ထိပ်တန်းအမျိုးစား ကျောက်မီးသွေးကိုသုံးရတဲ့ အဆင့်မြင့် နည်းပညာနဲ့ စွမ်းအင်ပိုရပြီး အဆိပ်ဓါတ်ငွေ့ထွက်တာ နဲအောင် လုပ်နိုင်ပါတယ်။ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တရုံကနေ အဆိပ်ဓါတ်ငွေ့တွေ တတ်နိုင်သမျှ နဲနဲပဲထွက်အောင် ကြိုးစားကြပေမယ့် ဒီလို ဓါတ်အားပေးစက်ရုံ တွေက ထွက်တဲ့ စွန့်ပစ် ပစ္စည်းတွေ၊ ပြာတွေကို စက်ရုံဝန်းကျင် သိပ်မဝေးလှတဲ့ နေရာမှာ လှောင်ကန်တွေနဲ့ လှောင်ရတဲ့အခါ အန္တရာယ် ရှိတယ်လို့ အမေရိကန် နိုင်ငံ Texas ပြည်နယ်က သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ရှင်းပြပါတယ်။
ကျောက်မီးသွေးကို လောင်ကျွမ်းမှု ကောင်းအောင် ရှို့တယ်။ ထွက်လာတဲ့ ပြာကလေးတွေကို လေထုထဲ မရောက်အောင် နည်းမျိုးစုံနဲ့ ဖမ်းတယ်။ စက်အားဖြင့် ဖြစ်စေ၊ တည်ငြိမ်တဲ့ လျှပ်စစ်အားနဲ့ဖြစ်စေ ဖမ်းတယ်။ ရလာတဲ့ အဲဒီပြာတွေကို တတ်နိုင်သမျှတော့ ပြန်သုံးကြည့်တယ်။ ဥပမာ ဘိလပ်မြေ စပ်တဲ့အခါမှာ ပြာနဲ့ ရောထားတဲ့ ဘိလပ်မြေ လုပ်တယ်။ ကွန်ကရိဖျော်တယ်။ တချို့ကလည်း အဲဒီပြာတွေကို အုတ်တွေ ဘာတွေလုပ်ရာမှာသုံးတယ်။ ဟိုးအရင်တုန်းကဆိုရင် ပြာတွေကို တာဘောင်ရိုးတွေမှာ အထဲက မံပြီးတော့ ဖို့တာမျိုးတွေ လုပ်ကြတယ်။ ပြာတွေက သိပ်ပြီးတော့ များလာတဲ့ အခါကျတော့ ဘယ်လောက်ပဲ သုံးပေးပေမယ့်လည်း ဒီပြာတွေက များလာတဲ့ အခါကျတော့ စက်ရုံတွေက သူတို့ စက်ရုံ နားမှာပဲ ပြာကန်ကြီးတွေ လုပ်ပြီးတော့ ထားထားရတယ်။ တချို့ ကလည်း မြေဖို့တောင်တွေ ပေါ့နော်။ landfill တွေ ဖို့ရတယ်။
ထွက်လာတဲ့ ပြာတွေထဲမှာ တချို့ပြာတွေက အစိုထွက်တာ။ ဘာလို့လည်း ဆိုတော့ ကျောက်မီးသွေး ကို ရေနဲ့ ပြစ်အောင်လုပ်ပြီး မီးရှို့ရတော့ ပြာတွေက ရေစိုနေတယ်။ အဲဒီတော့ ပြာတွေ အနည်ထိုင်အောင်၊ ရေတွေ ခြောက်အောင် ကန်ထဲမှာ ထားရတယ်။ ဒါတွေ များများလာရင် ကန်ရဲ့ တာဘောင်ရိုးတွေက အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး သွားတယ်။
အဲဒီလို တာဘောင်ရိုးတွေ ပျက်စီးတဲ့ဒဏ်ကို အမေရိကန် နိုင်ငံရဲ့ ပြည်နယ်အတော်များများမှာ ကြုံနေရတာ ဖြစ်ပါတယ်။
ပြာကန်ကြီးတွေ ပျက်လို့ ပြာ အစို၊ အခြောက်တွေ အပြင်ကို ထွက်လာပြီးတော့ အနားမှာ ရှိတဲ့ မြစ်ချောင်း တွေထဲ ကျတယ်။ ကွင်းတွေထဲ ကျသွားတယ်။ တချို့ လူသေဆုံးတဲ့ အထိတောင် ရှိတယ်။ လူတွေ သေတယ်၊ ဒဏ်ရာ အနာတရ ဖြစ်တာလည်း ရှိတယ်။ ၁၉ရ၂ ခုနှစ်က ဆိုရင် ဗာဂျီးနီးယားမှာ ဖြစ်တာ ဆိုရင် လူတွေက ၁၁၅ ယောက်တောင် သေသွားတာ။ သိပ်မကြာသေးခင်က ၂၀၀၈ ခုနှစ်က Tennesse ပြည်နယ်မှာ ကျောက်မီးသွေးပြာကန် တာတမံကြီးက ပေါက်သွားတာ။ ကျောက်မီးသွေး ပြာတွေ ထားထားတဲ့ နေရာက ၈၄ ဧကလောက် ရှိတယ်။ ပြာရည် အပြစ်တွေက ၁.၁ ဘီလျံ ဂါလံလောက် ရှိတယ်။ အဲဒါတွေက အနားဝန်းကျင်ကို ရောက်သွားတော့ မြေရိုင်း ဧက ၂၅၀ ကနေ ၄၅၀ အထိက ရွှ့ံ့တွေ လွှမ်းပြီး ပျက်စီးသွားတယ်။ အဲဒီအပေါ်မှာ ပြာရည်တွေက ၄ ပေ ၅ ပေလောက် တင်ကုန်တော့ အဲဒါတွေကို ပြန်သန့်ရှင်းရတာက ပိုက်ဆံ အရမ်း ကုန်သလို အကုန်ပျက်စီးသွားတာမို့ အင်မတန်မှ ဒုက္ခဖြစ်ပါတယ်။
နောက်တခါ ၂၀၁၄ ခုနှစ်တုန်းက မီးထုတ်တဲ့ ကုမ္ပဏီ တခုပဲ Duke Energy ကုမ္ပဏီ ရဲ့ ပြာကန်က ပေါက်သွားခဲ့တာပါ။ ပြာတွေက လျှံသွားပြီး ပြာတွေ မြစ်ထဲ ရောက်သွားဖြစ်ပါတယ်။ ပြာတန်ချိန် ၃ သောင်း ၉ ထောင်လောက် ရောက်သွားတာမို့ ရေ ၂၇ မီလျံဂါလံလောက် ရေနောက်တွေ ဖြစ်သွားပါတယ်။ ဒါဟာ ရေလှောင်ကန် ရှိတဲ့ နေရာနားမှာ ဖြစ်ပွါးခဲ့တာမို့ အန္တရာယ် သိပ်ကြီးတာပါ။
ပြာဟာ မြစ်ထဲကို ရောက်သွားတဲ့ အခါ မြစ်ထဲ နေထိုင်တဲ့ သတ္တဝါတွေ အပင်တွေကို အကုန်ဖုံးလွှမ်းသွားတာမို့ အားလုံး ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီအထဲမှာ အနယ်အနှစ်တွေ မကောင်းတဲ့ အရာတွေပါနေသလို အဲဒီပြာတွေထဲမှာ အဆိပ်ဖြစ်စေနိုင်တဲ့ အရာတွေ ပါနေတဲ့အတွက် ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် အဲဒီ ပြာတွေဟာ မြစ်ကြမ်းပြင်ကိုပါ ဖုံးလွှမ်းသွားပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က မြောက်ကာရိုလိုင်းနားမှာ ဖြစ်ပွါးခဲ့တာပါ။ နောက် အမေရိကန် ပြည်ထောင်စု Wisconsin ဒေသမှာ ၂၀၁၁ ခုနှစ်က ပြာကန်ကြီးရဲ့ တာဘောင်ရိုး ပျက်သွားသလို Alabama မှာတော့ ဆာလ်ဖာ ဒိုင်အောက်ဆိုက်ကို ထုံးရည်ပြစ်နဲ့ ပြန်ဖမ်းပြီး လှောင်ထားတဲ့ ကန် ထုံးရည်ပြစ်ကန် ပေါက်သွားတာပါ။ အဲဒီမှာ ထုံးရည်ပြစ် ဂါလံ တသောင်းလောက် ပေါက်ထွက်သွားပါတယ်။
တချို့နေရာတွေမှာ ဆို လှောင်ထားတဲ့ ကန်နေရာမှာ ဂလိုင်ပေါက်ကြီးတွေ ဖြစ်သွားတတ် ပါတယ်။ sinkhole လို့ခေါ်ပါတယ်။ အောက်ကို ကျွံကျသွားတာပါ။ ၄ ဧက လောက်ကို အောက်ကို ကျွံကျသွား တာက Georgia ပြည်နယ်မှာ ၂၀၀၂ ခုနှစ်က ဖြစ်ပွါးခဲ့ပါတယ်။ တချို့နေရာတွေမှာဆို မိုးရွာပြီး မိုးကြီးလို့ ပြာကန်တွေ လျှံကုန်သလို တချို့နေရာတွေ မှာတော့ လှောင်ထားတဲ့ ကန်တွေ လုံးဝ ပျက်စီးသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီ အခါမှာ အနားမှာ ရှိတဲ့ မြစ်တွေ ချောင်းတွေ ထဲ ရောက်ကုန်တာမို့ အန္တရာယ် ရှိပါတယ်။
အဲဒီလို အန္တရာယ် ရှိတဲ့ ပြာကန်တွေ အတွက် ပြာကန်ကို စံနစ်တကျ ထိမ်းသိမ်းဖို့ အမေရိကန် အစိုးရက စည်းကမ်း တွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။ စည်းကမ်းတွေ တင်းကြပ်ထားတဲ့ ကြားက ပြာကန် ကျိုးပေါက်မှုတွေ အများအပြား ဖြစ်ပွါးခဲ့ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ထောင်သူ တွေကို ဒဏ်ငွေ သန်းနဲ့ ချီပေးဆောင်စေတဲ့ အပြင် ပတ်ဝန်းကျင် ပြန်လည်သန့်စင်အောင် လုပ်ပေးဖို့ပါ ပြဌာန်းထားပါတယ်။ မြောက်ကာရိုလိုင်းနားက ပြာကန် ကျိုးပေါက်မှုကြောင့် Duke Energy ကုမ္ပဏီကဆို ဒေါ်လာ သန်းပေါင်းများစွာ လျှော်ကြေး ပေးခဲ့ရသလို မြစ်ချောင်းတွေ ပြန်လည်သန့်ရှင်း ပေးရတာနဲ့ ဒေသခံတွေသောက်သုံးဖို့ပါ ရေပေးဝေ ခဲ့ရပါတယ်။
ဒီစွန့်ပစ်ပြာတွေနဲ့ ပတ်သက်ပြီး နောက်အန္တရာယ်တွေ ကြုံရနိုင်ပါသလဲ။ ပြာတွေ စွန့်ပစ်ဖို့ နောက်ဆက်တွဲ လိုအပ်ချက်တွေက ဘာတွေပါလဲ။
စွန့်ပစ်ပြာတွေက အမေရိကန်ပြည်မှာဆိုရင် ပြာတွေက များလွန်းအားကြီးလို့ ထွက်သလောက် မသုံးနိုင်ပဲ၊ ဒီလို မသုံးနိုင်တဲ့ ပြာတွေ ကိုထားဖို့ မြေနေရာ အများကြီး လိုအပ်ပါတယ်။
မြေလိုအပ်ချက်အပြင် လျှပ်စစ်ဓါတ်အားပေးတဲ့ စက်ရုံနားမှာ လူတွေနေမယ်ဆိုရင် အဲ့ဒီကနေပြီးတော့ ပေါက်တာကွဲတာ တခုခုဖြစ်လို့ ထွက်လာရင် ပြာစိုဖြစ်ဖြစ် ပြာခြောက်ဘဲဖြစ်ဖြစ် လူတွေအတွေက် အင်မတန် အန္တရာယ်ရှိပါတယ်။ ဂေဟစနစ်မှာလည်း နောက်ဆုံးဘိတ် ပြာတွေ မြစ်ချောင်းထဲ ရောက်သွားအုန်း ဒီမှာရှိတဲ့ပင်တွေ သတ္တဝါတွေ သေကြေကြမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ မူလ သဘာဝဝန်းကျင်ဟာ လုံးဝပြောင်းလဲ သွားနိုင်ပါတယ်။ အဲ့ဒါဟာ သိပ်ကို အရေးကြီး ပါတယ်။ ဒါကြောင့် ပြာကန်တွေကို သေသေချာချာ စောင့်ကြည့် ထိမ်းသိမ်းဖို့ လိုအပ်ပါတယ်။ အမြဲတန်း ပြာကန်တွေကို စစ်နေတဲ့ ကြားထဲကပဲ လူသေဆုံးမှုတွေ ကြုံရတတ်ပါတယ်။
မြန်မာပြည် အတွက် ဆိုရင်တော့ မြေငလျင်ရပ်ဝန်းထဲ ကျနေတာမို့ ပြာကန်တွေ ထားဖို့ ဘယ်နေရာမှာ ရွေးမလဲ ဆိုတာက သိပ်ကို အရေးကြီးပါတယ်။ အင်ဂျင်နေရာတွေ အနေနဲ့လည်း ပြာကန်တွေရဲ့ အလေးချိန်၊ တာရိုး အနေအထား စတာတွေကို အမြဲတမ်း စောင့်ကြည့် စစ်ဆေးနေဖို့လိုပါတယ်။ ဒီပြာကန် ထားတဲ့ ကိစ္စအတွက် လွယ်လွယ်လေးနဲ့တော့ ကိုင်တွယ်လို့ ရတာမဟုတ် ပါဘူး သေသေချာချာ အမြဲမပြတ် စောင့်ကြည့် နေရမှာဖြစ်တယ်။ ဒါ့အပြင် လေထုထဲကို အညစ်အကြေးတွေ ရောက်မသွားအောင် ထိမ်းပေမယ့် ရေထုထဲ၊ မြေထုထဲကိုပါ ရောက်နိုင်တာပါ။ ဒါ့ကြောင့် လေထုထဲ သန့်စင်တဲ့ ကျောက်မီးသွေး ထုတ် နည်းပညာ ဆိုပေမယ့် ထွက်သမျှ အကုန်လုံးကို မပြန့်နှံ့အောင် သိမ်းလို့ ရတာတော့ မဟုတ်ပါဘူး။ ဒီ အညစ်အကြေးတွေကို လေထဲ၊ ရေထဲမှာ ရောက်မသွားအောင် သေသေချာချာ မလုပ်နိုင်ရင် မြန်မာနိုင်ငံတွင်းက မြစ်ချောင်းအင်းအိုင်တွေက အကုန်လုံးမှာ အန္တရာယ် ဖြစ်လာနိုင်ပါတယ်။
ဟုတ်ပါတယ်။ နျူကလီယား လောင်စာသုံး ဓါတ်အားပေး စက်ရုံတွေ တစုံတခု ဖြစ်ရင် ကြုံရတဲ့ အန္တရာယ် သိပ်ကြီးတာကို သိသိသာသာ မြင်နိုင်ပေမယ့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေ ကနေ ရလာမယ့် အန္တရာယ်ကိုတော့ ချက်ချင်း မမြင်နိုင်တဲ့အတွက် သိပ်မကြောက်ကြပါဘူး။ နောက်တပတ် မှာတော့ နောက်ဆက်တွဲ ကြုံ လာနိုင်တဲ့ အန္တရာယ်တွေ အကြောင်း ဆက်ပြီး တင်ပြပေးပါ့မယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။