သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဂရက်ဖင်း သုတေသန


Graphene microphone
Graphene microphone

ဗြိတိန်နိုင်ငံ Manchester တက္ကသိုလ်က ပါမောက္ခ ၂ ဦးဟာ စာရွက်တရွက်ရဲ့ တသန်းပုံ တပုံလောက်ပဲ အထူရှိတဲ့ ဂရက်ဖင်းကို တွေ့ခဲ့တဲ့အတွက် ၂၀၁၀ မှာ ရူပဗေဒ နိုဗယ်ဆုရခဲ့ပါတယ်။ ဒီလောက်သေးငယ်တဲ့ ဂရက်ဖင်းကို သင်ကြားရေး အထောက်အကူပစ္စည်း ပြည့်ပြည့်စုံစုံ မရှိတဲ့ မြန်မာနိုင်ငံမှာ အခု သုတေသန လုပ်နေကြတာ ဖြစ်ပါတယ်။

စိန်ထက် အဆပေါင်းများစွာ ခိုင်မာတဲ့ ဂရက်ဖင်းဟာ ပေါ့ပါးပြီး အရွယ်အစားက သိပ်ကို သေးငယ်ပါတယ်။ သူ့ကို လျှပ်စ်ပစ္စည်းတွေမှာ သုံးရင်လည်း အခုသုံးနေကြတာ ထက် အဆပေါင်း ၂၀၀ ကျော် ပိုမြန်မြန် လျှပ်ကူးနိုင်တာပါ။ သိပ္ပံပညာမှာသာမက လူသားတွေရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဘဝကိုပါ ပြောင်းလဲသွားစေနိုင်မယ့် ဂရက်ဖင်းကို ကမ္ဘာတလွှား သိပ္ပံပညာရှင်ပေါင်းများစွာ သုတေသနပြုနေကြတဲ့ အထဲမှာ အခု မြန်မာနိုင်ငံမှာပါ အစပျိုးလာတာ ဖြစ်ပါတယ်။

ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာပညာရှင် တချို့က ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကူညီတွေ ပေးနေကြပါတယ်။ ဒီအထဲက ဂရက်ဖင်း သုတေသန လုပ်ရာမှာ အကူညီပေးနေသူ တဦးကတော့ Illinois တက္ကသိုလ်က ရူပဗေဒပညာရှင် ဒေါက်တာဝင်းသာထွေးပါ။

၂၀၁၄ ကစပြီး မြန်မာနိုင်ငံမှာ ဂရက်ဖင်းနဲ့ ပါတ်သက်တဲ့ သုတေသနတွေ လုပ်ဖို့ စကျိုးစားကြတာ ဖြစ်ပြီး မရှိရှိတဲ့ ပစ္စည်းတွေနဲ့ စလုပ်ဖို့ ပြည်တွင်းက ဆရာဆရာမတွေနဲ့ တိုင်ပင်ပြီး ဂရက်ဖင်းရအောင် အရင်ဖန်တီးကြတယ်လို့ ဆိုပါတယ်။ ဂရက်ဖိုက်လို့ခေါ်တဲ့ ခဲကို အလွှာလေးတွေ ရအောင်ခွါရင်း နောက်ဆုံး တလွှာတည်းကျန်တဲ့အခါ ဂရက်ဖင်းကို ရပါတယ်။ ဒီဂရက်ဖင်းကို ဆီလီကွန်နဲ့ ပေါင်းပြီး နောက်ဆုံးပေါ် ခေတ်မီပစ္စည်းတွေ ဖန်တီးနေကြတာမို့ ဂရက်ဖင်းဟာ အတော်လေး ရေပန်းစားနေတာပါ။

ဒါ့ကြောင့် ဂရက်ဖင်းရအောင် ဓါတုဗေဒနည်း တခုဖြစ်တဲ့ chemical exfoliation နည်းနဲ့ စမ်းသပ်ကြည့်ရာမှာ အောင်မြင်မှု ရခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဆရာဆရာမတွေအတွက် သုတေသနစာတမ်းတွေ ပြုစုဖို့ အစပျိုးနိုင်ခဲ့ သလို သိပ္ပံစာတမ်းဖတ်ပွဲတခုမှာလည်း ပထမဆုချီးမြှုင့်တာ ခံခဲ့ရပါတယ်။

အင်မတန်သေးငယ်တဲ့ ဂရက်ဖင်း လို နာနိုနည်းပညာကို အခုလို စမ်းသပ်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ သင်ကြားရေး အထောက်အကူပစ္စည်းက သိပ်ပြည့်စုံလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် အီလက်ထရွန် မိုက်ခရိုစကုပ်တွေ၊ XRD X-ray Diffraction တွေလို အသေးစိတ် အမြန်တိုင်းတာ နိုင်တဲ့ စက်ကရိယာတွေဟာ တက္ကသိုလ်များ ဗဟိုသုတေသနဌာန URC နဲ့ တချို့ကျောင်းတွေမှာ ရှိနေတာမို့ သုတေသန လုပ်ဖို့ ဂရက်ဖင်း တကယ် ရမရ ဒီစက်တွေ ရှိရာ ရန်ကုန် မန္တလေး တက္ကသိုလ်တွေကို ပို့ပြီး စစ်ဆေးခဲ့တယ်လို့ လည်း ပြောပါတယ်။

လက်ရှိ မဖွံ့ဖြိုးသေးတဲ့ မြန်မာနိုင်ငံမှာ သုတေသနလုပ်တဲ့ အခါ ရှိရင်းစွဲ ဘာပစ္စည်းတွေ ရှိတယ်ဆိုတာကို အရင်လေ့လာ ပြီးမှ ဘယ်လို ပစ္စည်းရအောင် လုပ်ယူမယ် ဆိုတာကို ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ဂရက်ဖင်းနဲ့ ဂရက်ဖင်းအောက်ဆိုက်ကို ရအောင် လုပ်နိုင်နေပြီမို့ သူ့ရဲ့ ရူပ၊ ဓါတု ဂုဏ်သတ္တိတွေကို လက်တွေ့ လေ့လာနိုင်ပြီ ဖြစ်သလို နောက်တဆင့်တက်ပြီး ဆီလီကွန်နဲ့ တခြား ဓါတုပစ္စည်းတွေ၊ တွင်းထွက်တွေ၊ သတ္တုတွေနဲ့ တွဲပြီး စမ်းသပ်သုတေသနတွေ အများအပြားလည်း လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေနဲ့ ပိုမိုအားကောင်းပြီး အသုံးတဲ့မယ့် sensor အာရုံခံစက်ကလေးတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ နေရောင်ခြည်သုံး ဆိုလာ cells တွေ အထိ စမ်းသပ်ဖို့လည်း ရှိတယ်လို့ ပြောပါတယ်။

XS
SM
MD
LG