မြန်မာနိုင်ငံမှာ ၂၀၁၆ ဧပြီလ ၁၉ ရက်နေ့က စပြီး တပါတ်လောက်အတွင်း မြို့နယ်ပေါင်း ၄၀ ကျော်မှာ မိုးသီးမုန်တိုင်းဒဏ် ကြောင့် လူပေါင်း ၁၆ ယောက် သေဆုံးခဲ့ရသလို တိရိစ္ဆာန် သေဆုံး ဆုံးရှုံးမှုလည်း များပြားခဲ့ပါတယ်။ အိုးအိမ်ပေါင်း တသောင်းကျော်နဲ့ စေတီ အဆူပေါင်း ၂ ထောင်နီးပါး အပြင် ကချင်ပြည်နယ်ထဲက ဒုက္ခသည် စခန်း တချို့ ပျက်စီးရတဲ့ အထိ မိုးသီးမုန်တိုင်း ဒဏ် ခံခဲ့ရတာပါ။
နိုင်ငံတဝှမ်း အပူရှိန် ၁၀၄ ဒီဂရီ ဝန်းကျင်ခံစားနေရချိန်မှာ မိုးသက်လေပြင်း တိုက်ပြီး ဂေါက်သီးအရွယ် လောက်အထိ ကြီးတဲ့ မိုးသီးတွေ အရှိန်ပြင်းပြင်းနဲ့ ကျခဲ့တာဖြစ်ပါတယ်။ အိမ် သွပ်ခေါင်မိုးတွေ အပေါက်တွေ ဖြစ်လောက်အောင် ပြင်းထန်ခဲ့တာပါ။
အခုလို မိုးသီးကြွေတဲ့ မိုးသည်းထန်စွာရွာစေတဲ့ မိုးတိမ်ဟာ အကြမ်းဖျင်း အားဖြင့် တိမ်အမျိုးအစား ဆယ်မျိုးလောက်ရှိတဲ့ထဲက cumulonimbus လို့ခေါ်တဲ့ တိမ်အမျိုးအစားထဲမှာ ပါတယ်လို့ ရူပဗေဒ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။ ဒီမိုးတိမ်မျိုးမှာဆို ရေပမာဏ ပါဝင်နှုံးက သိပ်များပါတယ်။ မြေပြင်ကနေ အမြင့်ပေ ၄ ထောင်ကနေ ၅ သောင်းလောက် အထိအမြင့်မှာ ရှိတတ်ပါတယ်။
အမြင့်ပေ တထောင်လောက် အပေါ်ကို ရောက်သွားတိုင်း အပူချိန်က ၃ ဒီဂရီ စင်တီဂရိတ်လောက် ကျဆင်းသွားတတ်ပါတယ်။ အမြင့်ပေ ၃ သောင်းလောက် ရောက်သွားရင်တော့ လေထုဟာ အနှုတ် ၅၅ ဒီဂရီလောက် အထိ အေးသွားနိုင်ပါတယ်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဖက်က လေအေးတွေ ဝင်လာချိန်မှာ စစ်ကိုင်းတိုင်းလို ကုန်းတွင်းပိုင်း အလယ်ပိုင်းမှာ အပူရှိန်က သိပ်များနေမယ်ဆိုရင် ဖြတ်လာတဲ့ လေအေးစီးကြောင်းကနေ မြေပြင်က ရေပူ ရေခိုး ရေငွေ့တွေကို သယ်ဆောင်ပြီး မိုးတိမ်ထုထဲ ရောက်သွားစေတာပါ။ သူသယ် ဆောင်တဲ့ ပုံစံကလည်း အပေါ်ကို တနာရီ မိုင် ၃၀- ၄၀ ကနေ မိုင်တရာလောက်ပြင်းတဲ့ အရှိန်နဲ့ သယ်သွားတာမျိုးဖြစ်ပါတယ်။ ဒီအခါမှာ ရေခိုးရေငွေ့ဟာ မိုးရေစက်တွေ အဖြစ်ပြောင်းသွားနိုင်ပါတယ်။
တကယ်လို့ ဒီရေခိုးရေငွေ့တွေကို သိပ်လျှင်မြန်တဲ့ နှုံးနဲ့ အထက်ကို ပင့်ပြီး သယ်မသွားရင် မိုးရိုးရိုး ရွာချစေပါတယ်။ ဒါပေမယ့် သိပ်မြန်တဲ့ အရှိန်နဲ့ သယ်သွား တဲ့ အခါမျိုးမှာ မိုးဖြစ်မယ့် ရေစက်တွေဟာ ပေ ၃ သောင်းလောက် အရောက်မှာ စခဲနိုင်ပါတယ်။ ဒီ့ထက်ပိုပြီး အထက်ကို အရှိန်နဲ့ ဆက်တက်နေမယ် ဆိုရင်တော့ ရေခဲမဖြစ်သေးပဲ super cool water အခြေနေ ရောက်သွား နိုင်တယ်လို့ ဆိုပါတယ်။ ဒီအခြေနေမှာ ရှိနေတဲ့ ရေခဲမှုန်လေးတွေဟာ အောက်က အရှိန်နဲ့ တက်လာတဲ့ ရေခဲမှုန်လေးတွေနဲ့ တွေ့ပြီး ထိလိုက်တိုင်း အရွယ်အစားဟာ တရစ်ပြီးတရစ် တဖြေးဖြေး ကြီးထွား လာပြီး မိုးသီးဖြစ်လာစေတာပါ။
ဒီမိုးသီးတွေ ကြွေကျတဲ့အခါ အရှိန်သိပ်ပြင်းတာမို့ အောက်မှာ ရှိတဲ့ လူနဲ့ တိရိစ္ဆာန်တွေ အတွက် အန္တရာယ် ကြီးပါတယ်။ တနာရီကို မိုင်တရာလောက် နှုံးနဲ့ ကျလာတဲ့ လက်သီးဆုပ်အရွယ်လောက် မိုးသီးဆိုရင်တော့ အသက်ပါ ဆုံးနိုင်တဲ့ အနေထားပါ။
မိုးသီးကြွေကျဖို့ အခွင့်အလန်း များတဲ့ နေရာမျိုးဟာ ပင်လယ်ရေ မျက်နှာပြင် ထက်မြင့်တဲ့ ကုန်းတွင်းပိုင်း ဒေသတွေ ဖြစ်တဲ့ Colorado Nebraska နဲ့ Kansas ပြည်နယ်တွေ ဖြစ်ပါတယ်။ အရွယ်အစားကလည်း ကျွဲကောသီးလောက် ရှိတတ်ပါတယ်။ မိုးသီးကြောင့် ပျက်စီးဆုံးရှုံးရမှုကလည်း ကုဋေနဲ့ ချီ ရှိတတ်ပါတယ်။ အခုချိန်အထိ အရွယ်အစား အကြီးဆုံး အဖြစ် သတ်မှတ်ထားတဲ့ မိုးသီးက တော့ ၂၀၁၀ တုန်းက တောင်ဒါကိုတာပြည်နယ် မှာတွေ့ခဲ့တာပါ အချင်း ၈ လက်မလောက်ရှိပြီး အလေးချိန်က ၂ ပေါင်လောက် လေးပါတယ်။
မိုးသီးတွေဟာ ကောင်းကင်က ကျလာတာမို့ သန့်ရှင်းတယ်လို့ ထင်ပါသလား။ Denmark နိုင်ငံ Aarhus တက္ကသိုလ်က သုတေသန ပညာရှင်တွေကတော့ Slovenia မှာ ၂၀၀၉ ခုနှစ်က တိုက်ခတ်တဲ့ မိုးသီးမုန်တိုင်းနဲ့ အတူ ပါလာတဲ့ မိုးသီး အလုံးပေါင်း ၄၀ ကျော်ကို စမ်းသပ်ခဲ့ကြတာပါ။ သူတို့ရဲ့ စမ်းသပ်မှုကနေ မိုးသီးတွေထဲမှာ အပင်တွေမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယား ပိုးမွှားမျိုးစိတ် ၇ မျိုး၊ မြေဆီလွှာမှာ တွေ့ရတတ်တဲ့ ဓါတု ဒြပ်ပေါင်း အမျိုးပေါင်း ၃ ထောင်ကျော် ပါဝင်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။
(World largest hail stone is found in South Dakota in 2010. It measured 8.0” in diameter, 18 ½” in circumference, and weighed in at 1.9375 pounds)