ဆည်တခု တည်ဆောက်တော့မယ်ဆိုရင် အကျိုးရှိတဲ့ ဆည်တခုဖြစ်လာစေဖို့ ဘာတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
၂၀ ရာစု အစောပိုင်းကစပြီး ကမ္ဘာ့နိုင်ငံတွေမှာ ဆည်တွေ အပြိုင်အဆိုင်ဆောက်ခဲ့တာ ဖြစ်ပြီး တရုတ်တနိုင်ငံထဲမှာတင် ဆည်ကြီးပေါင်း ၂ သောင်းကျော် ရှိနေတာပါ။ ဒီဆည်တွေတည်ဆောက်လို့ရတဲ့ အကျိုးအမြတ်တွေကို ၁၉၉၀ နှစ်ကုန်လောက်ရောက်မှ ဆန်းစစ်ဖို့ သတိရကြတာဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ မှာတင်သွင်းတဲ့ ကမ္ဘာ့ဆည်တွေနဲ့ပတ်သက်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာထဲမှာတော့ ကောင်းကျိုးထက် ဆိုးကျိုးကပိုနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ခဲ့သမျှ ဆည်ကြီးအားလုံးနီးပါးအတွက် ထင်သာမြင်သာ အသိပေးကြေညာတာမျိုး မရှိသလို ကုန်ကျစရိတ်က % ၅၀ ကျော် ပိုကုန်တာ၊ လယ်ယာမြေအတွက် ဖြစ်စေ မြို့နေလူထုအတွက် ဖြစ်စေ ရေပေးဝေဖို့ သတ်မှတ်ထားတဲ့ ပမာဏထက် နည်းပြီးပေးနိုင်တာ၊ ပတ်ဝန်းကျင် ထိခိုက်မှု ရှိစေတာတွေ တွေ့ရတယ်လို့ ဖေါ်ပြထားတာပါ။ ဆည်တွေကြောင့် ကန္တာရဝန်းကျင် စိမ်းလန်းရမယ့်အစား ရေနက်ကွင်းတွေကို ခန်းခြောက်စေပြီး ကန္တာရ အဖြစ်ရောက်သွားစေတာမျိုး ရှိနေသလို ဆည်ရေသွင်း စံနစ်နဲ့ စိုက်ပျိုးနေတဲ့ မြေဧက စုစုပေါင်းရဲ့ လေးပုံတပုံဟာ ဆားပေါက်ကုန်တာမျိုးတွေ တွေ့နေရပါတယ်။
ဒီလိုမဖြစ်စေဖို့ ဆည်ကို လိုအပ်မှဆောက်ဖို့ လုပ်ရမှာဖြစ်တဲ့အပြင် လိုအပ်လို့ ဆောက်မယ်ဆိုရင်လည်း ဆည်ဆောက်မယ့် ဒေသရဲ့အချက်လက်တွေကို သိအောင် လုပ်ဖို့ လိုတယ်လို့ အင်ဂျင်နီယာ ဘူမိဗေဒ ပညာရှင် ဦးသိန်းပိုင်က ပြောပါတယ်။
ဦးသိန်းပိုင်။ ။ “ဆည်ဆောက်တယ်ဆိုတာ ရေလုံအောင်လှောင်နိုင်ဖို့လည်း လိုတာကိုး။ ဆည်ကိုရေလှောင်လိုက်တယ်။ လှောင်လိုက်တဲ့ရေတွေက မြေအောက်ကနေ အကြောင်းကြောင်းကြောင့် ပြန်စိမ့်ထွက်သွားမယ်။ အဲဒါဆိုရင်လည်း ရေမတင်နိုင်ဘူး။ နောက်တခါ မိုးရေချိန်၊ ဆည်တခု ဆောက်တယ်ဆိုတာက အဓိက-က ရေကိုလှောင်ပြီး ဆောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီဧရိယာရဲ့ ရမယ့် မိုးရေချိန်ကလည်း အရမ်းကို အရေးကြီးတယ်။ technically ပြောမယ်ဆိုရင်တော့ hydrology data တွေ ပေါ့နော်၊ အဲဒါတွေက မှန်ကန်ဖို့လိုပါတယ်။”
“ဆည်ဆောက်တယ်ဆိုတာ အဲဒီအပေါ်မှာ အခြေတည်ပြီးတော့မှ ဒီဇိုင်းကိုလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆည်ကြီးကကြီးနေပြီးတော့ မိုးကမရွာရင် ရေမဝင်ဘဲနဲ့ ရေကျန်တာသာလောက် လှောင်ဖြစ်သွားတဲ့ ဟာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ကြက်မောက်တောင်ဆည်ကတော့ ဗမာပြည်ရဲ့တော်တော် စောစောပိုင်းမှာဆောက်ခဲ့တဲ့အတွက် နည်းပညာလိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ fault လိုင်းပေါ်မှာ မတော်တဆသွားကျတဲ့ဟာမျိုးလည်း ရှိတယ်။ နောက်ပိုင်းမှာ ဗမာပြည်အလယ်ပိုင်းက မိုးခေါင်လာတဲ့အတွက် ရေကလည်း ထင်ထားသလို မဝင်တဲ့အတွက်ကြောင့် ဆည်က over design လို ဖြစ်ပြီးတော့မှ ရေကလည်း လိုသလောက် မလှောင်နိုင်ဘူး၊ မပေးနိုင်ဘူး- အဲလိုပုံစံမျိုး ဖြစ်သွားတာပါ။”
ဆည်တည်ဆောက်တဲ့ နေရာမှာ ဘာတွေ လုပ်ဖို့လိုအပ်ပါသလဲ။
ဦးသိန်းပိုင်။ ။ “ဆည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျနော်တို့က အဆင့်သုံးဆင့်ရှိတယ်။ ပထမအဆင့်က စူးစမ်းလေ့လာတဲ့အဆင့်ပေါ့လေ။ စူးစမ်း လေ့လာတဲ့အဆင့်မှာရတဲ့ အချက်အလက် ဒေတာတွေအပေါ်မူတည်ပြီးတော့ ဒီဇိုင်းဆွဲပြီးတော့ ဒုတိယအဆင့်က တည်ဆောက်တဲ့အဆင့် Construction အဆင့်ပေါ့လေ။ အားလုံးပြီးသွားပြီဆိုလို့ရှိရင် ဒီဆည်တွေကို function လုပ်ပြီးတော့ ဆက်လက် ထိန်းသိမ်းရတဲ့အဆင့်ပေါ့။ အဲဒီအဆင့်သုံးဆင့်မှာ အဆင့်တိုင်းက သူ့ဟာနဲ့သူ အရေးကြီးပါတယ်။”
ဆည်တည်ဆောက်တော့မယ်ဆိုရင် ဒေသတခုရဲ့ အချက်အလက်တွေကို စူးစမ်းမှတ်တမ်းတင်တာဟာ သိပ်ကို အရေးပါပါတယ်။
ဦးသိန်းပိုင်။ ။ “စူးစမ်းလေ့လာတဲ့အဆင့်လို့ပြောတဲ့ investigation stage မှာလည်း ဒီဘက်ခေတ်မှာတော့ နည်းပညာတွေ အများကြီး တိုးတက်တော့ Survey အလုပ်တွေ၊ မြေတိုင်းတာတွေ၊ Topography မြေပြင်အနေထား -ဒါတွေက အမြင်အထင် လုပ်ရတဲ့ အခါကျတော့ နောက်ပိုင်းမှာ သိပ် မမှား နိုင်တော့ဘူး။ မှားနိုင်တာတွေက ဘာတွေလဲဆိုတော့ ဇလဗေဒနဲ့ဆိုင်တဲ့အချက်အလက်တွေ၊ hydrology data ဒေတာတွေ၊ နောက်တခါ မိုးရေချိန် မှတ်တမ်းတွေ၊ မိုးရေချိန်မှတ်တမ်းတွေကလည်း မှန်ဖို့လိုတယ်။ နောက်တခုက အပူချိန်မှတ်တမ်းတွေ၊ မိုးနည်းသွားပြီး အပူချိန် မြင့်လာလို့ရှိရင် ဆည်ထဲကို လှောင်မယ့်ဝင်မယ့်ရေက နည်းသွားတယ်။ အပူချိန်မြင့်တော့ ရေငွေ့ပျံနှုန်းများသွားတော့ ဆည်ထဲမှာ ရေမတင်နိုင်တော့ဘူး။ နောက်တခါ အဲဒီဆည် ဖြတ်ပိတ်မယ့် မြစ်ရေရဲ့ အတက်အကျမှတ်တမ်း၊ ဘယ်လောက်စီးတယ်၊ နောက်တခါ အဲဒီမြစ်ရေကသယ်လာတဲ့ ပါဝင်တဲ့အနယ်အနှစ်တွေ၊ နုန်းတွေ ပါဝင်မှုမှတ်တမ်း၊ ရေငွေ့ပျံမှုမှတ်တမ်း၊ အဲဒီဧရိယာက အေးတဲ့ဒေသဖြစ်ရင်လည်း ဆီးနှင်းကျတဲ့မှတ်တမ်း၊ ဆီးနှင်းတွေပျော်တဲ့မှတ်တမ်း၊ အဲဒါတွေကို သေသေချာချာ အချိန်ယူပြီးတော့မှ မှန်မှန်ကန်ကန် တိုင်းတာမှတ်တမ်းတင်ထားဖို့လိုတယ်။”
“အဲလိုမဟုတ်ဘဲနဲ့ အလုပ်ပြီးရင်ပြီးရောဆိုပြီးတော့ ဇယားထဲမှာ ကြုံရာ ဒေတာတွေကို ဖြည့်လိုက်ရင် အဲဒီဒေတာတွေအပေါ်မှာမူတည်ပြီးတော့ ဒီဇိုင်း ဆွဲရတဲ့ အင်ဂျင်နီယာတွေက ဒီဇိုင်းအမှားတွေထွက်လာပြီးတော့ နောက်ဆက်တွဲ အကျိုးဆက်တွေက ဆိုးကျိုးတွေကိုပဲ ရမှာပေါ့လေ။ အခုနက ပြောတဲ့ မှတ်တမ်းတွေက တကယ်တန်းလေ့လာပြီး လုပ်ရမယ်ဆိုလို့ရှိရင် တကယ်ကောင်းမွန်တဲ့ဆည်ဖြစ်ဖို့၊ တတ်နိုင်သမျှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းဖို့၊ အပြစ်အနာအဆာနည်းတဲ့ ဆည်တခုဖြစ်ဖို့ ဆိုလို့ရှိရင် အနည်းဆုံးအဲဒီဒေတာတွေက နှစ် (၂၀) စာလောက်ရှိမှ တကယ်ကို ယုံကြည်စိတ်ချရတဲ့ မှတ်တမ်း ဖြစ်တာ။ သိတဲ့အတိုင်းပဲ မြန်မြန်…မြန်မြန်..မြန်မြန်ဆိုတာတွေက အဲဒီဒေတာတွေကလည်း အချိန်ယူပြီးလုပ်ထားတာမဟုတ်ဘူး။ အမှားအယွင်းတွေလည်း ရှိတယ်။ ဒေတာအမှားအယွင်းတွေရှိတဲ့အတွက် ဒီဇိုင်းအမှားအယွင်းတွေလည်း ရှိနိုင်တယ်။ ဒီဇိုင်းအမှားအယွင်းတွေ ဖြစ်ပြီဆိုလို့ရှိရင် သတ်မှတ်တဲ့ ရေ ပမာဏကို မလှောင်နိုင်တာတို့၊ မိုးရေချိန်အမှားတို့၊ မိုးတွေပိုရွာလို့ ဆည်တွေကိုရေကျော်ပြီးတော့ မနိုင်လို့ရှိရင်လည်း ကျိုးသွားနိုင်တာတို့ - အဲဒါမျိုးတွေ ရှိပါတယ်။”
စူးစမ်းလေ့လာလို့ ရတဲ့ အချက်အလက်တွေနဲ့ ဒီဇိုင်းဆွဲပြီး ဆည်တည်ဆောက်ခဲ့သည့်တိုင် ထိမ်းသိမ်းမှုမနိုင်ရင်လည်း တည်ဆောက်ရတဲ့ ဆည်အတွက် အကျိုးမရှိပါဘူး။
ဦးသိန်းပိုင်။ ။ “ထိန်းသိမ်းတဲ့အဆင့်မှာလည်း လိုအပ်တဲ့ ဝန်ထမ်းအင်အားအနေအထား၊ တိုင်းတာတဲ့ monitoring - လုပ်မယ့် စောင့်ကြည့်မယ့် ခေတ်မီစက်ကိရိယာတွေ၊ အဲလိုဟာတွေ ပြည့်စုံမှသာ အဆင့်တိုင်းမှာ သူ့နေရာနဲ့သူ ဟန်ချက်ညီညီလုပ်နိုင်ပါမှ ထိခိုက်မှုအနည်းဆုံးနဲ့ အကျိုးအမြတ် အများဆုံးရမယ့် ဆည်မျိုးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျ။”
ဒီလိုဆည်မျိုး ရနိုင်ဖို့အတွက် ဆည်တည်ဆောက်ရာမှာ ချမှတ်တဲ့မူဝါဒက အရေးပါသလို တည်ဆောက်သူတွေ ဘက်ကလည်း ဖြောင့်မှန်ဖို့ လိုပါတယ်။
ဦးသိန်းပိုင်။ ။ “ဆည်တွေတည်ဆောက်တဲ့နေရာမှာ နိုင်ငံတော်အစိုးရဆိုတာကတော့ ဒါ ပေါ်လစီချမှတ်ရတဲ့လူတွေ၊ အောက်မှာ တည်ဆောက်ရေး လုပ်တဲ့ လူတွေဆိုတာကတော့ တကယ့်ပညာရှင်တွေပေါ့လေ။ အဲဒီမှာ ပေါ်လစီချမှတ်တဲ့ နိုင်ငံတော်အစိုးရကလည်း တိုင်းပြည်အတွက် တကယ် အကျိုးရှိမယ့်လုပ်ငန်းကိုလုပ်မှသာလျှင် တိုင်းပြည်ရဲ့ဘဏ္ဍာရေး ဆုံးရှုံးနစ်နာတာတွေကို ကာကွယ်ရာရောက်မယ်။ အောက်မှာ တည်ဆောက်ရေးလုပ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် အင်ဂျင်နီယာတွေကလည်း တကယ်လိုအပ်ရင်လိုအပ်တယ်၊ မလိုအပ်ရင် မလိုအပ်ဘူးဆိုတာကို ကိုယ့်ရဲ့ပညာရပ်ပေါ်မှာ ရပ်တည်ပြီးတော့မှ နိုင်ငံတော်အစိုးရကို ပြန်ပြီးတင်ပြတာတို့၊ ဘာတို့လုပ်သင့် တယ်။”
“နောက်တခုက ပေါ်လစီချမှတ်တဲ့အစိုးရပိုင်းကလည်း စေတနာမှန်မှန် စိတ်ထားမှန်မှန်နဲ့ တိုင်းပြည်အပေါ်မှာ စေတနာထားပြီးလုပ်မယ်၊ အောက်က အသိ ပညာရှင်၊ အတတ်ပညာရှင်တွေကလည်း စေတနာမှန်မှန် ဖြောင့်ဖြောင့်မတ်မတ်နဲ့ လုပ်မယ်ဆိုလို့ရှိရင် အခုနကလို ဆုံးရှုံး တာတွေ၊ တိုင်းပြည်ရဲ့ဘဏ္ဍငွေ နစ်နာရတာတွေကို အထိုက်အလျှောက် လျှော့ချနိုင်မယ်။ ကျနော်တို့ နိုင်ငံက ချမ်းသာတဲ့နိုင်ငံလည်း မဟုတ်တဲ့အခါကျတော့ ဒီဘဏ္ဍာငွေတွေဟာ တခြား လိုအပ်တဲ့နေရာတွေမှာ အများကြီးအသုံးချလို့ရမှာပေါ့လေ။ အဲဒါကြောင့်မို့လို့ နောက်ပိုင်း ဆည်တွေဆောက်မယ်ဆိုလို့ရှိရင် ပေါ်လစီချမှတ်တဲ့ လူတွေ ဘက်ပိုင်းကရော တကယ်တည်ဆောက်မယ့် ပညာရှင်တွေအပိုင်းကရော အပြန်အလှန်နားလည်မှုတွေနဲ့ ညှိနှိုင်းပြီးတော့မှ သေသေချာချာ အချိန်ယူ လေ့လာပြီးတော့မှပဲ တည်ဆောက်သင့်တယ်လို့ အဲလို အကြံပေးချင်ပါတယ်။”
အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဦးသိန်းပိုင်ပါ။