မေလ ၂၉ ရက် တနင်္လာနေ့က ပြီးဆုံးသွားတဲ့ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ အဖြစ်နဲ့ ကဏ္ဍ ၄ ခုက အချက်ပေါင်း ၃၇ ခုကို သဘောတူညီလက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မြေယာနှင့်သဘာဝပတ်ဝန်းကျင် စတဲ့ကဏ္ဍတွေမှာ အများအားဖြင့် သဘောတူညီချက်ရရှိခဲ့ကြပေမဲ့ လုံခြုံရေးနဲ့ပါတ်သက်လို့တော့ တစုံတရာသဘောတူနိုင်ခဲ့ခြင်းမရှိပါဘူး။ အခုကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကနေ ပြည်ထောင်စုသဘောတူစာချုပ်ဆီ ဦးတည်ရှေ့ဆက်နိုင်ဖို့ ဘယ်လို အလားအလာရှိပါသလဲ မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသာအဖွဲ့အစည်း ကိုယ်စားလှယ်တွေကြား မေလ ၂၄ ရက်နေ့ကစလို့ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးနောက်၊ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအဆုံးသပ်တဲ့ တနင်္လာနေ့မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ ဆိုတဲ့ သဘောတူညီချက်ကို ရရှိခဲ့ကြပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သဘာဝပါတ်ဝန်းကျင်စတဲ့ ကဏ္ဍတွေအတွက် မူဝါဒသဘောတူညီချက် စုစုပေါင်း ၃၇ ချက်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကအဆိုပြုတင်သွင်းခဲ့တဲ့ မူဝါဒအဆိုပြုချက် ၄၁ ချက်မှာ ၃၇ ချက်ကို သဘောတူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ညှိနှိုင်းမရခဲ့လို့ ၂ ရက်တောင်ပြည့်အောင် မဆွေးနွေးနိုင်ခဲ့ဘဲ သဘောတူညီမှုတခုမှ မရခဲ့တာကတော့ လုံခြုံရေးကဏ္ဍဖြစ်ပါတယ်။ Federal ပြည်ထောင်စုတပ်မတော်ဆိုတဲ့ အသုံးအနှုန်းကို တပ်မတော်ဖက်က လုံးဝ လက်မခံနိုင်ခဲ့တာကြောင့် ရှေ့ဆက် မဆွေးနွေးနိုင်ခဲ့ကြတာပါ။ ဘဘောတူညီချက်ရရှိခဲ့တဲ့ ကဏ္ဍတွေမှာထဲလည်း ညှိနှိုင်းမရလို့ သဘောမတူနိုင်ခဲ့တဲ့ အချက်တွေရှိပါတယ်။ ဥပမာနိုင်ငံရေးကဏ္ဍမှာဆိုရင် တိုင်းရင်းသားပြည်နယ်တွေ ခွဲမထွက်ရေးဆိုတဲ့အချက်နဲ့ပါတ်သက်လို့ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြား လုံးဝ သဘောမတူနိုင်ခဲ့ကြပါဘူး။ တခါ စီးပွားရေးကဏ္ဍမှာဆိုရင်လည်း Federal စနစ်ကို အခြေခံတဲ့ စီးပွားရေးကို ဘယ်လိုပုံစံနဲ့ လုပ်မှာလဲဆိုတဲအြချက်ကို ညှိနှိုင်းမရခဲ့လို့ သဘောတူညီချက်ထဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။
လက်ရှိမြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ်ကွဲနေတာကနေ အားလုံးတန်းတူသတ်မှတ်ရေးကိုတော့ နိုင်ငံရေးကဏ္ဍထဲမှာ သဘောတူနိုင်ခဲ့ကြပါတယ်။ ပထဝီနဲ့လူမျိုးကို အခြေခံပြီးသတ်မှတ်မှာဖြစ်တယ်လို့ ၂၁ရာစုပင်လုံ ညီလာခံဖြစ်မြောက်ရေးကော်မတီဝင် ဒေါက်တာ ဆလိုင်း လျန်းမုန်းက VOA ကိုရှင်းပြပါတယ်။
“ကျနော်တို့ နယ်မြေသတ်မှတ်ရေးကတော့ ကျနော်တို့ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေအားလုံးကို ကျနော်တို့ အနေနဲ့ ပြည်နယ်လို့ ခေါ်ချင်တယ်။ တိုင်းဒေသကြီးပြည်နယ်တွေခွဲလိုက်တာက ဟိုးတုန်းက ပြည်နယ်၊ ပြည်မ ပြဿနာ ဖြစ်ပေါ်စေခဲ့တယ်။ နောက်ပြီးတော့ မြန်မာနဲ့ အခြားတိုင်းရင်းသားတွေ ကြားမှာ သွေးကွဲမှုဖြစ်စေခဲ့တယ်။ ထို့အတွက်ကြောင့် ကျနော်တို့က ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေ အားလုံးကို ပြည်နယ်လို့ခေါ်ရင်ခေါ် ၊ တိုင်း လို့ခေါ်ရင်ခေါ်၊ တိုင်းဒေသကြီး လို့ခေါ်ရင်ခေါ်နာမည်တူ ပုံစံတူ တခုတည်းဖြစ်ရမယ်ဆိုတာ ကျနော်တို့ တင်ပြတာဖြစ်ပါတယ်။ မန္တလေးတိုင်းဆိုရင် မန္တလေးပြည်နယ် ၊ ဧရာဝတီတိုင်းဆိုရင် ဧရာဝတီပြည်နယ်။ ဒါမှမဟုတ် ကျနော်တို့ တိုင်းကို သုံးမယ်ဆိုရင် ကချင်တိုင်း၊ ချင်းတိုင်း၊ ဧရာဝတီတိုင်း ၊ မန္တလေးတိုင်း အတူတူ ။ ဒါပေမယ့် ကျနော်တို့က ဒေသကြီးတော့ မကြိုက်ဘူး။ ကျနော်တို့အနေနဲ့ ဒီပြည်ထောင်စုထဲမှာ အခြေခံ ၂ ခုပေါ်မှာ လူမျိုးနဲ့၊ပထဝီအနေအထား ၂ ခုကို အခြေခံပြီးတော့ ပြည်နယ်တွေဖွဲ့စည်းဖို့လိုအပ်ပါတယ်။ အရေအတွက် ကိုတော့ ကျနော်တို့ မဆွေးနွေးသေးဘူး။ အရေအတွက် ကိစ္စကို ကျနော်တို့ဆွေးနွေးဖို့လိုတယ်။”
တကယ်လို့ ပြည်နယ်/ တိုင်းတွေထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိနေမယ်ဆိုရင် အခြေအနေအရ အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအနေနဲ့ ပြည်နယ်သစ်ဖွဲ့စည်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ သီးခြားပြည်နယ်ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း ဒေါက်တာဆလိုင်းလျန်မုန်းက ပြောပါတယ်။ အခုပြီးဆုံးသွားတဲ့ ဒုတိယကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ မူဝါဒအဆိုပြုချက်တိုင်းပြည့်စုံအောင် သဘောမတူချက်မရခဲ့ပေမယ့် နောက်ထပ်ဆွေးနွေးမှုတွေကနေ ညှိုနှိုင်းသဘောတူနိုင်မယ်လို့ ဆွေးနွေးခဲ့ကြသူတချို့ကပြောပါတယ်။ ဒါပေမဲ့ လုံးဝသဘောမတူနိုင်ခဲ့တဲ့ လုံခြုံရေးလိုကိစ္စမျိုးကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ ဖြစ်နိုင်ပါရဲ့လား။ အချိန်ယူညှိနှိုင်းရင် အလားအလာကောင်းတွေရှိနိုင်ပါတယ်လို့ တပ်မတော်သားကိုယ်စားလှယ်တယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ်တင်အောင်က ပြောပါတယ်။
“အမြင်မတူမှုလေးတွေကတော့ ရှိကောင်းရှိနိုင်ပါတယ်။ ရှိနေတဲ့အမြင်မတူတာလေးတွေ ကိုလည်း တယောက်နဲ့တယောက် ညှိနှိုင်းပြီးတော့မှ အချိန်ယူပြီးတော့မှ ဆောင်ရွက်သွားရင်တော့ အနာဂတ်မှာတော့ အလားအလာကောင်းတွေ ရှိလာမယ်၊ အဲဒီရလဒ်ကောင်းတွေ ရှိလာမယ်လို့ ယုံကြည်ပါတယ်။”
အခုဆွေးနွေးပွဲမှာ သဘောတူညီမှုမရနိုင်ခဲ့တဲ့ ကိစ္စတွေကိုကြည့်ရင် အခေါ်အဝေါ် အသုံးအနှုန်းတွေ ညှိမရတာကြောင့်များပါတယ်။ Federal နဲ့ဆိုင်တဲ့ကိစ္စတချို့မှာ သဘောတူနိုင်ခဲ့တာကတော့ ရလာဒ်ကောင်းဖြစ်တယ်လို့ ဆွေးနွေးပွဲတွေအပြီးမှာ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက VOA ကိုပြောပါတယ်။
“ပြောရမယ်ဆိုရင် ရလဒ်ကောင်းတွေ ရလာတာရှိတယ်။ ဒါပေမယ့် သိပ်ပြီးပြည့်ပြည့်စုံစုံ တော့မဟုတ်သေးဘူးပေါ့နော်။ ဆက်လက်ဆွေးနွေးစရာ ရှိတယ် ညီလာခံလည်းဆက်လက်ကျင်းပစရာ ရှိသေးတာကို ဒါကြောင့် ဒီတခါ ချမှတ်တဲ့ ခေါင်းစဉ်ထဲက သဘောတူညီနိုင်တဲ့အချက်တချို့ အဲဒါက ဖက်ဒရယ်နဲ့ ဆိုင်တာဖြစ်တဲ့အတွက် အကျိုးရှိပါတယ်။”
အခုစည်းဝေးပွဲပြီးသွားခဲ့ပေမဲ့ နောက်ဆက်ဆွေးနွေးမှုတွေလုပ်သွားရဦးမှာဖြစ်ပြီး အဆင့်ဆင့်ရရှိတဲ့သဘောတူညီချက်အားလုံးကို စုစည်းပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ချုပ်နိုင်ကြမှာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ သဘောထားကွဲလွဲမှုတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးကွဲပြားခဲ့ပေမဲ့ ဘုံတူညီတဲ့သဘောထားအမြင်တွေ ဖြစ်လာအောင် ဆွေးနွေငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်စရာကောင်းတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ ပိတ်ပွဲမိန့်ခွန်းထဲမှာပြောသွားပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့တာနဲ့ပါတ်သက်လို့လည်း တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ကို ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ၂၁ ရာစုပင်လုံစည်းဝေးပွဲ ဒုတိယအကြိမ်ကျင်းပပြီးသွားပေမဲ့ Federal နဲ့ပါတ်သက်တဲ့အမြင်အပေါ် တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား ကွဲလွဲနေသေးတယ်လို့ စည်းဝေးပွဲတွေကို သတင်းယူခဲ့တဲ့ VOA မြန်မာပိုင်းသတင်းထောက် မမေခက ပြောပါတယ်။ Federal ဆိုတာနဲ့ ခွဲထွက်မှာပဲဆိုတဲ့ အမြင်မျိုးတွေလည်း ရှိနေကြသေးတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် အပြစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ် NCA ကိုလက်မခံဘူးလို့ ကြေညာထားတဲ့ တိုင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေသေးတာကြောင့် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုသဘောတူစာချုပ်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးဖို့ဆိုတာ မလွယ်နိုင်သေးပါဘူး။