အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရ ချမှတ်ပေးတဲ့ စံသတ်မှတ်ချက်တွေအောက်မှာ သက်ဆိုင်ရာ ပြည်နယ်တွေအတွက် ကိုယ့်ပြည်နယ်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အုပ်ချုုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းနှစ်ရာကျော် ကျင့်သုံးခဲ့တဲ့ ပြည်ထောင်စု စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတွေကတော့ ဒီနေ့အထိ ရှိနေဆဲဖြစ်တဲ့အကြောင်း ရန်ကုန် Kafe in Town မှာ ဒီနေ့ ကျင်းပတဲ့ ISP မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့က ကျင်းပတဲ့ ဖက်ဒရယ် ရေးရာ ဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ပါတယ်။
ISP မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့က ထုတ်ဝေတဲ့ စာစောင်ပါ စာတမ်းတွေနဲ့ပတ်သက်ပြီး သုံးလတကြိမ်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဒီမိုကရေစီပြည်ထောင်စု၊ မျှော်ရည်ပန်းတိုင်နှင့် ညှိ့နိုင်းယူရမည့် ဖြစ်တန်ခြေများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ ဆွေးနွေးကြတာပါ။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေတွေနဲ့ ပြည်ထောင်စုစနစ်အကြောင်းကို ရှင်းပြသွားခဲ့တာပါ။
"အမျိုးသား အစိုးရကို လုံလောက်တဲ့ အာဏာအပ်နှင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ကျနော်တို့က တည်ဆောက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ပြည်နယ်တွေနဲ့ ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေကိုလည်း တာဝန်အပ်နှင်းပြီး တာဝန်ယူဖို့ အာဏာနှင်းအပ်ထားတဲ့ လုပ်ပိုင်ခွင့် ခွင့်ပြုထားတာပါ။ ဒါကြောင့် ဒေသဆိုင်ရာ အရာရှိတွေ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ သူတို့ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါတယ်။ "
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Vikram Misri လည်း တက်ရောက်ပြီး အိန္ဒိယနိုင်ငံမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေနဲ့ အယူအဆပေါင်းစုံ ပေါင်းစည်းနေထိုင်နိုင်အောင် ချမှတ်ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်အကြောင်းကို ရှင်းပြသွားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မတူကွဲပြားတဲ့ လူမျိုးတွေ စုပေါင်းဝင်ရောက်လာတဲ့ နေရာဖြစ်သလို အန္ဒိယဆိုတာကလည်း အစိတ်အပိုင်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးက ညီညီညွတ်ညွတ်နေထိုင်ရေး လိုအပ်ချက်ကို ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။ ချဉ်းကပ်ပုံမှာ ကွဲလွဲချက် အနည်းငယ် ရှိတယ်ဆိုပေမယ့် နှစ်နိုင်ငံစလုံးက ရည်မှန်းချက်တွေမှာတော့ အတူတူပါပဲ၊ ပြည်သူတွေ အားလုံး အရည်အသွေးအတူတူ၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတန်းတူ ရရှိရေးဆိုတဲ့ မူတွေအပေါ်မှာ တိုင်းပြည်ကို တည်ဆောက်ထားတာပါလို့လည်း သံအမတ်ကြီး Vikram Misriပြောပြသွားတာပါ။
ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကတော့
"ဒီဖက်ဒရယ်အကြောင်းပြောကြရင် အားလုံးက ပြဿနာတွေ ပြေလည်မယ်လို့ ထင်နေကြတယ် ဒါကလည်းမဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ် ဒီနိုင်ငံမှာ Identity လို့ခေါ်တဲ့ ဝိသေသ အမှတ်အသားလက္ခဏာအကြောင်းပြောရင် လူမျိုးစုနဲ့ ဘာသာရေး Identity ကိုပဲ ဦးစားပေးလေ့ရှိတယ်။ တကယယ်တမ်းကြတော့ ပြီးခဲ့တဲ့ နှစ်၂၀-၃၀ အတွင်းမှာ လူတန်းစားကွာခြားချက်တွေကို တွေ့ရတယ်။ ဆင်းရဲချမ်းသာကွာခြားမူက အကြီးမားကြီး ဖြစ်လာတာတွေ့ရတယ်။ ရှမ်းထဲမှာလည်း ရှမ်း ခရိုနီ၊ ရှမ်းသူဌေး ရှိသလို ရှမ်းနင်းပြားတွေလည်းရှိတာပဲ။ ကချင် ခရိုနီ၊ ကချင်သူဌေး ရှိသလို ကချင်နင်းပြားတွေလည်းရှိတာပဲ။ ဒီဖက်ဒရယ်စနစ်ကြီးပေါ်လာလို့ ဒီနင်းပြားတွေဘက်က ပြောပေးမယ့်လူမရှိရင်တော့ ဒီလူတွေဘဝက ဒုံရင်းက ဒုံရင်းဖြစ်မှာပဲ။ အဲဒီတော့ ကျနော်တို့က စဉ်းစားတဲ့အခါမှာ identity ကိုတခုတည်းမပြောသင့်ဘူးလို့ထင်တယ်။ အဲဒီတော့ ကျနော်တို့ခေတ်ရဲ့ နောက်ထပ် structure ပေါ့နော် ။ အကျပ်အတည်းတခု အမွေဆက်ခံလိုက်ရတဲ့ အကျပ်တည်းတခုက ဘာလဲဆိုတော့ လူမျိုးရေး၊ ဘာသာရေးတင်မကဘူး လူတန်းစားကွာဟမှု ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာတာ စဉ်းစားဖို့သင့်တယ် အမျိုးသား ၊ အမျိုးသမီး၊ကျား၊ မ ခံယူစိတ်ပေါ်မှာ မူတည်ပြီးတော့ ခွဲခြားဆက်ဆံမှုတွေလည်း ပိုများလာတာတွေ့ရတယ်။ ဒါတွေလည်း ကျနော်တို့စဉ်းစားသင့်တယ်"
ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဖက်ဒရယ်မူ၊ တိုင်းရင်းသားဒေသတွေနဲ့ တန်းတူအခွင့်အရေး၊ ပထဝီဝင်အနေအထားနဲ့ လူမျိုးစုကို အခြေခံတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံ၊ ပင်လုံသဘောတူညီချက် စတဲ့အကြောင်းအရာ တော်တော်များများအပြင် တက်ရောက်လာသူတချို့ရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြား ဆွေးနွေးသွားခဲ့ပါတယ်။