ကယား ခေါ် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ အရှေ့ခြမ်းက စစ်ပြေး ဒုက္ခသည်တွေကြား အခုရက်ပိုင်း ငှက်ဖျားရောဂါတွေ ဖြစ်နေပြီး ဆေးပစ္စည်းတွေကလည်း ပြတ်လပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ရာသီတုပ်ကွေးတွေကလည်း ဆက်လက်ကူးစက်နေပြီး ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာဆိုရင် စစ်ရှောင်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရာသီတုပ်ကွေး ဖြစ်နေပါတယ်။ အလားတူ ဖယ်ခုံဘက်မှာလည်း ရာသီတုပ်ကွေး ကူးစက်သူတွေ ပိုများလာနေတဲ့အကြောင်း သတင်းပေးပို့ချက်ကို မဆုမွန် က တင်ပြပေးပါမယ်။
ကရင်နီဒေသမှာ တိုက်ပွဲတွေကြောင့် ဒေသခံ အများစုဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို လက်ရှိမှာ စားရေးသောက်ရေး ခက်ခဲတဲ့အပြင် ကျန်းမာရေး ပြဿနာတွေကလည်း ပိုများလာပါတယ်။
ခုရက်ပိုင်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကြား ငှက်ဖျားရောဂါ ကူးစက်တာတွေ ရှိနေပြီး ဆေးပစ္စည်း အလုံအလောက် မရှိတာကြောင့် ဖျားနာသူ အားလုံးကို စစ်ဆေး ကုသပေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ခုလို ပြောပါတယ်။
“ပိုပြီးတော့မှ ဂရုတစိုက် စစ်ဆေးမှုတွေ လုပ်နေတာကတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ကျန်ခဲ့တဲ့ တချို့စစ်ရှောင်ရယ်၊ တချို့ရွာခံတွေမှာ ဖြစ်နေတာဆိုတာ ကျနော်တို့ သိရပါတယ်။ အရမ်းကြီးကို အများကြီးကို ကူးစက်နေတာတော့ မဟုတ်သေးဘူးပေါ့နော်။ ဆေးဝါး လိုအပ်ချက်အရ နောက်ပြီး အဓိက စစ်ဆေးဖို့အတွက်၊ ငှက်ဖျားရောဂါနဲ့ ဟုတ် မဟုတ် စစ်ဖို့အတွက်က နည်းနည်းလည်း ခက်ခဲရှိတာ တခုရှိတယ်။ lab ကလည်း အဆင်မပြေဘူးလေနော်။ အခုနောက်ပိုင်း တခါသုံး ငှက်ဖျား ဖောက်စက်နဲ့တော့ သွားနေတာရှိတယ်။ ဒါပေမဲ့ ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံနေရတော့ အားလုံးကိုတော့ ကျနော်တို့ မစစ်ပေးနိုင်သေးဘူး။”
အများစုက အဖျားပြင်းပြီး ခေါင်းကိုက်တာ အော့အန် မူးဝေတာတွေလို ရောဂါ လက္ခဏာတွေ ခံစားနေကြရတာပါ။ တချိန်တည်းမှာပဲ ရာသီတုပ်ကွေး ကူးစက်မှုတွေကလည်း ယာယီစစ်ရှောင် စခန်းတိုင်းလိုလိုမှာ ဖြစ်နေတယ်လို့ ကိုဗညားက ပြောပါတယ်။
“ အများစု တွေ့တာက ဖျားနာ အပူတွေ ကြီးတယ်။ ခေါင်းတွေကိုက်တယ်။ အဲ့ဒီဟာတွေပေါ့။ အဓိကဖြစ်တာပေါ့နော်။ နောက်ပြီးတော့မှ မူးရင် အော့အန်တယ် ဆိုတဲ့ ပုံစံမျိုး ဆက်စပ်တယ်ပေါ့နော်။ အဓိကတော့ အပူတအား တက်တယ်။ အပူပြင်းတယ်ပေါ့နော်။ နောက်ပြီးတော့မှ အရမ်းကို ခေါင်းမူး ခေါင်းကိုက်တယ်ပေါ့နော်။ အဓိက ဒီလက္ခဏာတွေ ရှိကြပါတယ်။ တုပ်ကွေးရော ဖြစ်နေကြတော့ တုပ်ကွေးကတော့ စစ်ရှောင်စခန်း အားလုံးနီးပါးမှာ ဖြစ်နေတယ်ပေါ့။ ရွာမှာလည်း တုပ်ကွေးတွေ ဖြစ်ကြတာရှိပါတယ်။”
ဖရူဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင် ဦးရေ ၆,၀၀၀ လောက်ရှိတဲ့အထဲ ၇၅ ရာခိုင်နှုန်းလောက်အထိ ရာသီတုပ်ကွေး ကူးစက်နေကြပြီး အများစုက ဆေးမကုနိုင်ဘူးလို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
“မိုးတွင်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ပိုခက်ခဲသွားတာပေါ့နော်။ ဆိုင်ကယ်နဲ့လည်း အသုံးပြုလို့ မရတော့ဘူးပေါ့။ ကားတွေလည်း အသုံးပြုလို့မရတော့ တချို့ဆိုရင် တအားဖျားတယ်။ ဆေးရုံကို မဖြစ်မနေ တက်ရမယ်ဆိုရင်တောင်မှ ခြေလျင်နဲ့ အဲ့လိုမျိုးပေါ့နော်။ ကုန်းပိုး (ထမ်းပိုး) သွားရတာမျိုး။ အဲ့လိုမျိုးတွေ လုပ်ရတယ်ပေါ့နော်။ အရမ်း ဝေလံခေါင်းဖျားတဲ့ နေရာမှာ ဆေးခန်းတွေ ဆရာမတွေ မရှိဘူးပေါ့နော်။ ဥပမာ ဖျားတယ် ဆေးမရှိဘူးဆိုလည်း ဒီတိုင်းပဲ ထားလိုက်တာတွေရှိတယ်။”
ကူးစက်လွယ်တဲ့ ဖျားနာမှုဖြစ်လို့ ခွဲခြားနေသင့်ပေမဲ့ စစ်ပြေးဒုက္ခသည်တွေ အတွက်မှာတော့ အဲ့ဒီလို သီးသန့်ခွဲနေလို့ရတဲ့ အခြေအနေ မရှိတာကြောင့် တယောက်ဖြစ်ရင် တမိသားစုလုံး ကူးစက်သွားတာမျိုး ဖြစ်နေတာပါ။ အလားတူ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်မှာလည်း ရာသီတုပ်ကွေးရောဂါ ဖြစ်နေကြတယ်လို့ စစ်ရှောင် အမျိုးသမီးတဦးက ပြောပါတယ်။
“တရွာလုံးနီးပါးလောက် ဖျားကြတယ်ရှင့်။ ရွာက လူဦရေး ဆို ၄၅၅ ရှိတယ် ဆိုတော့ အဲ့တရွာလုံးနီးပါးလောက်ကို ဖျားတယ်။ မဖျားတဲ့သူ သိပ်မရှိဘူး။ မဖျားတဲ့သူလည်း နောက်ကျရင် ပြန်ဖျားလာတာမျိုးပေါ့နော်။ အခြား နေကောင်းတဲ့သူလည်း နောက်တပတ်လောက် သူတို့ ပြန်ဖျားတာမျိုးပေါ့၊။ ကျမသားလည်း ဖျားနေတယ်ရှင့်။ ဖျားတာ အဖုတွေလည်း ထွက်လာတယ်။ အဖု သေးသေးလေး ချွေးမိတ်လို ပုံစံမျိုး တကိုယ်လုံးပေါက်နေတယ်။ အဲ့ဒါ လူကြီးပိုဆိုးတယ်လို့ ပြောလို့ရတယ်။ လူကြီးတွေလည်း ဖျားတာလည်း ကြာတယ်ရှင့်။ အဲ့ဒါ လူကြီးရော ကလေးရော အကုန်လုံး အဖျားပြင်းနေကြတယ် ပြောရမယ်ရှင့်။”
တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်ပြီး လမ်းပန်း ဆက်သွယ်ရေးကလည်း ပိုပြီး ခက်ခဲလာတာကြောင့် ခုနောက်ပိုင်း စစ်ပြေး ဒုက္ခသည်တွေ အတွက် အကူအညီရဖို့က ပို ခက်ခဲလာပါတယ်။ လတ်တလော မိုးရာသီကာလလည်း ဖြစ်နေတာကြောင့် တချို့ဒေသတွေမှာ မိုးများပြီး ရေကြီးရေလျှံတာလို သဘာဝဘေး ကြုံရတာရှိသလို၊ ဒီလို ရာသီဥတု ဆိုးနေတဲ့အချိန် ဖျားနာမှုတွေနဲ့ စားနပ်ရိက္ခာ မလုံလောက်တာ၊ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။