သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည်စခန်းသုံးခုမှာ ကူးစက်မြန်ရာသီတုပ်ကွေးဖြစ်ပွား


ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ကမ်းဘေးမှာရှိတဲ့ ပလောတပို့ စစ်ဘေးရှောင်စခန်းတွင်းနေထိုင်နေကြသူ ကရင်တိုင်းရင်းသားများ။ (ဓာတ်ပုံ-ပလောတပို့စခန်း)
ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ကမ်းဘေးမှာရှိတဲ့ ပလောတပို့ စစ်ဘေးရှောင်စခန်းတွင်းနေထိုင်နေကြသူ ကရင်တိုင်းရင်းသားများ။ (ဓာတ်ပုံ-ပလောတပို့စခန်း)

အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပိုထားပါတယ်။

ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးအသွင်ဖျားနာမူတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်းကို အစားအသောက်တွေအကူညီပေးနေသူ ဦးဇော်ထွန်းကအခုလိုပြောပါတယ်။

"ပလော့တပို စစ်ရှောင်စခန်းမှာ ကူးစက်မြန် ဖျားနာမှုများနေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာပေါ့။ လူများတဲ့စခန်းတွေပေါ့။ ကျနော်တို့နဲ့အဆက်သွယ်ရှိတာက ထီးလောကောကော၊ ပလော့တပို့စခန်းကော၊ ကျောက်ခက်စခန်းလည်း အဆက်အသွယ်ရှိတယ်။ အများကြီးဖြစ်နေတော့ ကူးစက်မှုလည်းများတယ်။ တအိမ်မှာတယောက်ဖြစ်ရင် တအိမ်လုံးလည်းဖြစ်ကုန်တယ်။ အဓိက,ကတော့ တုပ်ကွေးဖြစ်တယ်။ တုပ်ကွေးနဲ့ရောပြီး ငှက်ဖျားလည်းဖြစ်တယ်။
အဲဒီတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်။"

ကိုဗစ်ဆန်ဆန် ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

ပလော့တပို့စခန်းကတော့ စခန်းကြီးတခုဖြစ်ပြီး အဲဒီနေရာနဲ့အနီးတဝိုက်မှာ စစ်ဘေးရှောင်တွေ အစုလေး ၁၀ ခုလောက်ရှိပြီး ပလော့တပို့မှာတော့ လူဦးရေ ၃,၀၀၀ လောက်နေထိုင်နေပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာသာမက ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

"အဓိကတော့ လူသားချင်းစာနာတဲ့အကူညီတွေလိုအပ်နေတယ်။ အရင်က စားစရာတွေ လိုအပ်နေတယ်။ ဆန်၊ ဆီ၊ ဆား ရိက္ခာပေါ့။ အခုကတော့ ဆေးဝါးပါလိုအပ်နေတယ်။"

ပလောတပို့စစ်ရှောင်စခန်းဟာ လေးကေ့ကော်ငြိမ်းချမ်းရေးမြို့သစ်မှာ တိုက်ပွဲဖြစ်ပြီးချိန်ကစလို့ စစ်ဘေးရှောင်ရတာဟာ ၂ နှစ်ခွဲကျော်ကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ပလောတပို့စခန်းကို သောင်းရင်းမြစ်ဘေးမှာပဲ အင်ဖက်တဲတွေနဲ့တည်ဆောက်ထားပြီး ပလောတပို့၊ ကဆောဝါးလေး၊ မယ်ထော်သလေး၊ လေးကေကော်၊ ဖလူး၊ ဝေါ်လေ၊ ရသေ့ဂူစတဲ့ကျေးရွာတွေက နေရပ်ပြန်မရတဲ့ ဒေသခံတွေနေထိုင်နေကြတာာဖြစ်ပါတယ်။ အဲဒီစခန်းမှာ ကလေး ၃၀၀ ကျော်ရှိသလို ထီးလောကောနေရာနဲ့ ကျောက်ခက်နေရာတွေမှာလည်း ကလေးတွေရှိနေပါတယ်။

အခုဆိုရင် ကူးစက်မှုတွေ၊ ဖျားနာမှုတွေများတဲ့အတွက် ကလေးငယ်တွေကို ကျောင်းမလွှတ်ဘဲ အိမ်မှာပဲနေထိုင်ခိုင်းကြတယ်လို့ဆိုပါတယ်။ သောင်ရင်းမြစ်တလျှောက်မှာ လတ်တလော စစ်ဘေးရှောင်ဦးရေ ၄,၅၀၀ ဝန်းကျင်ရှိပြီး အခုဆိုရင် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG