အာရုံခံစားနိုင်တဲ့ စက်တွေရဲ့ ကျိုးကြောင်း ဆီလျှော်အောင် လုပ်ဆောင် လာနိုင်တာ တွေကြောင့် သိပ္ပံပညာ၊ ဆေးပညာနဲ့ ပညာရေး ကဏ္ဍတွေမှာ အထောက်အကူ အများကြီး ရလာစေပါတယ်။
ဒီလို ရလာအောင် လူသားတွေရဲ့ ဦးနှောက်နဲ့ ထိမ်းကျောင်းပြီး လုပ်ကိုင်နိုင်စွမ်း ရှိတာတွေကို စက်တွေမှာ သုံးဖို့ သိပ္ပံပညာရှင်တွေက ပထမဆုံး စပြီး စဉ်းစားကြတာပါ။ လက်တွေ့ လုပ်တဲ့ အခါမှာ နောက်ဆုံးပေါ် နည်းပညာတွေ ဆီက ရတဲ့ အချက်အလက်တွေကို သုံးပြီး အကြားအမြင် အာရုံခံစားမှု အပါအဝင် အချက်အလက် တခုစီကို ခွဲထုတ်ပြီး စက်တွေနဲ့ အရိုးဆုံး အရှင်းဆုံး ပြန်ပြီး သုံးနိုင်အောင် ကြိုးစား နေတာမျိုးလို့ Intel Company က ကွန်ပြူတာ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ ဒါဟာ လူသားတွေရဲ့ ဦးနှောက်ကနေ စက်တွေက သင်ယူဖို့ လုပ်တာ ဖြစ်ပါတယ်။
AI အဇီဝ အသိဉာဏ် နည်းပညာရပ်မှာ ဖန်တီးထားတဲ့ အသိဉာဏ်နဲ့ ပါတ်သက်ပြီး ကြုံနေရတဲ့ ယေဘူယျ ပြဿနာ တွေကို ပြဿနာ အငယ်လေးတွေ အဖြစ် ခွဲထုတ်ပြီး ဖြေရှင်း နိုင်ဖို့ သုတေသန ပညာရှင်တွေ ကြိုးစားနေကြတယ်လို့ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။
တစုံတရာကိစ္စရပ်အတွက် ဘာကြောင့် ဆိုတာကို ဆုံးဖြတ်ဖို့ သုံးသပ်ဖို့၊ ပြီးရင် ကောက်ချက်ချဖို့၊ နောက်ဆုံး အဖြေရအောင် ထုတ်ပေးဖို့ လုပ်ရတာ ဖြစ်ပါတယ်။ ဘာသာရပ်တခုကို နားလည်အောင် သင်ယူနိုင်ရမှာ ဖြစ်သလို သာမန် အသိဉာဏ် ရှိအောင်လည်း လုပ်ရမှာပါ။ ဥပမာ အေးနေရင် အနွေးထည်ဝတ်ဖို့လိုမျိုး သာမန် အသိဉာဏ်၊ ထမင်းဆာရင် ထမင်းအိုးဖွင့်ဖို့ ထမင်းမရှိရင် တည်ရမယ် ဆိုတာမျိုး သိဖို့ပါ။
စက်ရုပ်ကို စီမံခန့်ခွဲမှုချပေးရာမှာ Motion plan လို့ခေါ်တဲ့ ဘာပြီး ဘာလုပ်ရမယ် ဆိုတဲ့ planning စီမံခန့်ခွဲပေးဖို့အပြင် အမှားအမှန် ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိအောင် လုပ်ပေးဖို့ပါ လိုအပ်သလို machine vision လို့ ခေါ်တဲ့ စက်ရုပ်ရဲ့ အမြင်ကိုလည်း နားလည်အောင် လုပ်ဖို့ လိုပါတယ်။ ဒါ့အပြင် ဘာသာစကား တခုရဲ့ အဓိပ္ပါယ်ကိုဖွင့်ဆိုနိုင်စွမ်း ရှိဖို့ ဥပမာ မေးတဲ့ မေးခွန်းကို ဘာမေးတယ် ဆိုတာ သိရအောင် စက်ဦးနှောက်ထဲ ရှာဖွေပြီး ဘာပြန်ဖြေရမယ် ဆိုတာကို သိအောင် လုပ်ပေးဖို့လိုအပ်တာပါ။
အခုလို ပြဿနာတွေကို ဖြေရှင်းလာနိုင်ပြီ ဆိုရင် ဒီလို ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ စက်ရုပ်တွေ ကနေ လူသားတွေကို ဒုက္ခပေးနိုင်တဲ့ အဆင့်ရောက်နေပါပြီလား။
အဇီဝ အသိဉာဏ်သုံးစက်တွေကနေ လူသားတွေကို ဒုက္ခပေးနိုင်လောက်တဲ့ အဆင့်ထိရောက်အောင် မတိုးတက်သေးပါဘူး အဲဒီလို အဆင့်ရောက်လာအောင် တီထွင်ဖို့ နှစ်ပေါင်း ရာပေါင်းများစွာ လိုနေသေးတယ်လို့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။ ဘာကြောင့်ပါလည်း Artificial Intelligence စီမံကိန်းထဲမှာ လုပ်ရမှာက social intelligence လို့ ခေါ်တဲ့ ကိုယ်ချင်း စာနာတဲ့ စိတ် ရှိအောင်လုပ်ဖို့ပါ။ ဒါကို မေတ္တာစိတ်လို့ ခေါ်ပါတယ်။ မေတ္တာစိတ် ရှိလာအောင် လူတယောက် စိတ်ဆိုးနေသလား၊ ဒေါသထွက်နေသလားဆိုတာ သိဖို့ လိုပါတယ်။ အခု အဲဒီလို စိတ်ရှိလာအောင် စက်ကို ဘယ်လို ပုံဖေါ်ရမယ် ဆိုတဲ့ ကိစ္စဟာ အတော်ကို ခက်ခဲတာမို့ ခုထိ မတီထွင်နိုင်သေးပါဘူး။
ဒီ AI နည်းပညာကို သုံးတဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ တီထွင်ထားတဲ့ စက်တွေဟာ လက်ရှိမှာ ဘယ်အဆင့်ထိ တိုးတက်နေပါပြီလဲ။
AI နည်းပညာရှင်တွေရဲ့ အဆိုအရ သူတို့ရဲ့ အကောင်းဆုံး စက်ရုပ်ဟာ ဆွံ့အ နားမကြား ဖြစ်နေတဲ့ ပိုးဟပ် လောက်တောင် အသိဉာဏ် မရနိုင်သေးပါဘူးလို့ ပြောကြပါတယ်။ လူအဆင့် ချင်ပန်ဇီ အဆင့် မပြောနဲ့ ပိုးဟပ် လောက်တောင် သင်ပေးလို့ မရသေးတဲ့ အတွက် ပိုးဟပ် အဆင့်တောင် မမှီသေးဘူးလို့ ဆိုပါတယ်။ ဒါဟာ အဓိကအားဖြင့် social intelligence လို့ခေါ်တဲ့ ချစ်တဲ့စိတ် စိတ်ဆိုးတဲ့စိတ် ကိုယ်ချင်းစာတဲ့ စိတ် တွေရှိအောင် ဘယ်လို သင်မလဲ၊ ဘယ်လို ရအောင် လုပ်ယူမလဲဆိုတာ တွေ အပြင် creativity လို့ခေါ်တဲ့ လူတွေမှာ ရှိတဲ့ ပစ္စည်းလေးနဲ့ တစုံတခုကို ရအောင် ဖန်တီးယူနိုင် တာမျိုး၊ သာမန် နေ့စဉ်နေ့တိုင်း ဆုံးဖြတ်လုပ်ကိုင်ရတဲ့ general intelligent မျိုးကို စက်ရုပ်မှာ လုပ်ခိုင်းလို့ မရသေးတာ ကြောင့်ပါ။
လူသားနဲ့ အဓိက ကွာခြားချက်က စက်ရုပ်မှာ ခံစားမှု မရှိတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် Artificial Intelligence အဆင့်မြင့်အောင် အများကြီး ကြိုးစားရအုံးမယ်လို့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။