Asbestos လို့ခေါ်တဲ့ ကျောက်ဂွမ်းဟာ အမျှင်ပုံဆောင်ခဲတွေပါတဲ့ သဘာဝ ဆီလီကာ တွင်းထွက် ဖြစ်ပါတယ်။ အမျိုး ၆ မျိုးရှိပြီး အမျှင်ပုံဆောင်ခဲလေးတွေရဲ့ အရောင်ကို လိုက်ပြီး နံမယ်ပေးလေ့ ရှိပါတယ်။ အဖြူရောင်ဖြစ်တဲ့ White asbestos က Chrysotile ၊ အပြာရောင် - Blue asbestos က Crocidolite၊ နဲ့ အညိုရောင် brown asbestos က Amosite ဖြစ်ပြီး အစိမ်းရောင် asbestos တွေလည်း ရှိပါတယ်။
ဒီကျောက်ဂွမ်းတွေကို မိုင်းတူးလာခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ထောင်ကျော် ကတည်းက ပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တားမြစ်ထားတဲ့ ကျောက်ဂွမ်းကို မြန်မာအပါအဝင် ဖွံ့ဖြိုး ဆဲ နိုင်ငံအတော် များများ ကတော့ ခုထိ သုံးနေကြဆဲ ဖြစ်ပါတယ်။ ဒီ Asbestos ကို ဘာ့ကြောင့် သုံးဖို့ သဘောကျ ကြတာပါလဲ။
Asbestos ဟာ အပူဒဏ် ခံနိုင်တဲ့အတွက်ကြောင့် အပူခံနိုင်ဖို့ ကာကွယ်တဲ့ ပစ္စည်းအနေနဲ့ သုံးကြတာပါ။ အဆောက်အဦးတွေမှာ မီးခံနိုင်အောင်လည်း သုံးပါတယ်။ ကားတွေရဲ့ ဘရိတ်တုံးတွေမှာ ပွတ်တိုက်မှု ခံနိုင်ရည် ရှိတဲ့အတွက် အနားသတ်တွေမှာ သုံးသလို အိမ်ခေါင်မိုး မိုးတဲ့ နေရာ၊ ပိုက်တွေ လုပ်တဲ့ ဘိလပ်မြေတွေမှာ ကြံ့ခိုင်အား ကောင်းဖို့ asbestos ကို အဖြည့်ခံ ပစ္စည်းအဖြစ် သုံးပါတယ်။ ကျောက်ဂွမ်းဟာ အမျှင် သဘာဝ ရှိတာမို့ မီးခံပိတ်စတွေ လုပ်တဲ့ အမျှင်အဖြစ် သုံးပါတယ်။ သူတို့ကို တွင်တွင်ကျယ်ကျယ် သုံးစွဲရာကနေ ဒီလို အမျှင် သဘာဝကြောင့် ဆိုးကျိုးတွေ ရှိတာကို သိလာကြတဲ့ ၁၉၇၀ နောက်ပိုင်းမှာ တော့ သုံးစွဲမှုသိပ်မရှိတော့ပါဘူး။
ကျောက်ဂွမ်းရဲ့ ထူးခြားတဲ့ မီးဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ဝန်အားခံနိုင်ရည်များတာ အပြင် ဈေးကလည်း သိပ်သက်သာတာမို့ ၁၉ ရာစုနှစ်လောက်ကစပြီး တွင်တွင်ကျယ်ကျယ် သုံးလာ တဲ့ ကျောက်ဂွမ်းကို သုံးဖို့ ဘာကြောင့် ကြောက်လာကြပါသလဲ။ ဆိုးကျိုးတွေက ဘာတွေပါလဲ။
ကျောက်ဂွမ်းဟာ ရင်ခေါင်းနဲ့ အဆုပ်မှာ ရောဂါဖြစ်ပွါးစေပြီး အဖြူရောင် ကျောက်ဂွမ်းက ရှားပါး ကင်ဆာတမျိုးကို ဖြစ်စေပါတယ်။ ဖြစ်ဖို့ခဲယဉ်းပြီး ကုသဖို့ ခက်ခဲတဲ့ Mesothelioma ကင်ဆာမျိုး ကို ဖြစ်စေတာပါ။ အပြာရောင်နဲ့ အညိုရောင်ကျောက်ဂွမ်း တွေကတော့ အဖြူရောင်ကျောက်ဂွမ်းနဲ့ ယှဉ်ရင် ပိုပါးပြီး ပိုဖြောင့်တဲ့ အမျှင်တွေ ရှိသလို ဒီအမျှင်တွေဟာ ပိုပြီးတိုတာမို့ အဆုပ်လမ်းကြောင်းထဲကို တန်းပြီး ဝင်သွားလို့ ရပြီး ကင်ဆာဖြစ်နိုင်ချေ ပိုရှိပါတယ်။ နောက်ရောဂါတမျိုးက ကျောက်ဂွမ်း asbestos ကိုရှုမိလို့ ဖြစ်ပွါးတဲ့ asbestosis လို့ခေါ်တဲ့ အဆုပ်ရောဂါ တမျိုးပါ။ ကျောက်ဂွမ်းအမျှင်တွေကို ရှုရှိုက်မိတဲ့အခါ အဆုပ်မှာရှိတဲ့ ဇီဝပစ္စည်းအစု တစ်သျှူးတွေနဲ့ ထိတွေ့ပြီး ကြာလာတဲ့အခါ အမာရွတ်တွေ လို ဖြစ်လာတတ်ပါတယ်။ အသက်ရှုရ ခက်ခဲစေပြီး မောဟိုက်လာတာ၊ အဆုပ်လေပြွန်တွေ ဆဲလ်တွေမှာ လေအိတ်ကလေးတွေရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိခိုက်စေပါတယ်။
ကျောက်ဂွမ်း အမျှင်တွေကို ရှုရိုက်နေရသူဟာ ဆေးလိပ်ပါ သောက်မယ်ဆိုရင် အဲဒီ ၂ မျိုးပေါင်းလိုက်လို့ ကင်ဆာဖြစ်စေနိုင်တဲ့ ပြင်းအားဟာ တမျိုးထဲကြောင့် ဖြစ်တဲ့ ရောဂါ ထက် ပိုဆိုးဝါးပါတယ်။
Asbestos ကို ရှုရှိုက်မိသူတွေမှာ ရောဂါဖြစ်ပွါးမှုဟာ ချက်ချင်း မသိသာတဲ့အတွက် ဂရုမစိုက်မိတာက များပါတယ်။ တကယ်တော့ တွေ့ရလေ့ရှိတဲ့ Asbestos ၆ မျိုးစလုံးကို ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ပစ္စည်း အဖြစ် သတ်မှတ်ထား တာပါ။ သူနဲ့ ထိတွေ့မှုရှိသူ သေဆုံးနှုံးဟာ တနှစ်ကို တသိန်းလောက် ရှိတယ်လို့ သတင်းထုတ်ပြန် ထားတဲ့ ILO အလုပ်သမားအဖွဲ့၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ ဆေးသုတေသန အဖွဲ့တွေအပြင် နိုင်ငံပေါင်း ၅၀ ကျော်ကပါ သူ့ကို မသုံးစွဲဖို့ တားမြစ်ထား ပါတယ်။ တားမြစ်မှုတွေလုပ်တဲ့ နိုင်ငံတွေ ရှိသလို တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ခွင့်ပြု တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
Australia နဲ့ အီးယူ ဥရောပ နိုင်ငံတွေကတော့ လုံးဝတားမြစ်ထားတဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကျောက်ဂွမ်းအတွက် လုံးဝတားမြစ် မထားပေမယ့် ကျောက်ဂွမ်းသုံးစွဲထုတ်လုပ်မှု ဆိုင်ရာမှာတော့ ပစ္စည်းအသစ် မထုတ်လုပ်ဖို့ လုံးဝ တားမြစ်ထားသလို သုံးစွဲရာမှာလည်း တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ထားရှိပါ တယ်။ အထူးသဖြင့် ကျောင်းတွေမှာ ကျောက်ဂွမ်းအန္တရာယ် မရှိစေဖို့ ဘယ်လို ထိမ်းချုပ် မယ် ဆိုတဲ့ အစီအစဉ်တွေ ရေးဆွဲ ရသလို အဆောက်အဦးတွေ ပြင်ဆင်မယ် ဖျက်မယ် ဆိုရင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို ချပြပြီး ပြင်ဆင် ဖျက်သိမ်းခွင့် ပါမစ်တွေ ယူရတဲ့ အပြင် ကျောက်ဂွမ်းဖယ်ရှားမှု ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ သုံးရပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်ဂွမ်းကို ၁၉၉၀ နှစ်တွေမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အထူးသဖြင့် အစိုးရ အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ပြီး ၂၀၀၄ ခုနှစ်လောက်မှာတော့ မိုင်းတူးတာတွေပါ ရပ်ခဲ့တာပါ။ ဒါပေမယ့် နိုင်ငံ ရပ်ခြားက တင်ပို့တဲ့ ကျောက်ဂွမ်းတွေကို သုံးနေဆဲ ဖြစ်ပါတယ်။ ဒီ Asbestos ကို မြန်မာနိုင်ငံမှာ မသုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပေးကြ ပါတယ်။
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုသိပ်မရှိသေးသလို ကျောက်ဂွမ်းဖယ်ရှားမှု ကျွမ်းကျင်တဲ့ အတတ်ပညာ ရှင်တွေလည်း မရှိသေးပါဘူး။ အဆောက်အဦး တခု အတွက် ကျောက်ဂွမ်
မြို့တော်ခန်းမနဲ့ ဖူးကြီးရေကာတာတွေ အပါအဝင် အဆောက်အဦးအတော်များများမှာ ဒါကို သုံးစွဲခဲ့ပေမယ့် မှတ်တမ်းမှတ်ရာ ကောင်းကောင်း မရှိတာမို့ အန္တရာယ် ကာကွယ်ဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အဆိပ်သင့် အန္တရာယ်ကို အများသိလာအောင် ပညာပေးဖို့လိုပါတယ်။
ကျောက်ဂွမ်းရဲ့ အန္တရာယ်ကို လူအများအပြား သိလာအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုပါတယ်။ အဆောက် အဦး ဆောက်လုပ်၊ ပြင်ဆင်ရေး လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေ၊ အလုပ်သမားတွေ၊ အလုပ်ရှင်တွေကို ကျောက်ဂွမ်းရဲ့ အန္တရာယ်သိအောင် လုပ်ပေးရမှာပါ။ စည်ပင်သာယာလို အဖွဲ့အစည်း တွေက ကျောက်ဂွမ်းကို စံနစ်တကျ စွန့်ပစ်နိုင်အောင် စီစဉ်ပေးဖို့ လိုပါတယ်။ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေအတွက် လိုအပ်တဲ့ အသက်ရှုရာမှာ အန္တရာယ် ကင်းစေဖို့ စီမံထားတဲ့ ပစ္စည်းကရိယာတွေ အသုံးအဆောင်တွေ ပံ့ပိုးပေးဖို့ လိုပါတယ်။
အဆောက်အဦးတွေမှာ ကျောက်ဂွမ်းသုံးထားတယ် ဆိုရင် အဲဒီနေရာ ပျက်စီးနေမနေ စစ်ဆေးဖို့ လိုပါတယ်။ အိမ်ပြင်တဲ့အခါ အိမ်ထဲမှာ လူမရှိရင် ပိုကောင်း ပါတယ်။ ပြင်ဆင်နေတဲ့ နေရာတဝိုက်မှာ ကျောက်ဂွမ်း အန္တရာယ် ရှိတဲ့အကြောင်း စာရေးပြီး ဆိုင်းဘုတ်ကပ်ထားဖို့ လိုပါတယ်။ ကျောင်းတွေမှာ ဆိုရင် ဘယ်အပိုင်းက ကျောက်ဂွမ်းသုံးထားပြီး အဲဒီအပိုင်းက ပျက်စီးမှု ရှိနေ မနေကို စစ်ဆေးဖို့ လိုပါတယ်။ ကျောက်ဂွမ်း ရှိတဲ့ သုံးထားတဲ့ နေရာဆိုရင် ဆိုင်းဘုတ် ကပ်ထားရမှာပါ။
အဓိကကတော့ ဌာနပေါင်းများစွာ ပါဝင် လုပ်ဆောင်ဖို့ပါ။ ဥပမာ အဆောက်အဦးနဲ့ဆိုင်တဲ့ ကန်ထရိုက်တာတွေ၊ အင်ဂျင်နီယာတွေ သိရှိနားလည်ဖို့ လိုသလို ကျန်းမာရေးဌာနကလည်း ကျောက်ဂွမ်း အန္တရာယ် သတိပေးမှုတွေ လုပ်ဖို့၊ စည်ပင်ကလည်း ဘယ်လို စွန့်ပစ်ရမယ်ဆိုတာ ပညာပေးဖို့၊ သဘာဝ ဝန်းကျင် ဌာန ကလည်း ဘယ်လို ထိမ်းသိမ်းဖို့လိုအပ်တယ် ဆိုတာ ပြည်သူတွေ နားလည်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။