အဆောက်အဦးတွေကို reinforced concrete လို့ခေါ်တဲ့ သံကူကွန်ကရိနဲ့ ဆောက်ကြပါတယ်။ သံက ဆန့်အား tensile force ကို ခံနိုင်ပြီး ကွန်ကရိက ဖိအား compressive force ကို ခံနိုင်တာမို့ ဖိအားရော ဆန့်အားပါ ခံနိုင်စေဖို့ သံနဲ့ ကွန်ကရိကို တွဲသုံးကြတာပါ။ ကွန်ကရိလောင်းဖို့အတွက် ပထမဦးဆုံး Formwork တည်ဆောက်ဖို့ နောက် shoring ဒါမှမဟုတ် false work လို့ခေါ်တဲ့ ငြမ်းဆင်ရတာ ဖြစ်ပြီး ပြိုကျမှု အများဆုံး ဖြစ်တတ်တာက ကွန်ကရိလောင်းတဲ့ အချိန်လို့ အင်ဂျင်နီယာ ဦးအေးငြိမ်းက ပြောပါတယ်။
ကွန်ကရစ်လောင်းဖို့ ပုံရိုက်ရတယ်။ ဥပမာအားဖြင့် တိုင်ကို လောင်းမယ်ဆိုရင် တိုင်ပုံစံမျိုးရအောင် ပုံရိုက်ရသလို နံရံတွေကို ကွန်ကရိလောင်းတဲ့အခါမှာလည်း နံရံတွေကို ဆင်ရတယ်။ ကွန်ကရစ်လောင်းဖို့ ဆင်ထားတာကြီး တခုလုံးကို formwork လို့ ခေါ်တာပါ။ အဲဒီ formwork ကို အောက်က ထောက်ပေးထားတဲ့ ဒေါက်တွေကို shoring ဒါမှမဟုတ် ငြမ်းလို့ ခေါ်ပါတယ်။ ဒါပေမယ့် ငြမ်းဆိုတဲ့ သဘာဝက လူတွေ အလုပ်လုပ်ဖို့ ဆင်ထားတာဖြစ်ပြီး သူက formwork ကို ထောက်ပေးထားတာမို့ shoring လို့ ခေါ်ကြတာပါ။ အဆောက်အဦး ဆောက်တုန်း ဖေါင်ဝပ် ပြိုတယ်လို့ ပြောကြပေမယ့် တကယ်က shoring က အောက်ဖက်က ဒေါက်တိုင်က ပြိုကျတာ ဖြစ်ပါတယ်။
ဖေါင်ဝပ် ဆင်ပြီးသွားပြီဆိုရင် အဲဒီ အပေါ်မှာ reinforce စတီးဘားတွေ ထည့်ပြီး ကွန်ကရစ်ကို လောင်းပါတယ်။ လောင်းတဲ့နေရာမှာ အဓိက အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကွန်ကရစ်လောင်းလိုက်တဲ့ အခါမှာ ကွန်ကရစ် အစိုက အတော်လေးပါတယ်။ အဲဒီ အလေးဒဏ်ရယ်၊ အပေါ်မှာ လူတွေ တက်ပြီး ရပ်နေတာရယ်၊ နောက် ကွန်ကရစ်လောင်းတဲ့ အခါ အသားကျအောင် အထဲမှာ လေဝင်ပေါက်တွေ မရှိအောင် လုံးဝပိတ်သွားအောင် တုန်ခါစက် vibrator နဲ့ ထိုးပြီး ထည့်ရပါတယ်။ ဒါ့ကြောင့် ဖေါင်ဝပ်တခုလုံးက လှုပ်နေတာပါ။ သက်ရောက်တဲ့ အားတွေ စုပြီး များလာတဲ့ အခါမှာ ဖေါင်ဝပ်ပြိုတတ်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ formwork ပုံရိုက်ချိန်ကစပြီး အန္တရာယ်ကင်းအောင်လုပ်ရာမှာ အဓိက အရေးပါတာက ကြီးကြပ်တဲ့ supervisor ဖြစ်ပြီး ပုံရိုက်ပြီးလို့ ကွန်ကရစ် မလောင်းခင်မှာလည်း နားလည်တတ်ကျွမ်းသူက စစ်ဆေးဖို့ လိုပါတယ်။
supervisor လုပ်တဲ့ သူဟာ formwork ဆင်မယ့် နေရာရဲ့ drawing ပုံစံအနေထားကို သေသေချာချာ သိဖို့ လိုပါတယ်။ အကျယ်အဝန်း၊ အမြင့်ကစပြီး သုံးရမယ့် ပစ္စည်း အမျိုးအစား အားလုံးကို သိထားရမှာဖြစ်ပြီး အသင့် ရှိအောင် လုပ်ထားဖို့လိုပါတယ်။ တကယ်လို့ ပစ္စည်းမစုံပဲ တွေ့ရာနဲ့ လွယ်လွယ် ဆွဲသုံးမယ် ဆိုရင် သိပ် အန္တရာယ် များပါတယ်။
ကြီးကြပ်ရေးမှုး တယောက် အတွက် ပထမဆုံး လိုအပ်တာက ဖေါင်ဝပ်ဆင်တဲ့ နေရာအတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးကို တိတိကျကျ တွက်တတ် ဖို့ပါ။ ဒုတိယအချက်ကတော့ ဘယ်လိုနည်းတွေနဲ့ ဆင်မယ် ဆိုတာကို သူက သေချာ သိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သူ့အလုပ်သမားတွေဖက်က ဘာလုပ်ရမယ် ဆိုတာ သိနေအောင် သူသုံးမယ့် နည်းတွေကို ပြောပြထားရမှာ ဖြစ်ပါတယ်။
ပစ္စည်းတွေထဲက ဘယ်ဟာကို ဘယ်လို သုံးရမယ်၊ ဘယ်ဟာမျိုးကို မသုံးသင့်ဘူး ဆိုတာကိုလည်း ကြီးကြပ်သူက နားလည်ရမှာပါ။ ကြီးကြပ်သူ အပြင် အလုပ်သမားတွေ ဘက်ကလည်း ကိုယ်မသိပဲ ရမ်းမလုပ်ပဲ နားလည်အောင် ကြီးကြပ်သူကို မေးပြီးမှ လုပ်ဖို့လိုပါတယ်။ ဒါတွေက အခြေခံ လိုအပ်ချက်တွေပါ။
တကယ်လို့ ဖေါင်ဝပ်ဆင်ပြီး ချိန်မှာလည်း ကွန်ကရိ မလောင်းခင်မှာ အင်ဂျင်နီယာ ဖြစ်စေ၊ ကြီးကြပ်သူက ဖြစ်စေ နားလည် သူတယောက်က ဆင်ပြီးတဲ့ ဖေါင်ဝပ်ဟာ အန္တရာယ် ကင်းတယ် မကင်းဘူး သေချာ ကျနစွာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။
မကြာသေးခင် သြဂုတ်လ ၁၃ ရက်နေ့က နားနှာခေါင်း ဆေးရုံဝင်း ထဲက ဆောက်လုပ်ဆဲ ငါးထပ်တိုက် ငါးလွှာကို ကွန်ကရိလောင်းစဉ်မှာ ဖေါင်ဝပ် ပြိုကျတဲ့ အတွက် လူတယောက် သေဆုံးရပြီး နောက်တယောက် လည်း ဒဏ်ရာရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ဖေါင်ဝပ် ဆင်ဖို့ လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ မရှိသလို ဆင်မယ့် သူတွေကို သင်တန်းပေးတာမျိုးလည်း မရှိသေးပါဘူး။ ဒါ့ကြောင့် အန္တရာယ် သိပ်များတာပါ။
မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး စံနစ်တကျ သိပ်မရှိသေးပေမယ့် စင်္ကာပူ လိုနိုင်ငံမျိုးမှာတော့ ဥပဒေ နည်းဥပဒေ နဲ့ တိတိကျကျ သတ်မှတ် ထားတာမို့ အန္တရာယ် ကို ကာကွယ်ပြီးသား ဖြစ်နေပါတယ်။ ဘယ်လို သတ်မှတ် ထားပါသလဲ။
ဆောက်လုပ်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ code of practice နဲ့ စံ standards တွေက အရေးကြီးတာမို့ စင်္ကာပူအစိုးရက၂၀၀၆ ခုနှစ်မှာ ဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး Workplace Safety and Health လို့ခေါ်တဲ့ WSH act ဥပဒေကို ပြဌာန်းထားပါတယ်။
ဒီဥပဒေအရ အလုပ်ရှင်တွေက သူ့ အလုပ်သမားတွေကို သင်တန်းပေးရပါတယ်။ ပြည့်စုံလုံလောက်တဲ့ information အချက်အလက်တွေ ညွှန်ကြားချက်တွေနဲ့ အတူ ကြီးကြပ်မှုတွေ ပေးရပါတယ်။ အလုပ်သမားတွေကလည်း သင်တန်းတွေ တက်ရပြီး တကယ်ကျွမ်းကျင်တဲ့ အလုပ်သမား ဖြစ်လာမှ အလုပ်လုပ်ခွင့် ရှိပါတယ်။ တကယ်လို့ သင်တန်း မတက်ပဲ အလုပ်လုပ်မယ် ဆိုရင် ဒီဥပဒေအရ အရေးယူ အပစ်ပေးလို့ ရပါတယ်။
မြန်မာနိုင်ငံမှာ ဒီလို ဥပဒေ မရှိသေးတဲ့ အတွက် မဖြစ်မနေ သင်တန်းတက်ရတာ မျိုး မရှိပါဘူး။ အလုပ်ရှင်တွေ ဘက်ကလည်း ဒီလို သင်တန်းပေးရမယ် ဆိုတာ မသိကြပါဘူး။ ဒါ့အပြင် သင်တန်းတက်ရမယ် လို့ ဥပဒေ ပြဌာန်း ခဲ့သည့်တိုင် မြန်မာပြည်မှာ ဒီလို သင်တန်းတွေ မရှိသေးပါဘုူး။
မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးကို ကန်ထရိုက်ယူပြီး လုပ်နေသူတွေဟာ ဆောက်လုပ်တဲ့ နည်းပညာနဲ့ အန္တရာယ်တွေကို သိပ်နားမလည်ကြပဲ လုပ်နေကြတာမို့ ကန်ထရိုက်နဲ့ ဆောက်တဲ့ အဆောက်အဦး အများအပြားဟာ အရည်အသွေး မပြည့်မှီတာမျိုး တွေ့နေရတာပါ။ ဒါ့ကြောင့် အလုပ်ရှင်နဲ့ ကန်ထရိုက်တွေ အတွက် ဘာတွေ လိုအပ်ပါသလဲ။
regulation လို့ခေါ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ standard စံသတ်မှတ်မှု နဲ့ code of practice လို့ ခေါ်တဲ့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ လိုအပ်ပါတယ်။ regulation ကနေ သူတို့ဘာလုပ်ရမယ် ဆိုတာကို ပြောပြပါတယ်။ standard တွေက အဲဒီလို လုပ်တဲ့ နေရာမှာ ဘယ်လို စည်းမျဉ်း စည်းကမ်း နဲ့ စံနှုန်းတွေကို လိုက်နာမှ ရမယ် ဆိုတာကို ပြောပြပါတယ်။ code of practice က အဲဒီလို လုပ်ဆောင်ရာမှာ ဘယ်လို အထောက်အပံ့တွေ ပေးမယ် ဆိုတာ ပြောပြပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလို သတ်မှတ်မှုတွေ မရှိသေးတာမို့ အရည်အသွေး မပြည့်မှီတာအတွက် အလုပ်ရှင်တွေကို အပစ်တင်လို့ မရနိုင်ပါဘူး။ အလုပ်ရှင်တွေ ဘာလုပ်ရမယ် ဆိုတဲ့ စံနစ် ဘာမှ မရှိသေးတဲ့အတွက် အလုပ်ရှင်တွေ ဘက်က အဆင်ပြေသလို ကြည့်လုပ်နေရတာများပြီး ဘာမှ စံနစ်တကျ မရှိသေးတာပါ။
တကယ်လို့သာ code of practice - မြန်မာ standard - regulation တွေ ထွက်လာမယ် ဆိုရင် ဘယ်သူပဲ ဝင်ပြီး လုပ်လုပ် ဖေါင်ဝပ်ဆင်တဲ့ အခါ ဒီအတိုင်း ဆင်ရမယ်၊ ဒီအတိုင်း လုပ်ရမယ်၊ ဒီပစ္စည်းတွေ သုံးရမယ်။ ဒီလောက် အမြင့်မှာ ဒီအတိုင်းထားရမယ် ဆိုတာမျိုး ပြဌာန်းပေးလိုက်မယ် ဆိုရင် အခုလို မတော်တဆ မှုတွေ အတော်နဲသွားမှာ ဖြစ်ပါတယ်။ အလုပ်ရှင်တွေ ဘက်ကလည်း လုပ်ရတာ လွယ်ကူသွားမှာ ဖြစ်သလို အလုပ်သမားတွေ ဘက်ကလည်း လုပ်ရတာ စံနစ်တကျ ရှိသွားမှာဖြစ်ပါတယ်။ သင်တန်းတွေ ကနေ သူတို့ကိုယ်တိုင် ဘယ်လိုဆင်ရတယ် ဆိုတာ သိနားလည်ပြီး ကျွမ်းကျင်သူတွေ ဖြစ်သွားနိုင်ပါတယ်။
အရေးကြီးတာက ပြည်ထောင်စု အစိုးရ အနေနဲ့ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ဥပဒေထုတ်မယ် ဆိုတာ အခုထိ မထွက်သေးပါဘူး။ သူတို့ အကြမ်းရေးထားတဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး ဥပဒေ မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာကို တွေ့နေရတယ်လို့ ဦးအေးငြိမ်းက ပြောပါတယ်။
တ ကယ်လို့ ဒီဥပဒေကြမ်း ထွက်လာ ပြီဆိုရင် အဲဒီဥပဒေနဲ့အတူ အဲဒီဥပဒေကို အထောက်အပံ့ပေးမယ့် နည်းဥပဒေတွေ အများကြီး လိုအပ်ပါတယ်။ အဲဒီနည်းဥပဒေတွေ အောက်မှာ စံချိန်စံညွှန်း၊ code of practice တွေချပေးဖို့ လိုပါတယ်။ ဒါတွေ မရှိပဲနဲ့ ဆောက်လုပ်ရေး လုပ်ငန်း စံနစ်တကျ ဖြစ်လာဖို့ မလွယ်ဘူးလို့လည်း ထောက်ပြပါတယ်။