ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲတွေအတွက် အင်္ဂါနေ့က မနီလာမြို့တော်မှာ အုပ်စုအသီးသီးခွဲတာမှာ မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်အသင်းနဲ့ အတူ အုပ်စု A မှာကျပါတယ်။
ဒီအုပ်စုမှာပါတဲ့ တခြားအသင်းတွေကတော့ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ တီမော လက်စ်တေ အသင်းတွေပါ။
ဒါကြောင့် အုပ်စု B မှာကျတဲ့အသင်းတွေကတော့ လက်ရှိချန်ပီယံ ထိုင်းအသင်းနဲ့အတူ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ စင်္ကာပူ၊ ဘရူနိုင်းအသင်းတို့ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဒီပြိုင်ပွဲ စတင်ကျင်းပတဲ့ ၁၉၇၇ ခုနှစ်ကတည်းက တကြိမ်မှ ရွှေတံဆိပ် မရဖူးသေးပါဘူး။ ၁၉၉၃၊ ၂၀၀၇ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဗိုလ်လုပွဲထိ ရောက်ခဲ့ဖူးပြီး အဲဒီသုံးကြိမ်စလုံးမှာလည်း ထိုင်းအသင်းကို အရေးနိမ့်ပြီးတော့ ငွေဆုနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ၁၉၇၇၊ ၂၀၀၁ နဲ့ ၂၀၁၁ ခုနှစ်တွေမှာတော့ တတိယ ကြေးတံဆိပ် ရခဲ့ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပမယ့် အခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအားလုံးအနေနဲ့ အသက် ၂၂ အောက် ကစားသမားတွေနဲ့သာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသက်ကျော်တဲ့ ကစားသမား နှစ်ဦးအထိပဲ ထည့်သွင်းခွင့် ပြုထားပါတယ်။
.........................
{Unicode}