ပုပ္ဗါးတောင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ လှပတဲ့ မီးတောင်ဟောင်းတခု ဖြစ်ပါတယ်။ ၂၀၁၇ ခု မိုးတွင်းကာလ အောက်တိုဘာလအတွင်း မြေပြိုမှုတွေ သိသိသာသာ တွေ့လာရသလို မြေရွေ့လျားမှုနှုန်းကလည်း အောက်တိုဘာ တိုင်းတာချက်တွေ အရ တရက်အတွင်း ၆ စင်တီမီတာ ရွေ့တာမို့ ရွေ့လျားနှုန်း သိပ်ကို မြန်နေတာပါ။ မြန်မာနိုင်ငံသားတွေ အထွဋ်အမြတ်ထားကြတဲ့ ပုပ္ပါးအတွက် ဘယ်လောက်စိုးရိမ်စရာ ကောင်းပါသလဲ။ အခြေနေကို သိရအောင် ဘူမိအင်ဂျင်နီယာ ဒေါက်တာစိုးမိုးကျော်ဝင်းကို မေးမြန်းပြီးတင်ပြပေးမှာပါ။
မြေပြိုတယ် ဆိုတဲ့ နေရာက အရင်ကတည်းက ပြိုဘူးပြီးသား နေရာပါ။ အဲဒီနေရာမှာ ထပ်ပြီး ရွေ့သွားတဲ့ သဘောပေါ့။ တောင်ကလပ်ကို သွားတဲ့ လမ်း၊ ပုပ္ပါး တောင်ကလပ် မရောက်ခင်မှာ သူက အဆင်းကလေး ရှိတယ်။ အဲဒီနေရာလေးမှာ ပြိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေရာတင် မဟုတ်ဖူး။ ကျွန်တော်တို့ သွားတုန်းကတော့ ပုပ္ပါး တောင်ကလပ်နား၊ အောက်မှာလည်း မြေပြိုတာတွေ တွေ့ခဲ့ပါတယ်။ အဲဒီတော့ မြေပြိုတဲ့ နေရာက ကျွန်တော်ရောက်ခဲ့တာ ၂ နေရာ တွေ့ခဲ့တယ်။ တခြားနေရာတွေမှာလည်း အဲဒီလို ပြိုနေတာ သူ့နေရာနဲ့ သူ ရှိနိုင်ပါတယ်။
ပထမဦးဆုံး ပုပ္ပါးတောင် မြေပြိုတဲ့ အကြောင်းရင်းကို မပြောခင်၊ ဦးစိုးမိုးကျော်ဝင်း ကလည်း ဘူမိဗေဒ ပညာရှင် တယောက်ဆိုတော့ ပုပ္ပါးတောင်ရဲ့ တည်နေပုံပေါ့လေ၊ ဘူမိ အနေအထားလေး နဲနဲ ပြောပြပေးပါ။
ဟုတ်ကဲ့ခင်ဗျ ပုပ္ဗါးတောင်ကတော့ အရင်တုန်းက မီးတောင်တခုပါ။ အဲဒီတော့ မီးတောင်ပေါက်ကွဲပြီး ထွက်လာတဲ့ ချော်ရည်တွေ၊ ပြာတွေ၊ ထွက်လာတဲ့ အမှုန်တွေ ကနေပြီးတော့ ကျလာတဲ့ မြေသား ကျောက်သားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နောက်တခုက အဲဒီမီးတောင် ပေါက်ပြီးချိန်မှာ အဲဒီမှာ alluvial တွေ၊ ဆိုတာကတော့ မြစ်တွေ ချောင်းတွေ စီးဆင်းပြီးမှ ကျလာတဲ့ အနည်တွေလည်း ရှိပါတယ်။
ဟုတ်ကဲ့ ပုပ္ပါး တောင်ကလပ် ဖြစ်လာတာကရော။
တောင်ကလပ်ကကျတော့ volcanic plug ပေါ့ခင်ဗျ။ သူကကျတော့ ဒီ ကမ္ဘာမြေကြီး ထဲကနေ ချော်ရည်တွေ ထွက်လာတယ်။ ထွက်လာပြီးတော့ အဲဒီချော်ရည် တွေက မြေပြင်ပေါ် မရောက်ဘူး၊ plug ဆိုတဲ့ သဘောကတော့ ထွက်လာတဲ့ မြေကြီးထဲမှာပဲ ခဲသွားတာဖြစ်ပါတယ်။ ခဲသွားပြီးတော့မှ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မြေကြီးတွေက ကျတော့ သိပ်ပြီးတော့ မခိုင်မာတော့ သူက တိုက်စားပြီး ပါသွားတယ်။ ပါသွားတော့ သူက ကျန်နေတယ်။ အဲဒီတော့ တောင်ကလပ်က ကျတော့ ချော်ရည်တွေ ခဲထားတဲ့ ဒီကျောက်သားတွေနဲ့ ဖြစ်နေပြီးတော့ သူက နံဘေးမှာ ရှိတဲ့ မြေသားတွေထက်မြင့်ပြီး ထောင်ထောင်ကြီးဖြစ်နေတာပါ။ တောင်မကြီးကလည်း အရင်တုန်းက ဒီ မီးတောင်ပေါက်ပြီး ပွင့်ထားတဲ့၊ တဖက်ကနေ ပွင့်ထားတာပါ။ အဲဒါကြောင့် မြင်းခွါပုံဖြစ်နေတာပါ။
မြေပြိုရတဲ့ အကြောင်းရင်း။ ဘာအကြောင်းတွေ ကြောင့်များ မြေပြိုလဲ သိပါရစေ။
မြေပြိုတယ် ဆိုတာကတော့ သဘာဝ ဖြစ်စဉ် တခုပဲခင်ဗျ။ ပုပ္ပါးတောင်မှ မဟုတ်ဖူး၊ ဘယ်တောင်မဆို၊ နောက်ဆုံး ကုန်းကလေးတွေတောင်မှ ပြေပြိုတာ ဖြစ်ပါတယ်။ natural process ပေါ့ခင်ဗျာ။ ဒီ သဘာဝ ဖြစ်စဉ်ပဲ တောင် တွေကတော့ တဖြေးဖြေးနဲ့ မိုးရေ တိုက်စားတာရော တခြား ရေတို့ လေတို့ ကြောင့် မြေပြိုတာနဲ့ တဖြေးဖြေး ပြေလာတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် ပုပ္ပါးတောင်လို နေရာမျိုး ကျတော့ အထူးသဖြင့် ခုနောက်ပိုင်းမှာ သဘာဝ မဟုတ်တော့ဘူး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်တဲ့ အတွက် အဲဒီတောင်စောင်းတွေ ပေါ်မှာ လမ်းတွေ ဖေါက်တယ်၊ တံတားတွေ ဖေါက်တယ်၊ အိမ်တွေ၊ နောက်ဆုံး ဘုန်းကြီးကျောင်းတွေ ကလည်း အဲဒီ တောင်စောင်းတွေမှာပဲ ဆောက်ကြတယ်။ အဲဒီလို ဆောက်တဲ့ အတွက်ကြောင့်လည်း ဒီမြေပြိုတဲ့ နှုန်းက ပိုမြန်လာစေပါတယ်ခင်ဗျ။
ဦးစိုးမိုးကျော်ဝင်းတို့ ပုပ္ပါး မြေပြိုတဲ့ နေရာတွေ သွား စစ်ဆေးကြတယ် ဆိုတော့ တွေ့ရှိချက်ကလေးတွေ ပြောပြပေးပါ။ ဘယ်နေရာမှာ အများဆုံးလဲ။
အောင်သိဓ္ဓိကုန်းပေါ့နော်။ အခုလောလောဆယ် အဲဒီနေရာက လောလောဆယ် မြေပြိုတဲ့ နေရာ ဖြစ်ပါတယ်။ အဓိက တွေ့တာကတော့ တောင်ကလပ်ကို သွားတဲ့ လမ်းက မီတာ ၁၂၀ လောက်က နိမ့်ဆင်းသွားပါတယ်။ ၂ ပေလောက်ပေါ့။ ၂ ပေလောက်နိမ့်ဆင်းသွားတယ်။ အဲဒီမြေပြိုတဲ့ ဇုံက ကျွန်တော်ရောက်တုန်းက တိုင်းတာ ထားတာကတော့ အကျယ်က မီတာ ၁၃၀ လောက် ရှိတယ်။ အရှည်ကတော့ မီတာ ၂၈၀ လောက် ရှိပါတယ်။ နောက်တခုကလည်း ဒီမြေပြိုတဲ့ ပုံကတော့ ကြက်ဥပုံကလေးပေါ့ သူ့ပုံစံကလေးက ကြက်ဥပုံလေး ဖြစ်နေပါတယ်။
အဲဒီနေရာမှာ ဒီလိုမြေပြိုရတဲ့ အကြောင်းရင်းလေးပြောပြပေးပါ။ ဘာတွေကြောင့် ဖြစ်လာသလဲ ဆိုတာ။
အဓိက အကြောင်းရင်းကတော့ မိုးများသွားတာ ခင်ဗျ။ ဒီနေရာမှာ ပြိုတဲ့ အကြောင်းပေါ့နော်။ မြေပြိုတာဟာ သဘာဝ ဖြစ်စဉ်ပါ။ နောက်ဒီနေရာဟာ အခုမှ ပြိုတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စပြီးတော့ မြေကြီးက ရွေ့နေတာ ဖြစ်ပါတယ်။ မိုးကြီးတယ် ဆိုရင် သူက ရွေ့သွားပါတယ်။ ပြီးရင် သူက ရပ်သွားပါတယ်။ ဒီလို ရွေ့လိုက် ရပ်လိုက် ဖြစ်နေတာကတော့ ကြာပါပြီ။ အခုဟာကလည်း အောက်တိုဘာ ၁၉ ရက်နေ့ မတိုင်ခင်က မိုးဆယ်ရက်လောက် ရွာတယ် ပြောပါတယ်။ အဲဒီလို ရွာတဲ့ အတွက် မြေကြီးထဲမှာ ရှိတဲ့ ground water ပေါ့နော်။ မြေအောက်ရေတွေရဲ့ အမြင့်တွေ တက်လာတယ်။ နောက်တခုက pore water pressure အဲဒါကျတော့ မြေကြီးထဲမှာ ရှိတဲ့ ရေရဲ့ ဖိအားတွေလည်း တက်လာတယ်။ အဲဒီလို တက်လာတဲ့ အတွက် ဒီမြေကြီးမှာ ရှိတဲ့ မြေသားတွေ ခံနိုင်ရည် ကျပြီးတော့မှ မြေကြီးကရွေ့သွားတာ ဖြစ်ပါတယ်။ ပုံမှန်ကတော့ သူက ရွေ့ပြီးရင်လည်း ဆက်တိုက် မရွေ့ပါဘူး။ သူက ရွေ့ပြီးတဲ့ အချိန်မှာ မြေကြီးထဲမှာ ရှိတဲ့ ရေတွေ ဘာတွေက ထွက်သွားပါတယ်။ ထွက်သွားလို့ ရှိရင် သူကရွေ့တာ နဲသွားပါတယ်။ အခုအချိန်မှာတော့ ဒီ ပုပ္ပါးတောင် မြေပြိုတဲ့ နေရာက ရွေ့လိုက်၊ ရေဖိအား ကျသွားရင်သူက နဲနဲလေးရပ်သွားလိုက်၊ တကယ်လို့ မိုးတခါ ထပ်ကြီးရင်တော့ ထပ်ရွေ့နိုင်ပါသေးတယ် ခင်ဗျ။
ဒီနေရာမှာက လူတွေလည်း နေနေကြတယ်။ ဘုန်းကြီးကျောင်းတွေလည်း ရှိတယ်။ ဒီနေရာမှာ အန္တရာယ် မဖြစ်အောင် ဘာတွေ လုပ်သင့်ပါသလဲ။
အန္တရာယ် မဖြစ်အောင်ကတော့ လုပ်စရာတွေ ကတော့ နည်းအမျိုးမျိုး ရှိပါတယ်။ ပထမဆုံး အနေနဲ့ကတော့ ကျွန်တော်တို့ကလည်း အခုမှ preliminary ပေါ့ ခဏပဲ ကျွန်တော်တို့က ဆင်းခဲ့တာလေ။ အခုအချိန်မှာတော့ သူ့ရဲ့ movement rate ဆိုတာ ဘယ်လောက်ရွေ့နေတယ် ဆိုတာကိုတော့ စပြီးတော့ တိုင်တာ နေပါတယ်။ ဆက်လက်ပြီးတော့မှ တကယ် စံနစ်တကျ လေ့လာမယ် ဆိုရင်၊ ကျွန်တော်တို့ တွင်းတွေ တူးရမယ်။ တွင်းတူးပြီးမှ မြေသားကိုကြည့်၊ ကြည့်ပြီးတော့ ဘယ်နေရာမှာ ပြိုနေတာလဲ၊ ပြတ်ရွေ့တွေက ဘယ်နေရာမှာ ဖြစ်နေတယ်။ ဘယ်လောက်နက်တယ်။ ဒါတွေကို ကျွန်တော်တို့ လေ့လာပြီးတော့မှ ရွေ့တာကို ရပ်သွားအောင် ဒါမှမဟုတ်လည်း လျော့နဲသွားအောင် ဘယ်လို ပြုပြင်သင့်တယ် ဆိုတာတွေ လုပ်လို့ ရပါတယ်။
အဓိက အောက်မှာ မြေပြိုနေတဲ့ဇုံထဲကို ဝင်နေတဲ့ ရေကို လျော့နဲအောင် လုပ်ရပါမယ်။ နောက်တခုကတော့ အဲဒီပတ်ဝန်းကျင်မှာ ကျွန်တော် ရောက်ခဲ့တုန်းကတော့ သဘာဝရေစီးဆင်းတဲ့ ချောင်းတွေပေါ့ခင်ဗျ၊ အဲဒါ တွေကလည်း လမ်းတွေ၊ အိမ်တွေ၊ ဆောက်လိုက်တဲ့အတွက် ပျောက်ကုန်ပါတယ်ခင်ဗျ။ ပျောက်ကုန်တော့ ဒီတောင်ပေါ်ကနေ ကျတဲ့ ရေတွေ အကုန်လုံးက အခုဆို ကျွန်တော်တွေ့တာတော့ မြေပြိုနေတဲ့ နေရာထဲကို စီးဝင်နေပုံရပါတယ်။ ဆိုတော့ အဲဒါတွေကိုလည်း ကျွန်တော်တို့က စံနစ်တကျနဲ့ လေ့လာပြီးတော့မှ မိုးရေတွေ ဘာတွေဆိုလဲ သူ့ဟာနဲ့သူ မြေမပြိုတဲ့ ဘက်ကိုဆင်းသွားအောင် surface drainage လို့ခေါ်ပါတယ်။ အဲဒါမျိုးတွေ စံနစ်တကျ ဆောက်ပေးလို့ ရပါတယ်။
နောက်တခုကလည်း အခု မြေပြိုတဲ့နေရာမှာ ထပ်ပြီးတော့ ဆိုးမသွားအောင် အပေါ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အထူးသဖြင့် အခုဆို လမ်းက ပျက်နေပါတယ်။ ပျက်နေတော့ ပုပ္ပါးတောင်ကလပ်ကို ကားတွေ ဆင်းလို့ မရဘူး ဖြစ်နေပါတယ်။ အဲဒီနေရာမှာ ထပ်ပြီးတော့ ဒီနိမ့်သွားတဲ့နေရာကို လမ်းပြင်မယ် ဆိုပြီးတော့ မြေသားတွေ ဘာတွေ ဖို့လိုက်လို့ ရှိရင် ရွေ့လျားမှုက ထပ်ပြီးတော့ မြန်ဆန်လာနိုင် ပါတယ်။
အဓိကက rate of movement ပေါ့။ ဘယ်လောက်ရွေ့နေတယ် ဆိုတာကို လေ့လာနေဖို့ အလွန်အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီ movement rate ကို တိုင်းတာနေလို့ရှိရင် ရွေ့နေတဲ့နေရာကြီးက နှေးသွားတာလား၊ မြန်လာတာလား။ တကယ်လို့နှေးသွားတယ် ဆိုရင် ဒါအိုကေ၊ အဲဒီပတ်ဝန်းကျင်မှာ နေတဲ့ လူတွေ safe ဖြစ်တယ်ပေါ့။ တကယ်လို့ မြန်လာတယ်။ ပိုပြီးတော့ပြို လာနိုင်တယ် ဆိုရင် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ဘုရားဖူးတွေ၊ ပြည်သူလူထုတွေ၊ ဆိုင်တွေကို နေရာပြောင်းပေးဖို့ ဘာညာ အာဏာပိုင်တွေနဲ့ စီစဉ်ရမှာ ဖြစ်ပါတယ်ခင်ဗျ။
နောက်တခုကတော့ အဆောက်အဦးတွေ ဘာတွေကတော့ နိုင်ငံခြားမှာလည်း ဒီလို တောင်စောင်းတွေမှာ develop လုပ်ထားတဲ့ နေရာ အများကြီး ရှိပါတယ်။ အဲဒီလို နေရာမျိုးတွေမှာ ဆောက်မယ် ဆိုရင် အဓိက ကတော့ စံနစ်တကျနဲ့ပဲ ဆောက်သင့်တယ်။ ဆောက်တဲ့ အခါမှာလည်း ဒီမြေပြိုမှုကို ပိုဖြစ်မလာအောင် စံနစ်တကျ တည်ဆောက်မယ် ဆိုရင် ပြိုတဲ့နှုန်းလျော့တာတို့ ၊ နောက်ထပ် ထပ်မပြိုတာတို့နဲ့ တားဆီး ကာကွယ်နိုင်ပါတယ် ခင်ဗျ။
ဘူမိအင်ဂျင်နီယာ ဒေါက်တာ စိုးမိုးကျော်ဝင်းပါ။