး သုံးလို့ရတယ်လို့ လည်း ပြောပါတယ်။ အရည်အသွေး စစ်ဆေးတဲ့ စက်တွေ မရှိသေးဘူး ဆိုရင်လည်း နိုင်ငံရပ်ခြားကနေ ငှါးရမ်း သုံးစွဲလို့ ရသလို သူတို့ ဆီက ကျွမ်းကျင်သူ technician တွေကိုပါ ခေါ်ယူလို့ ရပါတယ်။ တကယ်လို့ ဒီလို စက်တွေကို ငှါးရမ်းတဲ့ အခါမှာ မြန်မာ အင်ဂျင်နီယာတွေကိုပါ ဒီစက်တွေ အတွက် သင်ခိုင်းလို့ ရပါတယ်။ မြန်မာလူငယ်တွေ တတ်ကျွမ်းမှု ရှိလာချိန်ကျမှ ဒီစက်တွေကို ဝယ်ပြီး ကိုယ်တိုင်စစ်တဲ့ အလုပ်ကို လုပ်နိုင်ပါတယ်။ ဒါဟာ အစိုးရပိုင်းက လုပ်နိုင်တဲ့ အလုပ်ပါ။ အစိုးရ အရာရှိတွေအနေနဲ့ ဒီလို လုပ်ရကောင်းမှန်း သိဖို့ လိုသလို လုပ်ချင်စိတ်ရှိပြီး တကယ် လုပ်လာ ကြဖို့ပါ လိုအပ်နေပါပြီ။
တကယ်ဆိုရင် ဒီကိစ္စဟာ အလုပ်သမား ဝန်ကြီး ဌာနမှာ တာဝန်ရှိပြီး အလုပ်သမား ဝန်ကြီး ဌာနအောက်မှာ PPE စစ်ဆေးတာ၊ အရည်အသွေး သတ်မှတ်တာ၊ လက်မှတ်ထုတ်ပေးပြီး ပစ္စည်းတွေမှာ တံဆိပ်ကပ်ပေးတာတွေ လုပ်ဖို့ ဌာန တခု သတ်သတ်မှတ်မှတ် ထားရှိဖို့ လိုပါတယ်။ အရည်အသွေး မမှီတဲ့ ပစ္စည်းတွေကို အဲဒီဌာနကနေ သိမ်းတာ၊ ပစ္စည်း တင်သွင်းသူတွေကို အရေးယူတာ၊ ပစ္စည်းတွေ စစ်ဆေးတာ၊ လက်မှတ်တွေ ထုတ်ပေးတာလုပ်ရမှာ ဖြစ်ပါတယ်။
အလုပ်ရှင်တွေ အနေနဲ့လည်း ကိုယ့်အလုပ်သမားတွေ အတွက် လိုအပ်တဲ့ PPE ပစ္စည်း အားလုံးကို ဝယ်ယူ ထောက်ပံ့ပေးဖို့ တာဝန်ရှိပါတယ်။ ဒီပစ္စည်းအတွက် အလုပ်သမားလခထဲက မဖြတ်ရပါဘူး။ ဒါကို ဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းဖို့ လိုပါတယ်။ မြန်မာ ပြည်က လုပ်ငန်းခွင် အန္တရာယ် ကင်းရေး ဥပဒေကြမ်းမှာ အလုပ်ရှင်တွေရဲ့ တာဝန်များမှာ ထည့်သွင်း ရေးဆွဲထားတာ တွေ့ရပါတယ်။
အလုပ်သမားတွေ ဘက်ကလည်း ကိုယ့်အတွက် အန္တရာယ် ကင်းစေဖို့ ပစ္စည်းတွေ ရှိနေကြောင်းနဲ့ ဒါတွေကို သုံးဖို့ လိုအပ်တယ်ဆိုတာသိရမှာ ဖြစ်သလို ဒီပစ္စည်းတွေကို သူ့နေရာနဲ့ သူဘယ်လို သုံးရမယ် ဆိုတာကို အသေအချာ နားလည်ဖို့ လိုပါတယ်။ ဒါ့အပြင် ဒီပစ္စည်းတွေ ကို စံနစ်တကျ ရိုရိုသေသေ ကိုင်တွယ် တတ်ဖို့ လိုအပ်ပါတယ်။
တကိုယ်ရေ ကာကွယ်ရေး ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ တိတိကျကျ သူ့နေရာနဲ့ သူ သုံးနေတာမျိုး မရှိသေးပါဘူး။ ဒီ ပစ္စည်းတွေ သုံးဖို့ လိုတယ် ဆိုတာကို သိလာအောင် ဘယ်လို ပညာပေးမှုတွေ လုပ်ပေးရမှာ ပါလဲ။
ပစ္စည်းတွေကို သုံးရကောင်းမှန်း သိအောင် ဟောပြောပွဲတွေ၊ သုံးနည်း သရုပ်ပြပွဲတွေလုပ်ပြီး ပညာပေးရမှာပါ။ အဓိက လိုအပ်တာ ကတော့ အစိုးရကနေ ဒါတွေကို မသုံး မနေရ ဥပဒေ ပြဌာန်း ပေးဖို့လိုအပ်ပါတယ်။ အလုပ်သမားတွေ PPE ကို သေသေချာချာ ဝတ်ဆင် သုံးစွဲတတ်ဖို့၊ စံနစ်တကျ ထိမ်းသိမ်း တတ်ဖို့၊ သေသေချာချာ ဆေးကြော သန့်စင်တတ်ဖို့ အလုပ်သမားတွေကို သင်တန်းပေးဖို့ လိုပါတယ်။ အဲဒီ သင်တန်းကို မတက်မနေရ ဥပဒေ ပြဌာန်း သတ်မှတ်ပေးရမှာပါ။
မြန်မာနိုင်ငံမှာ ကန်ထရိုက် စာချုပ် ချုပ်တဲ့ အခါမှာ HSE လို့ခေါ်တဲ့ Health - Safety နဲ့ Environment နဲ့ ပါတ်သက်ပြီး ထည့်တွက် ရမှာ ဖြစ်ပါတယ်။ ပရောဂျက် စီမံကိန်း တခု ရပြီ ဆိုရင် အဲဒီ ပရောဂျက် တန်ဖိုးထဲမှာ HSE နဲ့ ပါတ်သက်ပြီး တန်ဖိုး တခု ထား တွက်ချက်ရပါတယ်။ အဲဒီလို safety နဲ့ ပါတ်သက်ပြီး ဘတ်ဂျက်ငွေ သတ်သတ်မှတ် မှတ် မရှိဘူးဆိုရင် ဒါအတွက် ဘယ်ခေါင်းစဉ် အောက်မှာ သုံးမယ် ဆိုတာ ပြဿနာ ရှိလာမှာပါ။
အဓိကက လုပ်ငန်းခွင် အန္တရာယ် ကင်းရေး အက်ဥပဒေ ထွက်လာဖို့ ဖြစ်ပါတယ်။