လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ရှင်သန်ပြီး အခုပျောက်ကွယ်နေပြီလို့ သတ်မှတ်ထားတဲ့ Coelacanth ငါးကြီးတွေဟာ အခုထိ ရှိနေဆဲဖြစ်ပြီး သက်ရှိ ရုပ်ကြွင်းလို့ ခေါ်ဆိုလေ့ရှိတဲ့ ဒီငါးတွေကို သိပ္ပံပညာရှင်တွေ ဘာကြောင့် ရှာဖွေနေကြတယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
Coelacanth တွေဟာ အသားစားသတ္တဝါဖြစ်ပြီး ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်မှာ ကျက်စားရှင်သန်တဲ့ ငါးမျိုးဖြစ်ပါတယ်။ ၆ ပေလောက် ရှည်ပြီး အလေးချိန်အားဖြင့် ပေါင် ၂၀၀ လောက်ထိ ရှိတဲ့ ငါးကြီးတွေ ဖြစ်ပြီး သူတို့ကို ပျောက်ကွယ်သွားတဲ့ မျိုးစိတ်လို့ အရင်က သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အခုထိ ရှင်သန်နေဆဲပဲလို့ အမေရိကန် သဘာဝသမိုင်းပြတိုက်က ပြတိုက်မှုး တဦးဖြစ်တဲ့ Oliver Crimmen ကပြောပါတယ်။
"ကျနော်တို့ဆီမှာ အရက်နဲ့စိမ်ထားတဲ့ ဆီလီကန့် (coelacanths) ငါး ၂ ကောင်ရှိပါတယ်။ ၁၉၃၈ ခုနှစ် မတိုင်ခင်ကဆို ရုပ်ကြွင်းကိုပဲ တွေ့ဘူးတာမို့ သူတို့ခုထိ ရှင်နေမယ်လို့ ဘယ်သူကမှ ထင်မထား ဘူး။ ဒီမှာတော့ ၂ ကောင်ကို ပြထားနိုင်ပါပြီ”
Coelacanth တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၆၀ လောက်က ရှင်သန်နေထိုင်တဲ့ ငါးမျိုးဖြစ် တာကြောင့် သူတို့ကို ရှားရှားပါးပါး အသက်ရှင်ရက်တွေ့ရတဲ့ အခါ သက်ရှိရုပ်ကြွင်းတွေလို့ တင်စား ခေါ်ဆိုလေ့ရှိပါတယ်။
လက်ရှိမှာ မျိုးစိတ်အားဖြင့် ၂ မျိုးရှိပြီး အာဖရိက အရှေ့ပိုင်း ကမ်းခြေတွေမှာ တွေ့ရတဲ့ အမျိုးကို အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း Coelacanth – Latimeria chalumnae လို့ခေါ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံ Sulawesi ကမ်းလွန်မှာ တွေ့ရလေ့ရှိတဲ့ အမျိုးကိုတော့ အင်ဒိုနီးရှား Coelacanth – Latimeria menadoensis လို့ ခေါ်ပါတယ်။ သူတို့ဟာ အရင်တုန်းကတော့ မျိုးစိတ်ပေါင်း ၁၂၀ ကျော် ရှိပြီး ရုပ်ကြွင်းအဖြစ်သာ မှတ်တမ်းတင်နိုင်ခဲ့တာပါ။
ဒီ Coelacanth ငါးတွေဟာ ထူးခြားတဲ့အတွက် သိပ္ပံပညာရှင်တွေက သေသေချာချာ လေ့လာ ချင်ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၆၅ သန်းလောက်ကတည်းက ကွယ်ပျောက်သွားတဲ့ ငါးမျိုးဖြစ်ကြောင်း မှတ်တမ်းတင်ထားတာဖြစ်ပြီး ပထမဆုံး သူတို့ကို အသက်ရှင်ရက် စတွေ့ရတာ ကတော့ ၁၉၃၈ ခုနှစ်က ဖြစ်ပါတယ်။ အနောက်အိန္ဒိယသမုဒ္ဒရာနေ Coelacanth မျိုးကို တောင်အာဖရိကမှာ တွေ့ခဲ့တာပါ။ ဒုတိယ အသက်ရှင်ရက်တွေ့ရတဲ့ မျိုးစိတ်က အင်ဒိုနီးရှားက Coelacanth မျိုးစိတ်ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က အင်ဒိုနီးရှား ဈေးထဲမှာ ရောင်းနေတာ တွေ့ခဲ့ရပြီး နောက်တနှစ်မှာတော့ အသက်ရှင်ရက် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဒီငါးတွေဟာ သတ္တဝါတွေရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာတဲ့ ဖြစ်စဉ်ကို လေ့လာရာမှာ သိပ်အရေးပါတာကြောင့် သူတို့ဟာ ပျောက်နေတဲ့ ကွင်းဆက်တခုလို့ လည်း Oliver Crimmen ကပြောပါတယ်။
"အရိုးရှိတဲ့ငါးတွေကနေ ခြေလေးချောင်းနဲ့ လူအပါအဝင် ကျောရိုးရှိသတ္တဝါတွေအဖြစ် အဆင့်ဆင့်ပြောင်းလဲမှုမှာ ဒီငါးမျိုးက ပျောက်နေတဲ့ ကွင်းဆက်တခု ဖြစ်တာကြောင့် သူတို့က တကယ့် မျှော်လင့်ချက်ပါ။ သူတို့ကို ရုပ်ကြွင်းအနေနဲ့ပဲ တွေ့ဘူးခဲ့တဲ့အတွက် သူတို့ဟာ ပျောက်ကွယ် သွားရာကနေ ပြန်ရှင်သန်လာတဲ့ သဘောဖြစ်နေပါတယ်။”
ရေနေသတ္တဝါလေးတွေကနေ တဖြေးဖြေး ကုန်းပေါ်နေတဲ့ သတ္တဝါအဖြစ် တိုးတက်ပြောင်းလဲ လာတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၃၉၀ လောက်မှာ Coelacanth တွေ အဆုပ်ပါငါးတွေနဲ့ ခြေလေးချောင်းပါ သတ္တဝါတွေ အဖြစ် ကွဲပြားလာခဲ့တာ ဖြစ်ပါတယ်။
Coelacanth တွေရဲ့ ထူးခြားချက်က ရေယက် ၄ ခုဖြစ်ပါတယ်။ ဒီရေယက်တွေဟာ သူတို့ ခန္ဓာကိုယ် ကနေ ဆန့်ထုတ်နိုင်ပြီး ခြေလေးချောင်းပါ သတ္တဝါတွေ မြေပေါ်မှာသွားသလို ရွေ့လျားနိုင်တာပါ။
ဒါ့အပြင် သူတို့ရဲ့ မေးရိုးတွေကလည်း ထူးခြားပါတယ်။ အကျယ်ကြီးဟနိုင်တဲ့အတွက် ကြီးမားတဲ့ သားကောင်ကို ဖမ်းစားနိုင်ပါတယ်။
ကျောရိုးရှိသတ္တဝါနဲ့ ကွာတာကတော့ သူတို့ရဲ့ ကျောရိုးဟာ အခေါင်းဖြစ်နေပြီး အဆီတွေနဲ့ ပြည့်နေ တာဖြစ်ပါတယ်။ သူတို့ရဲ့ နှာခေါင်းတဝိုက်က rostral organ လို့ခေါ်တဲ့ အပိုင်းမှာ
အာရုံခံနိုင်တဲ့ စံနစ်ရှိပြီး သားကောင်ကို ရှာဖွေနိုင်သလို အတားအဆီးတွေကိုလည်း ရှောင်နိုင်ဖို့ သုံးကြပါတယ်။
နောက်ထူးခြားချက် တခုက သူတို့ရဲ့ ဦးနှောက်ဟာ ခေါင်းခွံရဲ့ ၁.၅ % သာရှိပြီး ကျန်နေရာတွေမှာ အဆီတွေနဲ့ ပြည့်နေတာပါ။
Coelacanth အမဟာ သန္ဓေသားကို တခါတလေမှာ ၃ နှစ်လောက်အထိ လွယ်ထားတတ်ပြိး ငါးသားပေါက်ကလေးတွေကို အကောင်လိုက် မွေးထုတ်တာ ဖြစ်ပါတယ်။ တခါတုန်းက ဖမ်းမိခဲ့တဲ့ Coelacanth တကောင်ကို ခွဲစိတ် လေ့လာကြည့်တဲ့အခါမှာ အထဲမှာ ငါးသားပေါက်ကလေး ၅ ကောင် တွေ့ခဲ့ရတာပါ။
Coelacanth ငါးတွေကို ဂူအောင်း သတ္တဝါလို့ ခေါ်လေ့ရှိပါတယ်။ နေ့အခါမှာ ရေအောက်က ကျောက်ဂူတွေ၊ အခေါင်းပေါက်တွေ၊ ကျောက်ချပ်ကြားတွေမှာ ငြိမ်ငြိမ်လေး အိပ်နေလေ့ရှိပြီး ညနေစောင်းလောက်မှာ အစာရှာစားလေ့ရှိပါတယ်။ အများအားဖြင့် ငါးတို့ ရေဘဝဲတို့ ရေခူတို့ကို စားလေ့ရှိပါတယ်။ သူတို့ဟာ ပင်လယ်ကြမ်းပြင် တဝိုက်မှာ ရွေ့လျား သွားလာ ကျင်လာကျက်စားတာ ဖြစ်ပြီး ညဘက် သူတို့ အစာရှာ ထွက်ချိန်မျိုးမှာ ၄ မိုင်လောက် အထိ သွားလာလေ့ရှိပါတယ်။ သူတို့ နေ့အခါ ခိုနားဖို့ ဂူတွေ့ရင်တော့ အဲဒီမှာ ခိုနားတတ်ပါတယ်။ ခိုနားရာ တနေရာထဲမှာ Coelacanth အကောင်ပေါင်း တဒါဇင်လောက် အတူနေလေ့ရှိပြီး တကောင်နဲ့ တကောင် တိုက်ခိုက်တာမျိုးတော့ မတွေ့ရဘူူးလို့ သူတို့ကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အိန္ဒိယ သမုဒ္ဒရာထဲက စီရှီလိစ် (Seychelles) ကျွန်းတွေဟာ ဆိုမာလီယာနဲ့ ကင်ညာ ကမ်းရိုးတန်းတွေ နဲ့ မိုင်ရာချီဝေးတဲ့နေရာမှာ တည်ရှိပါတယ်။ ဒီကျွန်းတွေဟာ လူသူ အရောက်ပေါက် နဲတဲ့အတွက် သဘာဝအတိုင်းရှိနေတာကြောင့် သုတေသနအတွက် သိပ်သင့်တော်တဲ့ ဒေသ ဖြစ်နေပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ အဲဒီဒေသတွင်းက သန္တာကျောက်တန်းတွေကို လေ့လာတာနဲ့ ပလပ်စတစ်အန္တရာယ် စောင့်ကြည့်တာအပြင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက အသက်ရှင်နေထိုင်ခဲ့တဲ့ ငါးတွေရှာဖွေဖို့ပါ စိတ်အား ထက်သန်နေကြပါတယ်။
အဲဒီထဲမှာ Oxford တက္ကသိုလ်က သုတေသန ပညာရှင်တွေနဲ့အတူ Nekton အဏ္ဏဝါသုတေသန အဖွဲ့က စီရှီလိစ် (Seychelles) ကျွန်းတဝိုက်ကို လေ့လာဖို့ လုပ်နေပါပြီ။ သူတို့ဟာ အိန္ဒိယ သမုဒ္ဒရာထဲက Seychelles ကျွန်းတွေရဲ့ ရေနက်ပိုင်းတွေထဲမှာ coelacanth ငါး ရှာပုံတော် ဖွင့်ကြတော့မှာပါ။