မွန်ပြည်နယ် နေလှမ်းဆား အခါမဲ့မိုး ဖျက်ဆီး
{{Zawgyi/Unicode}}
မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်အတွင်းမှာ အခုနှစ်ဆန်းပိုင်းကစပြီး အချိန်အခါမဟုတ် မိုးတွေရွာသွန်းလို့ နေလှန်းဆား ချက်ဆားလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုများနေတယ်လို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ်။ ဆားလုပ်ငန်း လုပ်ကိုင်ဖို့ ချေးငွေတွေကိုလဲ ဖြစ်တဲ့နည်းနဲ့ပြန်ဆပ်နေရတယ်လို့ဆိုပါတယ်။ မွန်ပြည်နယ်ဘက်က ဆားလုပ်ငန်းတွေ အခက်ကြုံနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်မိုးကျော် ကတင်ပြပါမယ်။
အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့လို့ မွန်ပြည်နယ်အတွင်း ဆားလုပ်ငန်းပျက်စီးပြီး အရှုံးပေါ်နေတယ်လို့ သံဖြူဇရပ်မြို့ နယ် ပငကျေးရွာက ဆားလုပ်ငန်းရှင်ဦးကျော်သူကပြောပါတယ်။
“ စိတ်မကောင်းဘူးပေါ့။ မိုးကဒီလောက်ရွာတာ။ မိုးကလတိုင်းလိုလို ဖျက်တယ်။ ဆားတောင်သူတွေကလဲ ဆားမှမရ ကြတော့ ဘာမှမတတ်နိုင်ဘူး။ ပျက်တာပေါ့။ ဆားတွေကဆယ်ရာခိုင်နှုန်းလောက်က သုံးရာခိုင်နှုန်းလောက်တော့ ပြည့်ချင်တဲ့သူမှပြည့်တယ်။ အခုအရှုံးပေါ်တာပေါ့။ ပိုးစိုးပက်စက်တွေပေါ်တာပေါ့။ ကျွန်တော်တို့ဆို ပိုပေါ်တာပေါ့။”
မနှစ်ကဆားတန်ချိန်(၁၀၀)ထုတ်လုပ်နေတဲ့ သူတွေဟာဒီနှစ်မှာတော့တန်ချိန်(၃၀) လောက်သာထုတ်နိုင်မဲ့ အနေအ ထားဖြစ်နေပါတယ်။ ဆားလုပ်ငန်းရှင်တွေအနေနဲ့ ဆားထုတ်လုပ်နိုင်ဖို့ အစိုးရကနေ ချေးငွေချပေးထားတာရှိနေသလို ဒီနှစ်ဆားလုပ်ငန်း ပျက်စီးသွားလို့ ပြန်ပေးဆပ်ဖို့အခက်ခဲရှိနေတယ်လို့ ဦးကျော်သူကဆက်ပြောပါတယ်။
“ သူတို့ကထုတ်ထားပြီးသား အရင်က။ ချေးငွေတွေ ရသင့်သလောက် ရထားပြီးသား။ အဲတာကို အခုအနေအထားဆို တယောက်မှပြန်မဆပ်နိုင်ဘူး။ အဲဒီတော့ပြန်မဆပ်နိုင်တော့ တမျိုးတလေကျတော့ ကိုယ်ကကြံဖန်ပေးရမယ် ကိုယ့် အလုပ်ပေါ့။ ဒီဆားဖိုနဲ့လုပ် ဆားဖိုနဲ့ရ ပုံစံမျိုးတောပြန်မပေးနိုင်ဘူးလေ။ ဒီဆားကွင်းနဲ့လုပ်ပြီး ဆားကွင်းနဲ့ပြန်ဆပ်ဖို့ မဖြစ်နိုင်ဘူး။ တချို့လူတွေက ရာဘာခြံရောင်းပြီးပေးတယ်။ တချို့လူတွေက ကားရောင်းပြီးပေးတယ်ပေါ့။ အဲဒီလိုပုံစံမျိုးတော့ဖြစ်တယ်ပေါ့။ ဆားကလုံးဝမရဘူးလေ အခုက။ ”
မွန်ပြည်နယ်ဆားထုတ်လုပ်မှုမှာ နေလှန်းဆားနဲ့ချက်ဆားဆိုပြီး နှစ်မျိုးရှိနေပါတယ်။
နေလှန်းဆားကတော့ မိုးလေကင်းလွတ်တဲ့ အောက်တိုဘာလလောက်မှာ ညီညာအောင် ပြုပြင်ထားတဲ့ ဆားကွင်း တွေထဲ သင့်တော်တဲ့ ပင်လယ်ဆားငံရေ ထည့်သွင်းပြီး နေလှန်းဆားကို ထုတ်လုပ်ရပါတယ်။ ဒါကိုဆားကြမ်းထုတ်လုပ်တယ်လို့ခေါ်ပါတယ်။
ချက်ဆားကတော့ ဆားကွင်းတွေထဲ သင့်တော်တဲ့ ပင်လယ်ဆားငံရေ ထည့်သွင်း နေလှန်းပြီးတော့ ဆားချက်နိုင်တဲ့ အဆင့်ထိရောက်ရင် ဖိုနဲ့ချက်ကြပါတယ်။ ဒါကိုဆားအချောထုတ်လုပ်တာလို့ခေါ်ပါတယ်။
ဒီနှစ် လစဉ်မိုးရွာနေလို့ ချက်ဆားလုပ်ငန်းလဲ ပျက်စီးမှုများပြားနေတယ်လို့ သံဖြူဇရပ်မြို့နယ် ကရုတ်ပိကျေးရွာ တပိုင်တနိုင် ဆားချက်တောင်သူ နိုင်မောင်တီက အခုလိုပြောပါတယ်။
“ မိုးလေ ဒီလိုရာသီဥတုမမှန်တဲ့အခါကျတော့ ဆားကသူပျက်များတယ်ပေါ့။ အကွက်တွေပျက်တော့ပြန်လှန်းဖို့က နဲနဲထိုင်းသွားတာပေါ့ ကျသွားတာပေါ့။ ကျွန်တော်ချက်စားကြတော့ ဒီဂရီ ၂၀နဲ့ချက်လို့ရတယ်။ နေလှန်းဆားကျတော့ ဒီဂရီ အစိပ် ၂၃ အစိပ်လောက်မှ လှန်းလို့ရမယ်။ မိုးရွာတော့ပျက်တာပေါ့။ လှန်းဆားကျတော့ဒုက္ခဖြစ်တာပေါ့။ ”
မိုးလေကင်းလွတ်တဲ့ အောက်တိုဘာ နိုဝင်ဘာလလောက်မှာ ဆားကွင်းကိုပြင်ဆင်ရပြီး ဆားငံရေသွင်းရပါတယ်။ တပါတ်(၁၀)ရက်လောက် နေလှန်းရင် ဆားကြမ်းကိုရရှိပါတယ်။
နေလှန်းဆားထုတ်လုပ်တဲ့တဲ့ ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီလနဲ့ ဒီမတ်လတွေမှာ မိုးရွာသွန်းမှုတွေကြောင့် နေလှန်းထားတဲ့ ဆားခင်း အားလုံးနီးပါး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
တစ်ဖက်မှာလည်း စက်သုံးဆီဈေးအပါအဝင် အထွေထွေကုန်ကျစရိတ်မြင့်မားမှုကြောင့် ဆားတောင်သူတွေ အနေနဲ့ ဆားထုတ်လုပ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆားလုပ်ငန်းရှင်တွေအတွက် အဓိက အခက်အခဲကတော့ ဆားကြမ်းတွေကို ဆားချောအဖြစ် သန့်စင်ထုတ်လုပ်နိုင်မဲ့ အဆင့်မြှင့် ဆားစက်ကြီးတွေ နည်းပညာတွေမရှိဘူးလို့ ပငကျေးရွာက ဆားလုပ်ငန်းရှင်ဦးကျော်သူကပြောပါတယ်။
“ တကယ်လက်ကြီးသမားတွေက အခုလုပ်ပါတယ် ကျွန်တော်တို့ပငမှာ။ ဆားလှန်းသမားတွေတော့ မလုပ်နိုင်ဘူးလေ။ နည်းစံနစ်ပိုင်းလိုတာပေါ့။ ”
ဒီလို နည်းပညာပိုင်းနဲ့ငွေကြေးပိုင်းအားနဲနေလို့ နိုင်ငံတကာအဆင့်မီ ဆားထုတ်လုပ်နိုင်ခြင်းမရှိလို့ ပြည်တွင်း ဈေးကွက်မှာ ထိုက်သင့်တဲ့ဈေးနှုန်းတွေ မရကြပါဘူး။
မွန်ပြည်နယ်မှာ သံဖြူဇရပ်မြို့နယ် ပေါင်မြို့နယ် ရေးမြို့နယ်မှာ နေလှန်းဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပါတယ်။
မွန်ပြည်နယ်ကထွက်တဲ့ဆားတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့သို့ တင်ပို့နေပါ တယ်။
၂၀၂၁-၂၀၂၂ခုနှစ် ဆားရာသီမှာ မွန်ပြည်နယ်မှာ ဆားလုပ်ငန်းလုပ်ဖို့ လိုင်စင်ရထားတဲ့ ဆားဖိုဧကပေါင်း ၄ ထောင် ကျာ်ရှိပြီး၊ တန်ချိန်အားဖြင့် ၄၂၅၀ဝ ထုတ်လုပ်နိုင်မယ်လို့ မွန်ပြည်နယ်ဆားလုပ်ငန်ဦးစီးဌာနက ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာ အချိန်ခါမဟုတ်မိုးရွာသွန်းနေပြီးဆားလုပ်ငန်းပျက်စီးမှုနဲ့ကြုံနေရတာကြောင့် ဆားလုပ်ငန်းဦးစီးဌာနရဲ့ ရည်မှန်းချက်အတိုင်း မပြည့်နိုင်ဘူးလို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ်။
...................................................
{{Zawgyi/Unicode}}