၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ U-22 အမျိုးသားဘောလုံးပွဲစဉ် ဆီမီးဖိုင်နယ်ပွဲတွေကို ဒီကနေ့ စနေနေ့မှာ ကစားကြတော့မှာဖြစ်ပါတယ်။
မြန်မာနဲ့ ထိုင်းအသင်းတို့ဟာ ဆလာရန်းကွင်းမှာ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အိမ်ရှင် မလေး ရှားနဲ့ အင်ဒိုနီးရှားအသင်းတို့ကတော့ ရှားအလမ်ကွင်းမှာ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
SEA Games အဖြစ် အမည်ပြောင်းလဲကျင်းပခဲ့တဲ့ ၁၉၇၇ ခုနှစ်ကတည်းကဆိုရင် မြန်မာနဲ့ထိုင်းတို့ ဆီမီးဖိုင်နယ်မှာတွေ့တာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ဖိုင်နယ်မှာတော့ ၃ ကြိမ်တွေ့ဖူးပြီး ၃ ကြိမ်လုံး မြန်မာကရှုံးထားပါတယ်။ နောက်ဆုံးတွေ့ခဲ့တာက ၂၀၁၅ ခုနှစ်မှာ စင်္ကာပူကလက်ခံကျင်းပတဲ့ SEA Games ဖိုင်နယ်မှာဖြစ်ပြီး ထိုင်းက ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။
အခု ယူ-၂၂ အသင်းမှာပါတဲ့ ကစားသမားတွေထဲမှာတော့ ဗီယက်နမ်မှာလုပ်ခဲ့တဲ့ အာဆီယံ ယူ-၁၉ ပြိုင်ပွဲနဲ့ ၂၀၁၄ အောက်တို ဘာမှာ မြန်မာကအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ ထိုင်းကို အနိုင်ရခဲ့ဲတဲ့ မြန်မာအသင်းတွေမှာ ပါခဲ့သူတွေ ရှိပါတယ်။ ပွဲရလာဒ် ဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပေမယ့် အကျိတ်အနယ်ရှိမယ့် ပွဲတပွဲအဖြစ်တော့ အများက သုံးသပ်ကြပါတယ်။
အိမ်ရှင်မလေးရှားနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲဟာလဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံတော်အလံနဲ့ ပတ်သက်ပြီး ရှိထားခဲ့တဲ့ အခြေအနေတွေကြောင့် လူတွေ စိတ်ဝင်တစားစောင့်ကြည့်မယ့် ပွဲတပွဲဖြစ်ပါလိမ့်မယ်။