၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲမှာ မြန်မာ ယူ-၂၂ အသင်းဟာ အကြိုဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။
မြန်မာ နဲ့ ဘရူနိုင်းအသင်းတို့ ဒီကနေ့ ကစားကြတာမှာ မြန်မာက ၆ ဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ်နိုင်ပြီး အနိုင်ရပြီး မြန်မာအသင်းဟာ ၃ ပွဲ နိုင် ၉ မှတ် နဲ့ အကြိုဗိုလ်လုပွဲကို တက်သွားတာဖြစ်ပါတယ်။ မြန်မာအတွက် ပထမဂိုးကို အောင်သူက ၂၃ မိနစ်မှာ သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ စည်သူအောင်က ၃၉ မိနစ်မှာ သွင်းခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းမှာ မြန်မာက ၂ ဂိုး ဂိုးမရှိ နဲ့ ဦးဆောင်ခဲ့ပါတယ်။
မြန်မာအတွက် တတိယ နဲ့ စတုတ္ထဂိုးတွေကိုတော့ အောင်းကောင်းမာန်က ၇၂ မိနစ် နဲ့ ၈၃ မိနစ်တွေမှာ သွင်းခဲ့ပြီး၊ မိနစ် ၉၀ မှာ တဂိုးမောင်မောင်လွင်က ၁ ဂိုး ၊ နာကျင်အချိန်ပို ၉၃ မိနစ်မှာ လူစားဝင်လာတဲ့ မြန်မာတိုက်စစ်မှူး သန်းပိုင်က နောက်တဂိုးသွင်းခဲ့လို့ ၊ မြန်မာအသင်းက နောက်ဆုံးမှာ ၆ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်း ဟာ သြဂုတ်လ ၂၁ ရက်နေ့မှာတော့ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ်နဲ့ အိမ်ရှင်မလေးရှားအသင်း နဲ့ ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်း အနေနဲ့ အုပ်စုဗိုလ်ဖြစ် မဖြစ်ဆိုတာ နဲ့ အကြိုဗိုလ်လုပွဲမှာ တဘက်အုပ်စုက ဘယ်အသင်းနဲ့ တွေ့မလဲဆိုတာ အဲဒီပွဲရလဒ်ပေါ်မှာ မူတည်ပါတယ်။ ဒီကနေ့ ကစားတဲ့ စင်ကာပူ နဲ့ လာအိုပွဲမှာတော့ စင်ကာပူက ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆုတံဆိပ်ရရှိမှုအနေအထားမှာတော့ - မလေးရှားက ရွှေ ၇ ခု၊ ငွေ ၃ ခု ၊ ကြေး ၃ ခု နဲ့ ပထမ၊ မြန်မာက ရွှေ ၂ ခု၊ ငွေ ၁ ခု နဲ့ ဒုတိယ၊ အင်ဒိုနီးရှားက ရွှေ ၂ ခု ၊ ကြေး ၂ ခု နဲ့ တတိယနေရာမှာရှိနေပါတယ်။