သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ပိုင် လယ်ယာစိုက်ပျိုးရေး စံနစ်


myanmar farmer
myanmar farmer

လယ်ယာစိုက်ပျိုးရေး တိုးတက်စေဖို့ မြန်မာနိုင်ငံမှာ သင်ကြားရေးပုံစံ၊ အထူူးသဖြင့် စိုက်ပျိုးရေး ပညာ သင်ကြားပေးနေတဲ့ ကျောင်းတွေမှာ စပြီး စံနစ်တကျ ပြောင်းလဲပေးစေချင်တယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ရေဇင်းစိုက်ပျိုးရေး ကျောင်းအုပ်ကြီးဟောင်း ဆရာဆလိုင်း ထွန်းသန်းက ပြောပါတယ်။

တနှစ်အတွက် အအောင်အရှုံးကို အတန်းတင် စာမေးပွဲကြီးနဲ့ ပိုင်းဖြတ်နေတဲ့ စံနစ်ကို အခုထိ သုံးနေသေးတာကြောင့် စာမေးပွဲဖြေခါနီး အနှောက်ယှက် အစုံတရာတွေ့ရတဲ့ ကျောင်းသားအတွက် သူ့ရဲ့ ပင်ကိုယ် အရည်အသွေးမှန်ကို မသိနိုင်တာမို့ ဒါကို ပထမဆုံး ပြုပြင်ပေးဖို့လိုတယ်လို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာ တခုကတော့ သူတို့ရဲ့ လယ်ယာမြေတွေ အသိမ်းခံနေရတာဖြစ်ပါတယ်။ စိုက်ပျိုးရေး ကဏ္ဍ တိုးတက်စေဖို့အတွက် တောင်သူလယ်သမားတွေမှာ ကိုယ်ပိုင်လယ်မြေတွေ ရှိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ လက်မှု လယ်ယာအဆင့်မှာပဲ ရှိနေတာ တွေ့ရသလို လယ်ယာတွေမှာ ရေဝင်ရေထွက် မကောင်းတာကစပြီး ပြုပြင်စရာတွေ အများကြီး တွေ့ရတယ်လို့ ပြောပါတယ်။ လယ်ယာမြေအတွက် အချက် ၃ ချက်နဲ့ ပြည့်စုံဖို့ လိုပါတယ်။ လယ်ကွက် တခုကို ကိုယ်လိုချင်သလို ပြင်နိုင်ဖို့အတွက် လယ်ကွက်မှာ အချိန်မရွေး ရေသုံး နိုင်ဖို့ လိုသလို၊ အချိန်မရွေး ရေပြန်ထုတ်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အချိန်မရွေးလည်း လယ်ကွက်ကို သွားနိုင်ဖို့ လိုတာပါ။ ဥပမာ လယ်ကွက်တခုဟာ တခြားလူတွေရဲ့ လယ်ကွက်တွေ ကြားမှာ ရောက်နေရင် ကိုယ်က စောပြီး စိုက်ပျိုးနိုင်လို့ ရိတ်သိမ်းမယ်ဆိုရင် ဖြစ်စေ၊ နောက်ကျမှ စိုက်နိုင်ခဲ့ရင် ဖြစ်စေ ကိုယ့်အတွက် အခက်အခဲတွေ အများကြီး ဖြစ်လာစေတာ မျိုးပါ။

လယ်ယာစိုက်ပျိုးမှုအတွက် ဥရောပမှာ ဟိုအရင်ခေတ်တွေကသုံးလေ့ရှိတဲ့ open field system စံနစ်မျိုးကိုပဲ မြန်မာနိုင်ငံမှာ သုံးနေသေးတာ တွေ့ရတယ် လို့ပြောပါတယ်။ အဲဒီစံနစ်မှာ ကိုယ့်ဝင်းကိုယ့်ခြံခတ်ပြီး ကိုယ်ပိုင်လယ်ယာ စိုက်ပျိုးတာမျိုးမရှိပါဘူး။ တချိန်ထဲ အများစုပေါင်း လုပ်ကိုင်တဲ့ စံနစ်မျိုးဖြစ်ပါတယ်။ အဲဒီစံနစ်ထက် အခုနောက်ပိုင်း နိုင်ငံအများအပြားမှာ သုံးလာကြတဲ့ ကိုယ်ပိုင်လယ်ယာ စိုက်ပျိုးတဲ့ စံနစ်မျိုး enclosure system ကို အားပေးသင့်တယ်လို့ ပြောပါတယ်။ အဲဒီစံနစ်ကြောင့် အနောက်နိုင်ငံတွေက လယ်သမားတွေ ကိုယ်စိုက်ချင်တာကို ကိုယ်ရွေးပြီး ကိုယ့်အားထုတ်မှု အလျှောက် ကြီးပွါးတိုးတက်မှု ရနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ စံနစ်နဲ့ စိုက်နေကြသူတွေ အနေနဲ့ ရေဝေကုန်းတန်း တနေရာစာ တကွက်ကို ကိုယ်ပိုင်စိုက်ပျိုးရေးစံနစ် သုံးပြီး စတင်စမ်းသပ်ကြည့်သင့်တယ်လို့ အကြံပေးပါတယ်။ ဒါ့အပြင် တောင်သူဟာ ရွာနဲ့ မနေပဲ ကိုယ့်စိုက်ခင်းမှာ ကိုယ် နေနိုင်အောင် ကျိုးစား ကြည့်စေချင်တယ်လို့လည်း ပြောပါတယ်။ စိုက်ပျိုးရေး နားလည်သူတွေဟာ ဘုံစားကျက်နဲ့ စုပေါင်းလုပ်မယ့် အစား ကိုယ့် စိုက်ခင်းမှာ ကိုယ်ကြိုက်တဲ့ အပင် ကိုယ်စိုက်၊ ကိုယ်မွေးချင်တဲ့ အကောင်ကို ကိုယ်မွေး ပြီး ကိုယ်ပိုင် လယ်ယာ ထူထောင်ဖို့ လည်း တိုက်တွန်းပါတယ်။

XS
SM
MD
LG